Wednesday, August 28, 2019

ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးနည်းစနစ်များဆိုင်ရာ တောင်သူပညာပေး ဆွေးနွေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်




ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာနနှင့် Wangeningen University and Research တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော FSS - Myanmar Project မှ သြဂုတ်လ (၂၈) ရက် နံနက် (၉း၀၀)နာရီက ဟိုပုံးမြို့၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်၌ ရေရှည်တည်တံ့ ခိုင်မြဲသော စိုက်ပျိုးနည်းစနစ်များဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

တောင်သူပညာပေးဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဟိုပုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်သိန်းက မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီးနောက် FSS - Myanmar Project မှ Project Advisor ဦးစောဂျက်ဆင်က ရေရှည်တည်တံ့ ခိုင်မြဲသော စိုက်ပျိုးနည်းစနစ်များဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းအကြောင်းကို ရှင်းလင်းတင်ပြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိများဖြစ်သည့် ဒေါက်တာဝဏ္ဏထွန်း၊ ဒေါက်တာချိုမာထွေး၊ ဒေါ်မေဇာမြင့်နှင့် ဒေါ်ခင်အေးပွင့်ခိုင် တို့က စိုက်ပျိုးရေးထုတ်ကုန်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေး(GAP)ဖြင့် စိုက်ပျိုးခြင်းအကြောင်း၊ ဒေသနှင့်ကိုက်ညီ၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်ပိုင်းဆိုင်ရာအကြောင်း၊ သီးနှံကာကွယ် ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအကြောင်းနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ် ဖော်ဆောင်ရာတွင် သိရှိထားသင့်သော မြေဆီလွှာဂုဏ်သတ္တိများ၊ မြေသြဇာ အသုံးပြုခြင်းနှင့် ရာသီဥတုပြောင်းလဲမှု ဆက်စပ်မှုများအကြောင်းတို့ကို FSS - Myanmar Project ဝင် ပေါင်လင်း၊ နမ့်ခုတ်၊ ကုန်းကျိုင်း၊ တိလုံနှင့် လုံခုတ် ကျေးရွာအုပ်စုများရှိ ကျေးရွာ (၈)ရွာမှ တောင်သူ (၇၀)ဦးခန့် အား ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသော တောင်သူများတို့က မိမိဒေသနှင့် ကိုက်ညီမည့်သီးနှံများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.