ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် ပျံ့နှံ့စွာ နေထိုင်လျက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေအထူထပ်ဆုံးနေထိုင်ကြပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းတွင် လူဦးရေထူထပ်စွာ နေထိုင်သည်နှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းစသည့်(၃)မြို့နယ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။
မိမိဘဝ ယနေ့ထိတိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များအပြင် အခြားဒေသရှိ ပအိုဝ်းလူမျိုးများနေထိုင်ရာ ဒေသအားလုံးတွင် ကျင်လည်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထိုသို့ကျင်လည်ခဲ့သည့် မြို့နယ်များထဲတွင် မိမိတစ်ဦးတည်းအမြင်ဖြင့် တစ်မြို့နယ်နှင့်တစ်မြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို သုံးသပ်ဝေဖန်လေ့ရှိသည့် အကျင့်ရှိလေ၏။ ထိုသို့ ဝေဖန်သုံးသပ်လာခဲ့သည့် မြို့နယ်များအနက် မိမိ၏စံပြဒေသအဖြစ် ရပ်တည်နေသည့် ပင်လောင်းဒေသ၏ ကဏ္ဍတိုင်းဖွံ့ဖြိုးတိုးတက်မှုသည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ဒေသများထက်ပင် အဆပေါင်းမြောက်များစွာ သာလွန်နေသည်ကို သတိထားမိပါသည်။
ထို့ကြောင့် ပအိုဝ်းလူမျိုးများ နေထိုင်သည့်မြို့နယ်များအနက် ပင်လောင်းမြို့နယ်အကြောင်းကို ရေးသားတင်ပြလိုပါသည်။ ခရစ်သက္ကရာဇ်(၁၇၆၃-၁၇၇၈) တတိယကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်မင်း လက်ထက်တွင် ဝမ့်ဖာ(ဗန်းဖြာ) ရွာမှ မုဆိုးမ မစီးထာ(ခ)နန်းမူ၏ ယာခင်းတွင် ဆင်ဖြူတော်တစ်ကောင် ဝင်ရောက်စားသောက်၍ ရွာသားများကဖမ်းဆီးရာဖမ်းမရဘဲ မစီးထာ(ခ)နန်းမူကိုယ်တိုင်ဖမ်းဆီးမှရ၍ ဆင်ဖြူရှင်မင်းထံဆက်သရာ ရှင်ဘုရင်မှ မစီးထာ(ခ)နန်းမူအား ပင်လောင်းမြို့နယ်ဖြစ်လာမည့်ဒေသကို နယ်နိမိတ်ပိုင်းခြားပြီး စီမံအုပ်ချုပ်ခွင့်ပေးခဲ့သည်။ ပိုင်းခြားချီးမြှင့်သည့်နယ်နိမိတ်မှာ ပင်လောင်းမြို့နယ် အပါအဝင် မြောက်ဘက်တွင်လက်ထိပ်တောင်၊ အရှေ့ဘက်တွင်အင်းလေးကန်နှင့် ဘီလူးချောင်း၊ တောင်ဘက်တွင်ဝါးချောင်းနှင့် အနောက်ဘက်တွင် ပျဉ်းမနားမြို့တို့ပါဝင်သည်။ ထို့အပြင် လွယ်လုံ ဟု ဖြစ်လာရခြင်းမှာ ပင်လောင်းဒေသကို ၅၄ နှစ်ကြာစီမံအုပ်ချုပ်ခဲ့သော လွယ်လုံစော်ဘွား ခွန်ခမ်းချုပ်သည် မြို့နယ်အတွင်းတွင် တောင်ကြီး ၁၂ တောင် ရှိခြင်းကြောင့် ထိုတောင်တန်းများကို အစွဲပြုကာ ရှမ်းဘာသာဖြင့် လွယ်လုံ ဟုခေါ်ဆိုရာမှ ပင်လောင်းဟုအမည်တွင်လာပါသည်။ ထို့အတူပင် လွယ်လုံမှပင်လောင်းဟု အမည်တွင်ရခြင်းမှာ ဤဒေသတွင် နှောင်တချိန်ချိန်၌ မင်းကောင်းမင်းမြတ်များ ပေါ်ထွက်လာမည်ဖြစ်ပြီး “မင်းကောင်းမင်းမြတ်များ၊ ပညာရှိများစုစည်းမည့်နေရာ” ဖြစ်လာလိမ့်မည် ဟူသော အတိတ်နိမိတ်ကိုအစွဲပြု၍ ပအိုဝ်းဘာသာဖြင့် “ပင်=လူများနားနေသည့်နေရာ နှင့် လောင်,=မင်းကောင်း မင်းမြတ်၊ ပညာရှိအလောင်းအလျာ” ဖြစ်သည်ဟု “သက်ကြီးစကား သက်ငယ်ကြား” ဆိုသည့်အတိုင်း ယနေ့ထိတိုင် ဒေသခံများက လက်ခံယုံကြည်နေကြသည်။
ပင်လောင်းမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် တစ်ခုဖြစ်ပြီး အရှေ့လောင်ဂျီကျု ၉၅ ဒီဂရီ ၂၅ မိနစ် ၉၆ ဒီဂရီ ၆၅ မိနစ်၊ မြောက်လတ္တီကျု ၁၉ ဒီဂရီ ၄၀ မိနစ် ၂၀ ဒီဂရီ ၁၈ မိနစ်ကြားတွင်တည်ရှီပြီး တောင်နှင့်မြောက်အကျယ် ၃၂ မိုင်နှင့် အရှေ့အနောက် အကျယ် ၄၈ မိုင်ရှိပြီး အကျယ်အဝန်းမှာ ၉၄၅ ဒသမ ၅၉ စတုရန်းမိုင်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၀၀ ပေ အထက်တွင်တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ လွယ်မောင်း တောင်ဖြစ်ပြီး ၆၁၂၄ ပေရှိ၍ အမြင့်ဆုံးနေရာဖြစ်ကာ အနိမ့်ဆုံးဒေသမှာ မွှေးပြင်ဒေသဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၁၀၄၅ ပေ ရှိသည်။
မြောက်ဘက်တွင် ကလောမြို့နယ်၊ အရှေ့ဘက်တွင် ညောင်ရွှေနှင့်ဆီဆိုင်မြို့နယ်၊ တောင်ဘက်တွင် ဖယ်ခုံမြို့နယ်နှင့် အနောက်ဘက်တွင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် နယ်မြေဆက်စပ်လျှက် ရှိပါသည်။ ထိုကဲ့သို့ နယ်မြေဆက်စပ်မှုရှိသည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေး များအနေဖြင့် ပင်လောင်း-နောင်တရား-အောင်ပန်း-တောင်ကြီး၊ ပင်လောင်း-ညောင်ရွှေ-တောင်ကြီး၊ ပင်လောင်း-ကျောက်တလုံးကြီး-တောင်ကြီး၊ ပင်လောင်း-ကျောက်တလုံးကြီး-ဆီဆိုင်၊ နောင်တရား-ညောင်ရွှေ-တောင်ကြီး၊ နောင်တရား-ကျောက်တလုံးကြီး-တောင်ကြီး၊ နောင်တရား-ကျောက်တလုံးကြီး-ဆီဆိုင်၊ ပင်လောင်း-နောင်တရား-ကလော၊ ပင်လောင်း-နောင်တရား-အောင်ပန်း-တောင်ကြီး၊ ကလော-အောင်ပန်း-နောင်တရား-ပင်လောင်း-ဖယ်ခုံ-လွိုင်ကော်၊ ပင်လောင်း-ပေါင်းလောင်း-နေပြည်တော်စသည့် ကားလမ်း (ကတ္တရာ)များဖြင့် လည်းကောင်း၊ ကလော-အောင်ပန်း-နောင်တရား-ပင်လောင်း-လွိုင်ကော် မီးရထားလမ်း ဖြင့် လည်းကောင်း အသုံးပြုလျှက်ရှိပါသည်။
