Wednesday, January 18, 2017

ရိုးရာထုံးစံ ထိန်းသိမ်းရန်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၉) ရက်



လူ့ဘ၀ကို ရရှိလာသောအချိန်ကစ၍ တာဝန်နှစ်ရပ်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ အဆိုပါ တာဝန်နှစ်ရပ်မှာ- ဘ၀ပေးတာဝန်နှင့် သမိုင်းပေးတာဝန်ဟူသော စကားနှစ်ရပ်ပင်ဖြစ်သည်။ ထိုစကားနှစ်ရပ်၏ အနက်အဓိပ္ပာယ်ကား လွန်စွာပင်နက်နဲကျယ်ပြန့်လှသည်သာမက မိမိတို့ဖြစ်တည်လာသော လူမျိုးကို အခြေခံကာ မိမိတာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်သည်။

မိမိဖြစ်တည်လာရာ လူမျိုးမှ မိမိစာပေ၊ စကား၊ ဓလေ့ထုံးစံနှင့် ၀တ်စားဆင်ယင်မှုစသော အရာအားလုံးကို ကျင့်သုံး၊ လေ့လာ၊ လက်ခံမှသာလျှင် ဖြစ်တည်ရာဘ၀အတွက် တာဝန်ကျေမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိဖြစ်တည်ရာလူမျိုးအတွက် တာဝန်ကျေပွန်သော လူတစ်ယောက်ဖြစ်စေရန် မိမိသည် ပအိုဝ်းလူမျိုးတစ်ဦးဖြစ်နေသောကြောင့် ပအိုဝ်းသွီး (ခေါ်) ပအိုဝ်းသွေးသည် ခန္ဓာတစ်ခုလုံးတွင် ရှိနေသော သွေးကြောအားလုံးထံလည်ပတ်စီးဆင်းနေသည်ကို လူတိုင်းတွင်ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ပအိုဝ်းစာပေကို တတ်မြှောက်အောင်သင်ကြားရန်တာဝန်၊ တတ်မြှောက်ပြီးသော ပအိုဝ်းစာပေကို အမြဲရှင်သန်အောင် ဆက်သွယ်ဆက်ဆံရေး စာပေးစာယူကိစ္စများကို မိမိတို့ပအိုဝ်းဘာသာစာပေဖြင့်သာ ရေးသားအသုံးပြုသင့်သည်။ မှတ်တမ်းရေးသားပြုစုရာတွင် သော်လည်းကောင်း၊ ပွဲတော်ကျင်းပရာတွင် ဖိတ်စာများ၊ ဆိုင်းဘုတ်၊ ပင့်ဆောင်စာများပြုလုပ်ရေးသားရာတွင်လည်း မိမိတို့ပအိုဝ်းစာပေဖြင့် ရေးသားသင့်သည်သာမက မိမိတို့ပအိုဝ်းအဖွဲ့အစည်းအတွင်းတွင်သော်လည်းကောင်း၊ အဖွဲ့အစည်းအချင်းချင်း ဆက်သွယ်ဆက်ဆံရာတွင်သော်လည်းကောင်း ရုံးသုံးစာများကို မိခင်ဘာသာစာပေကိုသာ သုံးနှုန်းပြီး နိုင်ငံတကာ၊ အခြားသောလူမျိုးများထံသို့ ပေးပို့ရသော အခါမှသာ အခြားစာပေများကို သုံးနှုန်းသင့်ပါသည်။

