တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်
မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်း (၁၃၅) မျိုး စုပေါင်းနေထိုင်သော နိုင်ငံတော်ကြီးဖြစ်ပါသည်။ မည့်သည့်တိုင်းရင်းသားမဆို မိမိတိုင်းရင်းသားအပေါ် မိမိပိုမိုချစ်မြတ်နိုးကြသည်မှာ ထူးဆန်းလှသည်မဟုတ်ပါ။ မိမိတိုင်းရင်းသားအပေါ် မိမိချစ်ခင်မြတ်နိုးတန်ဖိုးထားခြင်း မရှိလျှင် အဘယ်သူက မိမိတိုင်းရင်းသားကို ချစ်မြတ်နိုးတန်ဖိုးထားပေးမည်နည်း။ ထို့အတူ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိပြန်လည်စွမ်းဆောင်ပေးမှု မပြုလျှင် အဘယ်မည်မျှ ဖွံ့ဖြိုးတိုးတက်မှုရှိအံ့မည်နည်း။ ထို့ကြောင့် မိမိလူမျိုး၊ မိမိတိုင်းရင်းသားကို မိမိတို့ပိုမို ချစ်ခင်မြတ်နိုးတန်ဖိုးထားခြင်းသည် တရားပါသည်။
ဒေသတစ်ခုချင်း၊ လူမျိုးတစ်မျိုးချင်း ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ကြီးလည်း ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိလူမျိုး၊ မိမိဒေသ၏ အခက်အခဲများကို မိမိပိုမိုသိရှိသောကြောင့်၊ ဒေသနှင့် လူမျိုး အကျိုးကို မိမိတို့ ပြန်လည်သယ်ပိုးရာမှာလည်း ထိရောက်မှုနှင့် စိတ်အားထက်သန်မှု ပိုမိုရှိကြမည်ဟု စာရေးသူအနေဖြင့် ယုံကြည်ပါသည်။
နိုင်ငံတော်မှ မိမိလူမျိုး၊ မိမိဒေသအကျိုးကို လုပ်ဆောင်နိုင်ရန်အတွက် ပြည်သူကိုယ်စား ပြည်သူကိုယ်တိုင် ရွေးကောက်တင်မြှောက်ပေးသည့် ပြည်သူကောင်းကျိုးအတွက် ဆောင်ရွက်ပေးမည့် ပြည်သူ့ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထားရှိကြပါသည်။ ပြည်သူကိုယ်စားပြု ပြည်သူ့အစိုးရ၊ ကိုယ်စားလှယ်များ ရှိကြသော်လည်း တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများ အားလုံးကို လွှမ်းခြုံမှု မပြုပေးနိုင်သေးပါ။ မိမိအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာကို လွမ်းခြုံစေလိုသော ဆန္ဒဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်လာစေရေးအတွက် အလွန်ပင် အရေးကြီးလှပါသည်။ အထူးသဖြင့် နယ်စွန်နယ်ဖျားရှိ တိုင်းရင်းသားအများစုသည် ယနေ့ချိန်ထိ ဒုက္ခဘေးဒဏ်အမျိုးမျိုးကို ခါးစည်းရင်ဆိုင် ခံစားနေရဆဲဖြစ်ပါသည်။
လုပ်ပိုင်ခွင့်အာဏာရရှိသည့်နေရာတွင် တိုင်းရင်းသားအားလုံးပါဝင်လာစေရန်နှင့် ၎င်းနယ်မြေ ဒေသခံတိုင်းရင်းသားများအား ပြန်လည်ဦးစားပေးမှသာလျှင် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီးဟု ခေါ်ဆိုနိုင်ပါသည်။
ပြည်သူ့ခေါင်းဆောင်များသည် ပြည်သူ့အကျိုးကို သယ်ပိုးရာမှာ မိမိတာဝန်ကျေပွန်ရုံတမယ် ထမ်းရွက်ပေးမှုမပြုဘဲ ပြည်သူအပေါ် မြတ်မြတ်နိုးနိုးနှင့် မေတ္တာတရား ရှေ့တန်းထားကာ ပြည်သူအကျိုးကိုသာ အမှန်တကယ်ဖြစ်ထွန်းစေသည့် ရည်ရွယ်ချက်ဖြင့် သယ်ပိုးဆောင်ရွက်မှသာ ပြည်သူများဘက်မှ တန်ဖိုးထားလေးစားခြင်း၊ ပြည်သူမှ တုန့်ပြန်သည့်မေတ္တာကို ပြန်လည်ခံစားရမည်ဖြစ်ပါသည်။ ထိုနည်းတူ မြန်မာနိုင်ငံအုပ်ချုပ်သူအစိုးရတစ်ရပ်လုံးသည် ပြည်သူများအပေါ် မေတ္တာတရား ရှေ့ထားကာ ပြည်သူများ ကောင်းကျိုးဖြစ်ထွန်းရေးကို ရှေ့ရှု့ပြီး အမှန်တကယ် ဖော်ဆောင်ပေးသည့် စနစ်မျိုးဖြစ်လျှင် မိမိနိုင်ငံရှိ ပြည်သူများအပေါင်း ဆင်းရဲခြင်းဒဏ်မှ လွတ်မြောက်နိုင်ကြရမည် ဖြစ်ပါသည်။
