Thursday, September 26, 2013

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံ မိဘပြည်သူများတွေ့ဆုံပွဲ နှင့် (PNO) ၏ ပအိုဝ်းလူငယ်ကွန်ရက် (PYN) မြို့နယ်အဆင့် ရွေးချယ်ပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်



ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံ မိဘပြည်သူများ တွေ့ဆုံပွဲ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပအိုဝ်းလူငယ်ကွန်ယက် (PYN) “ပအိုဝ်;လို,ယွဲအာ;ရဲင်,စွို,” မြို့နယ်အဆင့် ရွေးချယ်ပွဲကို (၂၅.၉.၂၀၁၃) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ဟိုပုံးမြို့၊ ဇောတိကာရာမ ရန်ကင်းစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသား လွှတ်တော်အမတ် ဦးနေ၀င်းထွန်း၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခွန်သိန်းဖေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဒုဥက္ကဋ္ဌ ဦးခွန်မြတ်၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးခွန်လာ၊ တောင်ကြီးမြို့မှ မြို့မိမြို့ဖများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဝင်များ၊ ဟိုပုံးမြို့ ပအိုဝ်;မူ;အာ;ရဲင်, အဖွဲ့၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN) ကျေးရွာအုပ်စု အဆင့် အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖ စုစုပေါင်းအင်အား (၃၀၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

တွေ့ဆုံပွဲ အစီအစဉ်အရ ဟိုပုံးမြို့နယ်အတွင်းရှိ ပင့်ကျောင်း (၉၅) ကျောင်း သံဃာတော်များထံမှ ငါးပါးသီလခံယူပြီး ရန်ကင်းကျောင်း ဆရာတော်ဘုရားထံမှ သြ၀ါဒခံယူပါသည်။ ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဦးစီးအဖွဲ့ ဥက္ကဋ္ဌမှ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ၊ လွှတ်တော်၏ ဆောင်ရွက်ချက်များ၊ ဦးစီးအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို မိဘပြည်သူလူထုထံ အသိပေး ရှင်းလင်း တင်ပြသွားခဲ့ပါသည်။ 

အစီအစဉ် ဒုတိယပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပအိုဝ်းလူငယ် ကွန်ယက် (PYN) “ပအိုဝ်;လို,ယွဲအာ;ရဲင်,စွို,” မြို့နယ်အဆင့် ကော်မတီ ရွေးချယ်ပွဲကို ဆက်လက် ကျင်းပပြုလုပ် သွားခဲ့ကြောင်း သိရှိရပါသည်။










Powered by Blogger.