Sunday, February 21, 2016

ခေါင်းဆောင်ကောင်း


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်


ခေါင်းဆောင်ဆိုသည်မှာ သတ်မှတ်ထားသော ရည်မှန်းချက်များကို အခြေအနေ တစ်ရပ်အတွင်း ပြီးမြှောက်အောင် စီစဉ်ဆောင်ရွက်ရသောသူဖြစ်သည်။ အားလုံးအပေါ်ကိုလည်း လွှမ်းမိုးဆွဲဆောင်နိုင်သူလည်းဖြစ်ရမည်။ မည်သည့်နေရာတွင်မဆို ခေါင်းဆောင်ရှိရန် လိုအပ်သည်။ မိသားစုခေါင်းဆောင် ၊ လုပ်ငန်းခေါင်းဆောင်၊ အသင်းအဖွဲ့ခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ ဒေသခေါင်းဆောင်၊ အမျိုးသားရေးခေါင်းဆောင်၊  တိုင်းပြည်ခေါင်းဆောင် စသည့် ခေါင်းဆောင်အမျိုးမျိုးရှိသလို ခေါင်းဆောင်မှု အမျိုးမျိုးလည်းရှိသည်။ ရှေ့ဆုံးမှ ဦးဆောင်ပေးခြင်း၊ အလယ်မှဦးဆောင်ပေးခြင်းနှင့် အနောက်မှနေ၍ ဦးဆောင်မှုပေးခြင်းဟူ၍ သုံးမျိုးရှိသည်။
အမည်ခံမဟုတ်ဘဲ စွမ်းဆောင်ရည်ပြည့်ဝသော အစစ်အမှန် ခေါင်းဆောင်မှသာလျှင် အများအကျိုး၊ လက်အောက်ငယ်သားများ၏ အကျိုး၊ တိုင်းပြည်အကျိုးများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။  ထို့အပြင် အဖွဲ့အစည်းတစ်ခု၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းစသော အရာအားလုံးသည် ခေါင်းဆောင်မှုအပေါ်မူတည်သည်။ ခေါင်းဆောင်သည် အဖွဲ့အစည်းတစ်ခု၏ အမိအဖဖြစ်ပါသည်။ ခေါင်းဆောင်ကောင်းမရှိသော အဖွဲ့အစည်းသည် လိုရာပန်းတိုင်ကို မရောက်ဘဲ မှုန်ဝါးသောလမ်းကို လျှောက်ကာနောက်ဆုံးတွင် လမ်းစပျောက်ဆုံး၍ အဖွဲ့အစည်းလည်း ပျက်ဆီးတတ်သည်။
ခေါင်းဆောင်ကောင်းရှိလျှင် နောက်လိုက်ကောင်း ထွက်ပေါ်လာမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်းရှိသော အဖွဲ့အစည်းသည် တိုးတက်မှုလျင်မြန်သည်။  ခေါင်းဆောင်ကောင်းဆိုသည်မှာ အဖွဲ့အစည်း အောင်မြင်တိုးတက်လာလျှင် နောက်လိုက်များကို အားပေး ဂုဏ်ပြုသည်။ “အခုလိုအောင်မြင်လာတာ မင်းတို့ကြောင့်” ဟုချီးကျူးသည်။ အဖွဲ့အစည်းမှာ အခက်အခဲနှင့် ကြုံတွေ့လျှင် ခေါင်းဆောင်သည် မှန်ကိုကြည့်ပြီး “ငါ့အဖွဲ့အစည်းအတွက် ငါ့မှာ တာဝန်အပြည့် ရှိသည်” ဟုခံယူသည်။ ထို့အပြင် ရှေ့ကိုတက်လာပြီး ရှေ့ဆုံးက မားမားမတ်မတ် ရပ်တည် ဦးဆောင်ပေးပါသည်။
ခေါင်းရှောင်သမားကို လိပ်နှင့်တူသောလူမျိုးဟု နိုင်းယှဉ်ထားပါသည်။ လိပ်သည် ကိုယ့်ဘက် သာကိုယ်ရပ်တတ်ပြီး အန္တရာယ် အခက်ခဲကြုံလာလျှင် ခေါင်းကိုဝှက်ထားတတ်ပါသည်။  ခေါင်းဆောင်သည်အနာဂါတ်ကို ဖန်တီးတတ်သူ၊ ဆုံးဖြတ်ချက်ခိုင်မာသူ၊ ရဲရင့်ပြတ်သားသော သူဖြစ်ရမည်။ တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်း ဆိုသကဲ့သို့ အဖွဲ့အစည်းမကောင်းလျှင်လည်း ခေါင်းဆောင်ခေါင်းဆိုသည်ကို အောက်မေ့သတိရပြီး အဖွဲ့အစည်း၊ အမျိုး၊ ဘာသာ၊ သာသနာအတွက် အနစ်နာခံ ဦးဆောင်နိုင်သော ခေါင်းဆောင်ကောင်း ဖြစ်ရမည်။ ခေါင်းရှောင်သမားအဖြစ်မခံဘဲ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကျင့်ကြံရန်မှာ စာဖတ်သူနှင့် စာရေးသူတို့အတွက် အရေးကြီးနေလေသည်။

ကိုးကား-   (ခေါင်းဆောင်နှင့်ခေါင်းရှောင်/ဖူးကျော်ဇင်)

မျင်;မိုရ်;ဟေ့,

Powered by Blogger.