ပြည်သူများအတွက် ပြည်သူခေါင်းဆောင်များမှ ချမှတ်ထားသည့် ဆောင်ပုဒ်များလည်းရှိပါသည်။ ထိုဆောင်ပုဒ်မှာ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူ့တို့၏ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်”ဟူသည်မှာ ပြည်သူအတွက် အလွန်ပင် အင်အားဖြစ်စေပါသည်။ ပြည်သူ့ အပေါ်သာ အခြေခံပါသည်။ ပြည်သူများ ကြုံတွေ့လာမည့် ပြဿနာများကိုလည်း ဖြေရှင်းပေးရမည် ဖြစ်သည်ဟု ပြည်သူတစ်ယောက်အနေဖြင့် နားလည်ယုံကြည်ပါသည်။ အထက်ပါ ဆောင်ပုဒ်ကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ကိုအခြေခံပြီး ပြည်သူများ ခံစားနေရသည့် အခက်အခဲများ၊ ပြဿနာများအပေါ် အလွန်ပင် အလေးထား ဆောင်ရွက်ပေးကြလိမ့်မည်ဟု ပြည်သူတစ်ဦးအနေဖြင့် မှတ်ချက်ချမိပါသည်။
မကြာသေးမီက လူမှုကွန်ယက်စာမျက်နှာ Facebookပေါ်တွင် ပျံ့နှံ့နေသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်မိပါသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများစီးမည့် Fordကား(၁၀)စီး ၀ယ်ယူရန် ကိစ္စဖြစ်သည်။ ၎င်းကားတစ်စီး၏ တန်ဖိုးသည် ကျပ်သိန်း(၁၀၀၀) ၀န်းကျင်ခန့်ရှိသည်ဟု ကြားသိရပါသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ပြည်သူ့အကျိုးကို ဆောင်ရွက်ခြင်းလား မိမိကိုယ်ကျိုးအတွက်ကိုသာ အသုံးပြုခြင်းလားဟူ၍ူ စာရေးသူအနေဖြင့် ဝေခွဲမရဖြစ်နေမိပါသည်။
လူမှုကွန်ယက် facebook စာမျက်နှာပေါ်တွင် နောက်ထပ် ဖတ်လိုက်ရသည်မှာ နယ်သာလန် နိုင်ငံဝန်ကြီးချုပ် အကြောင်းပင်ဖြစ်ပါသည်။ ၎င်းနိုင်ငံသည် မြန်မာနိုင်ငံထက် အဆပေါင်းများစွာ ချမ်းသာသည့် အချမ်းသာဆုံးနိုင်ငံစာရင်းတွင် ပါဝင်ပါသည်။ ၎င်းဝန်ကြီးချုပ်သည် ၎င်းလမ်းကြောင်း အများစုကို စက်ဘီးနှင့်သာ စီးသွားလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် စက်ဘီးစီးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းစေသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးဖြစ်သည်။ နိုင်ငံ့ဝင်ငွေကိုလည်း ချွေတာ ပြီးဖြစ်ပါသည်။
၎င်း၏ခံယူချက်မှာ လေးစားအတုယူဖွယ်ကောင်းလှပါသည်။ နိုင်ငံသမ္မတမှ ဆင်းရဲမှု လျော့ချရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံသည် ၎င်းဝန်ကြီး၏ ခံယူချက်ကို အတုယူနိုင်လျှင် ပြည်သူ့ဘဏ္ဍာငွေကို ချွေတာနိုင်မည်ဖြစ်ပြီး ပြည်သူများ လိုအပ်ချက်ကိုလည်း ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ လွှတ်တော်ဆောင်ပုဒ်ကိုသာ ကြည့်မည်ဆိုလျှင် ပြည်သူကိုသာ အဓိကထား ဦးတည်ပြီး ပြည်သူကို ဗဟိုပြုသည့်စနစ်ဟု မိမိအနေဖြင့် နားလည်သဘောက်ပေါက်ပါသည်။