အပြောအဆိုကိစ္စတွင် အချင်းချင်း ပြောဆိုခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် စည်းဝေးဟောပြောခြင်း စသောကိစ္စတွင်လည်း မိမိပအိုဝ်းဘာသာစကားဖြင့်ပြောဆိုသင့်ပါသည်။ မိမိစကားကိုသာ အမြဲတမ်း ပြောဆိုသုံးနှုန်းမှသာ ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် တည်မြဲခိုင်မာလာမည်ဖြစ်သည်။ ထိုထက်မက အမြဲတမ်းပြောဆို သုံးနှုန်းမှသာလျှင် စကားအသွားအလာ၊ အသံအနိမ့်အမြှင့်၊ အသံနေအသံထား၊ ဝေါဟာရ များသည်လည်း ကြွယ်ဝလာမည်။ တစ်ခြားလူမျိုးများ၏ စကားများကို တစ်ခြားလူမျိုးနှင့် တွေ့ကြုံ ပြောဆိုသည့်အခါမှသာ သုံးနှုန်းသင့်ပါသည်။ ကျွန်ုပ်တို့သည် ပအိုဝ်းလူမျိုးဖြစ်ပြီး အခြားသောသူ၏ စာပေ၊ စကားများကိုသာ ပြောဆိုသုံးနှုန်းနေမည်ဆိုလျှင် သူတစ်ပါးထံသို့ အစိမ်းသက်သက်(အရှင်လတ်လတ်) ၀င်ရောက်ကူးပြောင်းသွားခြင်းပင်ဖြစ်နေမည်ဖြစ်သည်။

ဓလေ့ထုံးစံဟူသည်မှာ မိမိတို့ ပအိုဝ်းအိုးစည်၊ မောင်း၊ လင်းကွင်း၊ ပုလွေ၊ ဂစ်တာစသော အတီးအမှုတ်ဆိုင်ရာများသည် ပအိုဝ်းလူမျိုးများ၏ ရိုးရာဓလေ့ပစ္စည်းများပင်ဖြစ်သည်။ ၎င်းတို့၏ အသံများသည် သာယာနာပျော်ဖွယ်ဖြစ်သောအသံများဖြစ်နေပါသည်။ မည်သို့ပင်ဆိုစေကာမူ ပအိုဝ်းလူမျိုးများသည် ထိုအရာများကို အသုံးပြုကြရမည်ဖြစ်သည်။ ထိုထက်မက ရှေးလူကြီးများမှစ၍ ယနေ့အချိန်ထိ သီဆို၊ ရွတ်ဆိုနေကြသော ပအိုဝ်းအခေါ် (ငေါဝ်းကဲ ၊ ငေါဝ်းတဲက်၊ ငေါဝ်းထော၊ ငေါဝ်းကပ် )စသော စကားအသုံးအနှုန်းများကိုလည်း ပြောဆိုသုံးနှုန်းကြရမည်ဖြစ်သည်။ စကားပြောဆိုရာတွင် ထိုသို့သုံးနှုန်းနေကြရသည်နှင့် ယခင်ကာလမှ ယနေ့မျက်မှောက်ကာလအထိနောင်ကာလတိုင်အောင်လည်းပြောဆိုကျင့်သုံး ကြရမည်ဖြစ်သည်။ ထို့နောက် ယခင်ကာလမှ ယခုကာလအထိ ရှိနေသေးသော မိမိတို့၏ ဗုံရှည်အက၊ လက်ဖက်ခူးအကနှင့် တီးရီးရီးရျော့အက စသော ချစ်စရာရိုးရာအကများကိုလည်း ထိန်းသိမ်းရမည့်အပြင် ရှင်သန်တည်မြဲအောင်လည်း ဖော်ထုတ်ကြရမည်ဖြစ်သည်။

ထို့နောက် အခါကြီးရက်ကြီးဖြစ်သော သင်္ကြန်၊ သီတင်းကျွတ်အချိန်ခါများတွင် မိမိတို့ထုံးတမ်းစဉ်လာဖြစ်သော လူကြီးမိဘများကို လိုက်လံကန်တော့ခြင်း၊ မိမိတို့၏ခေါင်းဆောင်၊ ဦးဆောင်သူများကို လိုက်လံအရိုအသေပေးခြင်းနှင့် ဘုရားကျောင်းကန်များ သွားရောက်သီလယူခြင်းစသာ ဓလေ့များသည် ကောင်းသောအစဉ်အလာဖြစ်သောကြောင့် မှေးမှိန်မသွားစေရန် ဆက်လက်ထိန်းသိမ်းသင့်ပါသည်။

