Monday, February 22, 2016

ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ထွန်းကားလာစေရန်အတွက် လိုအပ်သော ကျောင်းသားဗဟိုပြုစနစ်


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်


လူသားအရင်းအမြစ်(Human Resource)ကို မြင့်တင်ဖို့ဆိုရင် ပညာရေးကို အဓိက ထည့်စဉ်းစားရမှာဆိုတာ လူတိုင်းအသိဘဲ ဖြစ်ပါတယ်။ ကျောင်းသားဗဟိုပြုသော ပညာရေးစနစ်ကို ပီပီပြင်ပြင် ပြောင်းလဲကျင့်သုံးရန် လိုအပ်နေပါပြီ။ လက်ရှိ မိမိတို့ မြန်မာနိုင်ငံပညာရေးစနစ်ဟာ ခွံ့ကျွေးပညာရေးစနစ် (Spoon Feeding System)လို ဖြစ်နေပါသေးတယ်။ ကျောင်းသားတစ်ဦးအနေဖြင့် စာကြည့်တိုက်ကို အခြေခံပြီး မိမိကိုယ်တိုင် ရှာဖွေလေ့လာ စူးစမ်းသင်ယူတဲ့ ပညာရေးစနစ်မျိုး မဟုတ်ဘဲ  ဒါသင်၊ ဒါကျက်၊ ဒါဖြေ  စသည့် တလမ်းသွား(One Way) ပညာရေးစနစ်များကြောင့် ကျောင်းသားများရဲ့ Critical Thinking  များကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်နေပြီး ပညာတတ်များ ရှားပါးခဲ့ရတာ လက်တွေ့ပါပဲလေ။ ဟာသတစ်ခုလို ဆိုရမယ်ဆိုရင် မြန်မာနိုင်ငံမှ ပေးအပ်တဲ့ Certificate(သို့) အောင်လက်မှတ်များဟာ ကျောင်း(သို့မဟုတ်) သင်တန်းတစ်ခုခုကို ဆုံးခန်းတိုင် တက်ရောက်ကြောင်း သက်သေခံသော လက်မှတ်သာ ဖြစ်ပြီးတော့ တတ်မြောက်ကြောင်း အာမခံနိုင်တဲ့လက်မှတ် မဖြစ်လာခဲ့ဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ဘွဲ့ရပညာမတတ် များကိုသာ မွေးထုတ်ပေးနိုင်ခဲ့တယ်ဆိုတဲ့ အချို့သော ပုဂ္ဂိုလ်များရဲ့ ဝေဖန်ရေးသား ပြောဆိုမှုများလည်း ရှိခဲ့ကြတယ်။
ဒါ့ကြောင့် ပညာရေးစနစ်ကို အခြေခံပညာအဆင့်မှစပြီး ကျောင်းသားဗဟိုပြုသော ပညာရေးစနစ် ထွန်းကာလာရန် အထူးလိုအပ်နေပါပြီ။ ဒီမိုကရေစီထွန်းတောက်တဲ့ ကျောင်းတွေမှာဆိုရင် မိမိအလုပ်ကို ဘယ်လိုကြံဆရမယ် ဆိုတဲ့ ကလေးတွေရဲ့ ဗီဇကောင်းအညွှန့်အညှောက်တွေကို ပွင့်လန်းလာအောင် ဆွဲထုတ်ရမှာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ မွေးရာပါ ဗီဇကောင်းအညွှန့်အညှောက်တွေကို ပျောက်သွားအောင် အချိန်တိုင်း စာသင်ခြင်း၊ စာကျက်ခြင်းများနဲ့ ဖိသတ်နေသလို မဖြစ်စေချင်ဘူး။ အတန်းရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုကို ဆောင်ရွက်စရာရှိတိုင်း ဆရာ/မများ အနေဖြင့် ဘယ်သူဘယ်ဝါလုပ်လိုက်ပါ စတဲ့ ဆရာ့ဦးဆောင်မှု၊ ဆရာ့စေခိုင်းမှုများ အစား အလုပ်ရဲ့အကြောင်းအရာနှင့် ယင်းသဘောသဘာဝကို ရှင်းပြပြီးတော့ မင်းတို့ ဒီအလုပ်ကို လုပ်နိုင်တယ်ဆိုတာ ဆရာသိတယ်၊ ကဲ ဘယ်သူလုပ်မှာလဲ?  စသဖြင့် မေးမြန်းပြီး ကလေးတွေရဲ့ တာဝန်ယူလိုတဲ့ ဗီဇကောင်းတွေကို နှိုးဆွပေးရမှာ ဖြစ်ပါတယ်။ ဆရာ/မများကသာ ဦးဆောင်နေပါက ကလေးများရဲ့ တာဝန်ယူလိုတဲ့ ဗီဇကောင်းများကို ပျောက်သွားစေပါတယ်။