ပင်လောင်းမြို့နယ်တွင် ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့ဟူ၍မြို့(၃)ခု၊ ရပ်ကွက်ပေါင်း (၁၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း(၂၅)အုပ်စုရှိပါသည်။ ၎င်းမြို့နယ်အတွင်း နေထိုင်သည့် လူဦးရေးများအနက် (၇၄%)ကျော်သည် ပအိုဝ်းလူမျိုးဖြစ်သကဲ့သို့ မြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုးများ အများဆုံး နေထိုင်သည့် မြို့နယ်လည်းဖြစ်ပါသည်။ မဟာသက္ကရာဇ် ၁၁၁-ခုနှစ်(ဘီစီ-၅၈၁)တွင် ဗုဒ္ဓမြတ်စွာဘုရား ၀ါတော်(၈)၀ါရချိန်တွင် သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွရောက်တော်မူပြီး တရားတော် ဟောကြား တော်မူပေးခဲ့သည့်အတွက် သုဝဏ္ဏဘူမိသထုံပြည့်ရှင်သူရိယစန္ဒာမင်းသည် တရားတော်ကို နာကြားခဲ့ရ သဖြင့် သူရိယစန္ဒာမင်းနှင့်တကွ ပြည်သူအားလုံးသည် ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်ဟုလည်း သမိုင်းအရ လေ့လာတွေ့ရှိခဲ့ရသည်နှင့်အညီ ပင်လောင်းဒေသရှိ ပအိုဝ်းလူမျိုးတို့သည်လည်း ဗုဒ္ဓဘာသာကို သက်ဝင် ကိုးကွယ်ကြပါသည်။ သို့သော် ပအိုဝ်းလူမျိုးများသည် သုဝဏ္ဏဘူမိသထုံပျက်ပြီးသည့်အချိန်တွင် လူမျိုးသမိုင်း၊ စာပေ၊ ယဉ်ကျေးမှု အစရှိသည်များလည်းမှေးမိန်ပျောက်ကွယ်သွားခဲ့ပါသည်။ သို့သော် ပအိုဝ်းသံဃာတော်ကြီးများ၊ ပအိုဝ်းဆရာတော်ကြီးများနှင့် ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ကြိုးစား မှုများကြောင့် ပအိုဝ်းလူမျိုးသည် ယနေ့အချိန်တွင် ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုများကိုလည်း ပြန်လည်ဖော်ထုတ်မြှင့်တင်နိုင်ခဲ့ပြီဖြစ်ပါသည်။
ပအိုဝ်းစာပေနှင့်ပတ်သက်၍ ပထမခေတ်သည် သုဝဏ္ဏဘူမိသထုံပြည်ခေတ်၊ ဒုတိယခေတ်သည် မိုင်းပျိုးဆရာတော် ဘဒ္ဒန္တကဝိသာရခေတ်နှင့် တတိယခေတ်သည် တောင်ကြီးမြို့နယ်၊ ထီသိမ်ကျောင်း ဆရာတော် ဘဒ္ဒန္တသုနန္ဒခေတ်တို့ပင်ဖြစ်သည်။ သက္ကရာဇ် ၁၃၄၇-ခုနှစ်၊ ခရစ်နှစ် ၁၉၈၅-ခုနှစ် တောင်ကြီး မြို့နယ်၊ ထီဖောင်းဘုန်းကြီးကျောင်း၌ ပအိုဝ်းစာပေဆရာဖြစ်သင်တန်း(ဗဟို)၊ အမှတ်စဉ်(၁) စတင် ဖွင့်လှစ်ခဲ့ရာတွင် သင်တန်းသားများသည် ပင်လောင်းဒေသမှ သံဃာတော်အပါးပေါင်း(၇၅)ပါးပါဝင်ခဲ့ပြီး သင်ကြားပို့ချပေးသည့် ဆရာသည် ဆရာတော်အရှင်ပညာနန္ဒတစ်ပါးတည်းသာ ဖြစ်သည်ဟု ဆရာတော် အရှင်ပညာနန္ဒ (ယခုဖြားခွန်ပညာဗုတ်)ထံမှ သိရှိခဲ့ပါသည်။ ထိုကဲ့သို့ဖွင့်လှစ်ရခြင်းသည် ကျန်သည့် မြို့နယ်/ဒေသများတွင် ပအိုဝ်းစာပေသင်ကြားနေပြီဖြစ်သော်လည်း ပင်လောင်းဒေသသည် ကျန်ရစ်နေခြင်း ကြောင့်ဖြစ်သည်ဟု ပအိုဝ်းစာပေသမိုင်းကိုလေ့လာရာတွင် တွေ့ရှိခဲ့ပါသည်။ ပအိုဝ်းစာပေဆရာဖြစ် သင်တန်း(ဗဟို) ပေါ်ပေါက်လာစေရန် ပင်လောင်းမြို့နယ်သံဃာတော်များသည် သင်တန်းသား (ဆရာလောင်း)အဖြစ် အစပျိုးပေးခဲ့သည်ကိုလည်း သတိထားမိပြီးယနေ့တိုင် (၃၃)ကြိမ်မြောက်အဖြစ် ကျောက်တလုံးကြီးမြို့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဤကဲ့သို့ အစပျိုးပေးခဲ့သည်နှင့်အညီ ယနေ့အချိန်တွင်ပင်လောင်းဒေသတွင် ပအိုဝ်းစာပေဆရာဖြစ်သင်တန်း(ဗဟို) သင်တန်းတက်ရောက်ရာ တွင် တခြားပအိုဝ်းဒေသများထက် ဦးရေပို၍များပြားသည်ကိုအားရဖွယ်တွေ့မြင်နေရပါသည်။
