Tuesday, April 25, 2017

ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပပြီးဆုံး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၆) ရက်




ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသည် ၂၀၁၇ခုနှစ်၊ ဧပြီလ(၂၅) ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲ နောက်ဆုံးနေ့၌ ဆွေးနွေးပွဲတွင် တင်သွင်းဖတ်ကြားခဲ့သော နိုင်ငံရေးဆိုင်ရာစာတမ်း၊ စီးပွားရေးဆိုင်ရာစာတမ်း၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်း စုစုပေါင်း(၆၃)အပေါ် စာတမ်းပြုစုရေးကော်မတီမှ စိစစ်စုစည်းပေါင်းစပ်ပြီး ရရှိလာသော နိုင်ငံရေးဆိုင်ရာစာတမ်း(၁)စောင်၊ စီးပွားရေး ဆိုင်ရာစာတမ်း(၁)စောင်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်း(၁)စောင် စုစုပေါင်း စာတမ်း(၃) စောင်ကို သက်ဆိုင်ပုဂ္ဂိုလ်များက ဖတ်ကြားပေးခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က (Bussiness for Peace) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြီးဆုံးခြင်းနှင့် ပတ်သက်၍ “ ကျွန်တော်တို့ ဒီဆွေးနွေးပွဲဟာ အမှန်တော့ (All Including) ပြည်သူလူထုရဲ့ ဆန္ဒကို ခံယူတဲ့ပွဲပါ။ ဒါမဲ့ မြန်မာနိုင်ငံမှာ လူဦးရေ သန်း(၅၀)ကျော်ရှိတယ်၊ သန်း(၅၀)က လူထုရဲ့ ဖော်ပြချက်ကို ရယူဖို့မဖြစ်နိုင်ဘူး၊ ဒါကြောင့် ကျွန်တော်တို့က ကိုယ်စားပြုမှုဘဲ ယူလို့ရမှာ၊ ဒီဆွေးနွေးပွဲကို ကြည့်ရင် တက်လာတဲ့ နိုင်ငံရေးပါတီ တော်တော်များပါတယ်၊ ဒီဆွေးနွေးပွဲက ရှမ်းပြည်နယ်ကို ကိုယ်စားပြုတယ်လို့ဘဲ ကျွန်တော်ကောက်ချက်ချတယ်၊ ဒီအဖွဲ့အစည်း ဒီပုဂ္ဂိုလ်တွေက ဟိုအရင်ကတည်းက နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ အကျိုးကို နေ့နေ့ညည အမြဲစဉ်းစားနေတဲ့ လူတွေဖြစ်တယ်၊ စာတမ်းကို အချိန်အတိုအတွင်းရေးရသော်လည်း ဒီလူတွေက ကိုယ့်မူဝါဒကို ကိုင်ဆွဲပြီးသားဖြစ်တဲ့အတွက် ဖော်ပြနိုင်စွမ်းရှိတဲ့ လူတွေဖြစ်တယ်၊ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ ရှမ်းပြည်နယ်ကို ကိုယ်စားပြုတယ်လို့ဘဲ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဥက္ကဌ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ သုံးသပ်ပြောကြားခဲ့ပါသည်။

အဆိုပါ ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်နယ်ဌာနဆိုင်ရာများ စုစုပေါင်း(၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က “ ယခုဆွေးနွေးပွဲမှ ရရှိလာတဲ့ အဆိုပြုချက်နှင့် အကြံပြုချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ၏ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများဖြစ်သော နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်း ကော်မတီများထံသို့ တင်သွားကာ လုပ်ငန်းကော်မတီများက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံညီလာခံတွင် ဆွေးနွေးဆုံးဖြတ်မှုများပြုလုပ်နိုင်ရန် တင်ပြသွားကြမှာ ဖြစ်ပါတယ်” ဟု နိဂုံးချုပ် နှုတ်ဆက်စကားတွင် ပြောကြားခဲ့သည်။

လာမည့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးနိုင်ရန်အတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို လူမျိုးအလိုက်အနေဖြင့် ချင်း၊ ကရင်၊ ပအိုဝ်းနှင့် ဒေသအလိုက်အနေဖြင့် တနသာင်္ရီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.