Friday, August 30, 2019

ပျက်အစဉ်ပြင်ခဏ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်


လောကတွင် သဘာဝအတိုင်းတည်ရှိနေသောအရာများနှင့် လူသားတို့ပြုပြင်စီရင်ထားသော အရာများဟူ၍ နှစ်မျိုးရှိပါသည်။ ထိုနှစ်မျိုးစလုံးသည် မမြဲသောသင်္ခါရလောက၏ သဘာဝအတိုင်းတနေ့နေ့တစ်ချိန်ချိန်၊ တစ်နေရာရာတွင် ပျက်စီးရမည်သာဖြစ်သည်။ ပျက်စီးနေသောအရာများကို ပြုပြင်ဖန်တီးခြင်းဖြင့် ပြန်လည်ကောင်းမွန်လာနိုင်သည်။ ထို့ကြောင့် ပျက်စီင်္းနေသောအရာကိုမပြင်ဘဲထားပါက အမြဲပျက်စီးနေပြီး အချိန်မီပြုပြင်နိုင်လျှင် တစ်ခဏအတွင်းပြင်ဆင်ရန် ရည်ရွယ်၍ “ ပျက်အစဉ်ပြင်ခဏ” ဟူ၍ ဆိုရိုးပြုခဲ့ကြသည်။

လူတို့သည် ပျက်စီးယိုယွင်းမှုကို မြင်တွေ့နေကြသော်လည်း ပြန်လည်ပြုပြင်ရန်ခဲယဉ်းလေ့ရှိသည်။ သဘာဝတရားကပေးသော အရာဝတ္ထုများ၊ လူဖန်တီးသောအရာဝတ္ထုများပျက်စီးနေသကဲ့သို့ သက်ရှိလူသားများလည်းပျက်စီးနေသည်မှာလောကဓမ္မတာဖြစ်သည်။

ပျက်စီးခြင်း၏မူလအစသည် ပျင်းရိခြင်းနှင့် အပျော်လွန်ခြင်းကြောင့် ဖြစ်လေ့ရှိသည်။ ပျင်းရိခြင်းသည် အချိန်ဆွဲခြင်း၊ အချိန်ဖြုန်းခြင်း၊ အချိန်ကိုမလေးစားခြင်းစသည့်သဘောဝတရားကြောင့် ဖြစ်သည်။ အပျော်လွန်ခြင်းသည် စိတ်အလိုလိုက်ခြင်း၊ အပျော်အပါးမက်ခြင်းကြောင့်ဖြစ်သည်။ ပျင်းရိခြင်းကိုအချိန်မီပြု ပြင်နိုင်ပါကခဏနှင့်အောင်မြင်နိုင်ပါသည်။ ထို့အတူအပျော်လွန်ခြင်းကိုလည်းမိမိစိတ်ကိုအလိုမလိုက်ခြင်း၊ ပြုပြင်ပေးခြင်းဖြင့် အချိန်တိုအတွင်း ပြုပြင်နိုင်ပါသည်။

လူတစ်ဦးတစ်ယောက်ပျက်စီးနေပါကရုပ်ပိုင်းဆိုင်ရာပျက်စီးမှုနှင့် စိတ်ပိုင်းဆိုင်ရာပျက်စီးမှုဟူ၍ နှစ်မျိုးတွေ့ရသည်။ ထိုသို့ပျက်စီးနေသူတစ်ဦးသည် အချိန်မီမပြုပြင်နိုင်ပါက ဘ၀တစ်လျှောက်လုံး ဆိုးကျိုးဒုက္ခများရောက်လေ့ရှိပါသည်။

လူတစ်ယောက်ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုသည်ကိုယ်အမူအရာအိနြေ္ဒပျက်ခြင်းပင်ဖြစ်သည်။ ကိုယ်အမူအရာကြမ်းတမ်းရိုင်းစိုင်းခြင်းသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးခြင်း ဖြစ်သကဲ့သို့ ထိုထက်ဆိုးသောအရာမှာ စိတ်ပိုင်းဆိုင်ရာပျက်စီးမှုဖြစ်သည်။ ရုပ်ပျက်စီးလျှင်အခြားသူများမြင်တွေ့နိုင်ပြီး အမှန်ကိုအချိန်မှီပြုပြင် ပေးနိုင်သည်။ စိတ်ပိုင်းပျက်စီးနေလျှင် မိမိဘာသာမပြုပြင်ဘဲနှင့် စိတ်ကောင်းစိတ်မွန်မမွေးနိုင်ကြောင်း သတိပြုသင့်သည်။ စိတ်သဘောထားယုတ်ညံ့ခြင်း၊ သူတစ်ပါးအပေါ်မနာလိုခြင်း၊ သူတပါးဒုက္ခရောက်အောင် ချောက်တွန်းတတ်ခြင်းစသည်တို့သည် စိတ်ဓါတ်ရေးရာပျက်စီးခြင်းပင်ဖြစ်သည်။

မိမိကို ဆင်းရဲသားဘ၀မှ ကျွတ်လွတ်စေပြီး အိမ်ရှေ့မင်းစည်းစိမ်ကို နေ့ချင်း၊ညချင်းပေးသည့် ဥဒယမင်းကြီးအပေါ်မကောင်းသောလောဘစိတ်ဖြင့် မင်းကြီးကိုသတ်၍ ဘုရင်လုပ်ရန်သုံးကြိမ်တိုင်တိုင် ကြံစည် ခဲ့ပေသည်။ ရေသည်ယောက်ျား(အိမ်ရှေ့မင်း)သည် မိမိ၏မကောင်းစိတ်ကို မိမိဘာသာအချိန်မီ ပြုပြင်နိုင်ခဲ့ မင်းကြီးကိုသတ်ရန် သုံးကြိမ်ကြံစည်ခဲ့ပြီးသုံးကြိမ်စလုံးပင် မင်းကြီး၏ကျေးဇူးတရားကြီးမားပုံကို ဆင်ခြင်နိုင်ခဲ့သည်။ စိတ်ဓါတ်ရေးရာပျက်စီးနေသောအိမ်ရှေ့မင်း(ရေသည်ယောက်ျား) ကိုအခြားသူများ ပြုပြင်ပေး၍မရ။ သူ၏စိတ်ကောင်းကသာအစားထိုးပြုပြင်နိုင်ကြောင်းသိလာရပါသည်။

လူသည်မှားတတ်သောသတ္တ၀ါ၊ အမှားနှင့်မကင်းနိုင်သောသတ္တ၀ါဖြစ်သည်။ မှားတတ်သော သတ္တ၀ါသည် အမှားနည်းအောင်ကြိုးစားရပါသည်။ မလွှဲမရှောင်သောမသိနားမလည်၍ မှားခဲ့သော်လည်း ထိုအမှားကိုတစ်သက်လုံးမပြုပြင်ဘဲနေထိုင်သွား၍မရပေ။ မှားမှန်သိသည့်အချိန်သည် ပြင်ဆင်ရမည့်အချိန်ဖြစ်သည်။ ပျက်စီးနေသောအမှားကိုအချိန်မီပြင်ဆင်ခြင်းဖြင့် ကောင်းမွန်သောလောကအမှန်တရားကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။

ခွန်ကျော်သန်း(မျင်းမိုရ်ခမ်း)
Powered by Blogger.