ထိုထက်မက ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် နိုင်ငံတော်က ကြီးမားကျယ်ပြန့်သောအရာများ အတွက်လိုအပ်သောရံပုံငွေ၊ ကုန်ကျစရိတ်များကိုသာချပေးသောကြောင့် မိမိတို့ရပ်ရွာဖြစ်သော လမ်းသွယ်များ၊ တံတားငယ်များ၊ ရွာဦးစေတီများ၊ ဘုရားကျောင်းကန်များ ပြုပြင်ရန်အတွက် မိမိတို့ရွာထုံးစံအရ ငွေကြေး တစ်အိမ်အနည်းငယ် အလှူခံကာ ပြုပြင်မွမ်းမံခဲ့၍ အောင်မြင်ပြီးစီးသွားကြသည်။ အဆိုပါထုံးစံများကို ယနေ့ခေတ်ဒီမိုကရေစီခေတ်( လွဲမှားသောနားလည်မှု) နှင့်ရောထွေးကာ မိမိတို့ရိုးရာထုံးစံများက ပျောက်ကွယ်လုနီးဖြစ်နေသည်ကို ပြန်လည်ထိန်းညှိရန် လိုအပ်နေသည်။

သမိုင်းပေးတာဝန်ဖြစ်သော လူမျိုးရေးတာဝန်၊ ရပ်ရွာဒေသတာဝန်၊ နိုင်ငံတာဝန် စသော တာဝန်ဝတ္တရားများကိုလည်းကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် မိမိလူမျိုးအားလုံးဘက်စုံဖွံ့ဖြိုးတိုးတက်အောင်၊ ကျန်းမာရေးကောင်းမွန်အောင်၊ ဥာဏ်ရည်ဥာဏ်သွေး ပိုမိုဖွံ့ဖြိုးအောင်၊ အနေအထိုင် အဆင့်မှီအောင်စသော အရာရာပြည့်စုံမှုရှိစေရန် မိမိတတ်စွမ်းသောဘက်မှ တတ်အားသမျှ လုပ်ဆောင်ကြရမည်ဖြစ်သည်။

မိမိသည် ပအိုဝ်းလူမျိုးဖြစ်နေသောကြောင့် ပအိုဝ်းလူမျိုး၏သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းအဖွဲ့အစည်းထံ၌ တတ်စွမ်းသမျှ ၀င်ရောက် လုပ်ကိုင် ကြရမည်ဖြစ်သည်။ ယခုအချိန်တွင်  မိမိတို့ပအိုဝ်းအဖွဲ့အစည်းရှိနေပြီဖြစ်သောကြောင့် ပြန်လည်ဖွဲ့စည်းရန် မလိုအပ်တော့ပေ။မိမိသည် သမိုင်းပေးတာဝန်ကျေစေရန် ထိုအဖွဲ့အစည်း အင်အားတောင့်တင်းအောင်၊ ခိုင်မြဲအောင် ၀င်ရောက်ကူညီရမည်ဖြစ်သည်။ ထိုအဖွဲ့အစည်း လုပ်ဆောင်နေသော လုပ်ငန်းများ ဘောင်အတွင်းဝင်စေရန်နှင့် ပိုမိုကောင်းမွန်အောင် ယဉ်ကျေးပျုငှာသော အကြံပေးစကားများပြောကြား ပေးခြင်းဖြင့် တစ်ဖက်တစ်လှမ်း ၀င်ရောက်ကူညီသင့်ပေသည်။

သို့မှသာ မိမိဖြစ်တည်ရာလူမျိုးမှ သမိုင်းပေးတာဝန်၊ ဘ၀ပေးတာဝန်များကျေပွန်စေရန် မိမိ၏ ၀တ်စားဆင်ယင်မှု၊ စာပေအရေးအသား၊ စကားပြောဆိုသုံးနှုန်း၊ ရိုးရာဗုံမောင်းများကို အသုံးပြုခြင်းဖြင့် တာဝန်ကို ထမ်းဆောင်ကြပါရန် တိုက်တွန်းရင်း အကြံပြုလိုက်ရပါသည်။

နန်းဆောင်းလေပြေ (အွံအား)
Powered by Blogger.