ထို့အတူပဲ ကိုယ့်စာသင်ခန်း သန့်ရှင်းအောင် ဘာတွေလုပ်ကြရင် ကောင်းမှာလဲ? ဆိုတဲ့ ကလေးတွေဆီက အကြံဉာဏ်များ ဆွဲထုတ်တဲ့ မေးခွန်းများကို ဆရာ/မများအနေဖြင့် မေးမြန်းဖို့ အထူးလိုအပ်ပါတယ်။ ဆရာ/မများအနေ ဖြင့် ဒီလိုလုပ်လိုက်ကြ၊ ဟိုလိုလုပ်လိုက်ကြ ဆိုတာတွေဟာ ခိုင်းတဲ့သဘောဖြစ်ပြီး သန့်ရှင်းရေးကိစ္စတော့ ပြီးမြောက်သွားမည်ဖြစ်တယ်။ သို့သော် ကလေးတွေရဲ့ စုပေါင်းတာဝန်ယူမှု၊ မိမိကိုယ်ကို တာဝန်ယူမှု ဆိုတဲ့ ပညာရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တာ ပါမလာဘူး ဖြစ်တော့မယ်။ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ် (Responsibilities) ရှိဖို့သာ အဓိကကျတာဖြစ်တယ်။ ဒါ့အပြင် ဘယ်လိုလုပ်ကြမယ် ဆိုတဲ့ ကလေးတွေဆီက အကြံဉာဏ်ယူတယ်၊ သူတို့ပေးတဲ့ အကြံဉာဏ်ကို အကောင်အထည်ဖော်တယ် ဆိုတာတွေကို ကလေးတွေသိဖို့ရန်နှင့် ဂုဏ်ယူဖို့ရန် ဖြစ်တယ်။ ဆရာ/မ များခိုင်းလို့၊ သူများခိုင်းလို့၊ အထက်က ခိုင်းလို့ လုပ်ရတဲ့ အလုပ်မဟုတ်တော့ပဲ ကိုယ်လုပ်ဆောင်ရမယ့် တာဝန်တွေကို ကိုယ်ကိုတိုင် ရှာဖွေပြီး တာဝန်ခံမှုများ(Accountabilities) စတဲ့ အလေ့အကျင့် ကောင်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။
ကျောင်းတွင်း ကပွဲတစ်ခု လုပ်မယ်ဆိုပါစို့။ အဲဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ကပွဲလေးများ လုပ်ရင်ကောင်းမှာလား ?  စတဲ့ ကလေးတွေရဲ့ ဆန္ဒကို မေးမြန်းဖို့ လိုပါတယ်။ ဒါမှသာလျှင် ကလေးတွေရဲ့ Creative Thinking ကို မြှင့်တင် ပေးရာ ရောက်ရုံသာမက ကလေးတွေရဲ့ စိတ်ထဲမှာ ဆရာ/မ ကတောင် ငါတို့ဆီက ဆန္ဒသဘောထားကို ယူပြီးမှ အလုပ်လုပ်တယ် ဆိုတာကို နားလည်သဘောပေါက်ပြီး ကလေးတွေရဲ့ စိတ်ထဲမှာ အလုပ်လုပ်တိုင်း တခြားလူရဲ့ဆန္ဒနှင့် အမြင်ကို အလေးထား စဉ်းစားသင့်တယ် (Respect for another one)ဆိုတဲ့ အလေ့အကျင့် ကောင်းတစ်ခု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ကလေးတွေအားလုံးက အလုပ်လုပ်ဖို့ သဘောတူပြီဆိုရင် ဘယ်လိုလုပ်ရင်ကောင်းမယ် ဆိုတဲ့ ထပ်ဆင့်မေးမြန်းပြီး ဆန္ဒရယူကာ ဆရာ/မများနဲ့ ကလေးတွေ အပြန်အလှန် ဆွေးနွေးဖို့ရန် လိုအပ်တယ်။ ဘယ်ဟာက ဘာကြောင့်ပိုကောင်းတယ်၊ ဘယ်ဟာက အခုအခက်အခဲဖြစ်နိုင်တယ်၊ ဒါ့ကြောင့် ဒါလုပ်ရင် ပိုကောင်းမယ် ဆိုတဲ့ အလုပ်လုပ်ရင် ကြုံတွေ့လာမယ့် အခက်အခဲ၊ ပြဿနာတွေကို ကြိုတင်စဉ်းစားတတ်တဲ့အကျင့် ရလာမှာ ဖြစ်ပါ တယ်။
ကျောင်းသားကို ဗဟိုပြုတဲ့အတွက်ကြောင့် ဆရာ/မများကသာ စီမံတဲ့၊ အပေါ်ကသာ ခိုင်းတဲ့ အလေ့အကျင့် တွေကို ရှောင်ရှားပါမယ်။ ကလေးတွေကို ကိုယ့်တာဝန် ကိုယ်ယူနိုင်တဲ့ အစွမ်းအစနဲ့ သဘောထား ကွဲလွဲစွာ ဆွေးနွေးမှုတို့ကို လက်ခံတတ်တဲ့ အလေ့အကျင့်ကောင်း ရရှိစေရန် ဖြစ်တယ်။ သို့သော် ဆရာ/မများက အတိမ်းအစောင်း၊ အမှားအယွင်းများ၊ လမ်းလျှော်မှုများ မရှိရလေအောင် ထိန်းညှိပေးရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်အောင်လည်း တိုက်တွန်းပေးရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျောင်းနေအရွယ်ကတည်းကပင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို ဖြစ်ထွန်းလာစေရန် အတွက် ကျောင်းသားဗဟိုပြုစနစ်ဖြင့် ပီပီပြင်ပြင်ကျင့်သုံးသွားနိုင်ရေးကို   ဤကဲ့သို့သော အမြင်များဖြင့် ရေးသားတင်ပြ ရပါသည်။

Kka Sp
{Opinion}
 




Powered by Blogger.