ဒေသတွင်းပအိုဝ်းစာပေပြန့်ပွားရေး သင်တန်းပြန်လည်ဖွင့်လှစ်ပို့ချပြီး သင်တန်းသူ/သားများ ဖြေဆိုခဲ့သည့် အဖြေလွှာများကိုလည်း တခြားနယ်များနှင့်မတူတစ်မူထူးခြားသည်မှာ ဘုန်းကြီးကျောင်း(၁)ကျောင်းတည်း တွင် စု၍ အချိန်ကာလ(၁)ပတ်အထိ အချိန်ယူပြီးဒေသတွင်းကျေးရွာပေါင်းစုံမှ သံဃာတော်များ၊ ဆရာတော်များနှင့် သင်တန်းဆရာ/ဆရာမများကစုပေါင်း၍ အဖြေလွှာများကိုစစ်ဆေးသည့်စနစ်သည် လွန်စွာ ဂုဏ်ယူစရာကောင်းလှပါသည်။ ထိုစနစ်သည် ဒေသတွင် လူငယ်များပူးပေါင်းဆောင်ရွက်မှု အလေ့အထ တစ်ခုကိုတစ်ပြိုင်တည်း လေ့ကျင့်ပေးနေသည်ဟုလည်း မြင်မိပါသည်။ ပင်လောင်းဒေသမှ အစပျိုး ပေးခဲ့သည့် စာစစ်သည့်စနစ်သည် ယနေ့တွင် တခြားဒေသများလည်းအတုယူလာကြသည်ကို စာဖတ်ပရိသတ်များတွေ့မြင်ပြီးဖြစ်သည်ဟုယုံကြည်ပါသည်။ အဆိုပါ သင်တန်းများမှ အတန်းအလိုက် အောင်မြင်ခဲ့သည့်သင်တန်းသူ/သားများကိုယဉ်ကျေးမှုနှင့်ဆုပေးပွဲအဖြစ်ကျင်းပ၍ ၎င်းပွဲတွင် ယဉ်ကျေးမှု အကများ၊ သီချင်းများကိုလည်း ပြိုင်ပွဲအဖြစ်ထည့်သွင်းပြီးဆိုရရှိသည့်အဖွဲ့များ၊ ပုဂ္ဂိုလ်များကိုလည်း တစ်ပါတည်းဆုပေးခဲ့ပါသည်။စာဖတ်ပရိသတ်များတွေ့မြင်ရသည့်အတိုင်းတခြားသောလူမှုရေးကဏ္ဍ၊ ဖွံ့ဖြိုး ရေးကဏ္ဍများကိုဆောင်ရွက်ရာတွင်လည်းစည်းလုံးညီညွတ်စွာပူးပေါင်းလုပ်ကိုင်နေကြသည်ကို အားရဖွယ် ထပ်မံတွေ့ရှိနေပြန်သည်။
ပအိုဝ်းလူမျိုးတို့၏ ရိုးရာရှင်လောင်း(ရှင်ပြု)ပွဲတွင် ရိုးရာယဉ်ကျေးမှုအရရှင်လောင်းထိန်းအဖြစ် ဖိတ်ကြား ရာတွင် တစ်ရွာတည်းရှိလူပျိုအပျိုအဖွဲ့အားလုံးကိုဖိတ်ကြားခြင်းမျိုးမဟုတ်ပဲရွာတစ်ရွာတွင် လူပျိုအဖွဲ့ကို ဖိတ်ကြားပါက အပျိုအဖွဲ့ကိုတခြားရွာတစ်ရွာအား သီးခြားဖိတ်ကြားပြီး ဒေသတွင်းကျေးရွာများမှ လူပျိုအဖွဲ့ နှင့် အပျိုအဖွဲ့တို့ ရင်းနှီးမှုရရှိအောင် ဖိတ်ကြားသည့် အလေ့အထကောင်းများလည်း မိမိကိုယ်တိုင် ရှင်လောင်းပွဲများတွင် တွေ့မြင်ခဲ့သည်။ လူပျိုအပျိုအဖွဲ့တွင် လူပျိုအပျိုခေါင်းဆောင်၏ စကားကို မြေဝယ်မကျ နားထောင်လေ့ရှိကြသည်ကိုလည်း ဂုဏ်ယူဖွယ်ပင်ဖြစ်ပါသည်။ ရှင်လောင်းပွဲကာလ တစ်လျှောက်လုံးတွင် ရိုးရာဝတ်စုံများကိုဝတ်စားဆင်ယင်ရာ၌ သပ်သပ်ရပ်ရပ်ဖြင့် တူညီစွာဝတ်ဆင်ကြပြီး