အကယ်၍ ပြည်သူ့အကျိုးကို ဆောင်ရွက်ရန် အမှန်တကယ် လိုအပ်မှုရှိလျှင် ပြည်သူအပေါ် ထိရောက်သော ကောင်းကျိုးများပေးနိုင်မည်ဆိုလျှင် ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြုပြီး ၀ယ်ယူနိုင်ပါသည်။ ပြည်သူရွေးကောက်တင်မြှောက်သော အစိုးရများဖြစ်သောကြောင့် ပြည်သူများလည်း ဦးစားပေးသလို ပြည်သူများ ကြုံတွေ့သည့် အခက်အခဲများကို ဦးစားပေးဖြေရှင်းစေလိုသည်။ အဘယ်ကြောင့်ဆိုသော် မိမိနိုင်ငံတွင်ရှိသည့် ပြည်သူအများစုသည် “လိုင်းကားမပြောနဲ့ ဆိုက်ကားတောင် ကောင်းကောင်းမစီးနိုင်သည့်သူများ ခြေလျင်လျှောက်နေရသူများ အများအပြား ရှိနေသေးသည်ကို” ကိုယ်ချင်းစာစေလိုပါသည်။ မြန်မာနိုင်ငံ၏ ၇၅%နှုန်းသော လူဦးရေသည် ကျေးလက်တွင် နေထိုင်ကြပါသည်။ မြို့ပြသာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်သည်ဟု ခေါ်ဆို၍ ရနိုင်မည်မဟုတ်ပါ။ ကျေးလက်ဒေသပါ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သည်ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။
အထက်ပါအတိုင်း ပြည်သူတစ်ဦးအနေဖြင့်ဖြစ်စေလိုသည့်ဆန္ဒကို လိုက်နာဆောင်ရွက်ရန် လွယ်ကူမှု မရှိလှသည်မှာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးနှင့် တစ်ဦးသည် ဦးတည်ချက်၊ ခံယူချက်မတူ ကွဲပြားမှုရှိသည်သာမက အကြင်နာမေတ္တာတရားများလည်း ကွဲပြားမှုရှိလှသည်မှာ သေချာပါသည်။ လူတိုင်းကိုယ်စီ ဦးတည်ချက်၊ သဘောထားကွဲလွှဲချက်များရှိသည်မှန်သော်လည်း ထိုကွဲလွှဲ ချက်အပေါ် မိမိသဘောထားဆန္ဒကို ဦးစားပေးမှုမပြုဘဲ အများပြည်သူ၏ဆန္ဒ၊ အများပြည်သူ၏ ကောင်းကျိုးဖြစ်ထွန်းရေးကိုသာ နိုင်ငံတစ်နိုင်ငံအနေဖြင့် ရှေ့ရှု့သင့်ပါသည်။ မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများသည် ဒုက္ခအခက်အခဲမျိုးစုံကို ရင်ဆိုင်ခံစားနေကြရပါသည်။ ပြည်သူအကျိုးသယ်ပိုးရာတွင် ဆင်းရဲချမ်းသာ၊ ကျေးလက်မြို့ပြမခွဲခြားဘဲ တန်းတူဖြည့်ဆည်းပေးစေလိုသည်။ မတူကွဲပြားမှုအပေါ် အပြန်အလှန်တွန်းလှန်နေကြမည်ဆှိုလျှင်၊ ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟူ၍ သတ်မှတ်နေမည်ဆိုလျှင်၊ တိုင်းရင်းသားဟူ၍ ခွဲခြားနေမည်ဆိုလျှင်၊ ကျေးလက်မြို့ပြဟူ၍ခွဲခြားနေမည်ဆိုလျှင် အဘယ်မှာများ စည်းလုံးညီညွတ်မှု ရှိအံ့မည်နည်း၊ အဘယ်မှာ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်မှု ရှိအံ့မည်နည်း။
ထို့ကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအားလုံးအပေါ် ခွဲခြားမှုမပြုစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍတွင်လည်း ကျေးလက်၊ မြို့ပြမခွဲခြားဘဲ တန်းတူညီမျှမှုရှိလာစေရန် မေတ္တာတရားဖြင့် အခြေခံ၍ ပြည်သူအပေါ် အမှန်တကယ်ချစ်သော၊ ပြည်သူအပေါ် အမှန်တကယ် မြတ်နိုးတန်ဖိုးထားသော၊ ပြည်သူကို ဦးစားပေးသော ရည်ရွယ်ချက်ဖြင့် ပြည်သူကောင်းကျိုးကိုသာ သယ်ပိုးမည်ဟူ၍ ပြင်းထန်သော ခံယူချက်ဖြင့် ထားရှိပေးမည်ဆိုပါက မကြာမီတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်သွားနိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအပေါင်းလည်း စိတ်ချမ်းသာစွာနှင့် သွေးရင်းညီအစ်ကိုများသဖွယ် စည်းလုံးညီညွတ်မှုပိုမို ရရှိလာမည်ဖြစ်သည်ဟု စာရေးသူအနေနှင့်ယုံကြည်ရင်း နိဂုံးချုပ် ရေးသားတင်ပြလိုက်ရပါသည်။
နင်;အွဉ်ရက်ခွို,
ခမ်းစန္တာ;
Like On Facebook
Follow On Twitter
Subscribe On RSS