ရိုးရာမပျက် ဧည့်ခံကျွေးမွေးနေကြသည်ကိုဂုဏ်ယူဖွယ်တွေ့ခဲ့ရပါသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် လျှပ်စစ်မီးသွယ်တန်းရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့၌ ပြည်သူလူထုများ၏ ကိုယ်အားကိုယ်ကိုးကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လာကြသည့်အတွက် ကျေးရွာတော်တော်များများတွင် လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးလည်းအတော်အသင့် အဆင်ပြေ နေပြီးလူနေမှုအဆင့်အတန်းလည်း မြင့်မားနေသည်ကိုတွေ့မြင်ရပါသည်။
ပင်လောင်းဒေသမှ ထွက်ရှိသည့် စိုက်ပျိုးထုတ်ကုန်များဖြစ်သည့် လက်ဖက်၊ အာလူး၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် အခြားကုန်စိမ်းများသည် ရှမ်းပြည်နယ်အတွက်သာမက စီးပွားဖြစ် အဓိကစိုက်ပျိုးသော သီးနှံများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများသို့ တင်ပို့ပြီးမြို့ကြီးများမှတဆင့် နိုင်ငံပို့ကုန် အဖြစ်တစ်ဖက်တစ်လမ်းမှ နိုင်ငံခြားဝင်ငွေ ရရှိစေပါသည်။ ထို့အပြင် ပင်လောင်းမြို့နယ်၏ အေးချမ်းသာယာမှုကို ပင်လောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းက “ရန်ကုန်ဆောင်းပင်လောင်းနွေ”ဟု တင်စားခေါ်ဆိုပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖြင့် အပန်းဖြေရာ ဒေသအဖြစ် အကောင်အထည်ဖော်ရန် ကိုက်ညီနေသည့် ဒေသဖြစ်နေသည်ကိုလည်း ရောက်ဖူးသူတိုင်း တွေ့မြင်ခံစားရမည်ဖြစ်ပါသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ လည်ပတ်စရာနေရာအများအပြားရှိရာမှ အွန်လိုင်းစနစ်ကြောင့် မကြာသေးမှီကာလက လူအများအပြား၏ ပါးစပ်ဖျားတွင် ရေပန်းစားလာသော စင်းဆင်းရေတံခွန်သည် အခြားသောဒေသရှိ ရေတံခွန်များထက်လှပရုံသာမက ရေကြောက်တတ်သူများအတွက် ခဏတာ ရေထဲဝင်လိုက်သည်နှင့် ချမ်းစိမ့်စိမ့်အရသာဖြင့် ရေမစိမ်နိုင်လောက်အောင်ပင် တကိုယ်လုံး ချမ်းစိမ့် သွားသောအရသာကို ပေးစွမ်းနိုင်ခြင်းကြောင့် ကြာကြာရေမစိမ်နိုင်လောက်အောင်ပင် အေးစိမ့် နေသည်။ ၎င်းရေတံခွန်သည် ပင်လောင်းမြို့၏ အနောက်တောင်ဘက် နေပြည်တော်ဆင်းသည့် လမ်းပေါ်မှ စင်းဆင်းရွာသို့သွားသည့် လမ်းအတိုင်းဆင်းသွားလိုက်သည်နှင့် နာရီဝက်အတွင်းတွင် တောင်တန်းများ ကြားမှ သဘာဝအတိုင်းစီးဆင်းနေသော စင်းဆင်းရေတံခွန်ကိုရောက်ပါလိမ့်မည်။ ဤရေတံခွန်သည် ပင်လောင်းဒေသခံများသာမက တောင်ကြီး၊ ဖယ်ခုံ၊ ကလော၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသောခရီးသွားပြည်သူများ လာရောက်အပန်းဖြေသည့် ရေတံခွန်ဖြစ်သည်။ အဆိုပါ ရေတံခွန်သည် အနာဂါတ်ခရီးသွားလုပ်ငန်းဖော်ဆောင်မည့် ပင်လောင်းဒေသအတွက် အရေးပါ လာပါလိမ့်မည်ဟု ယုံကြည်မိပါသည်။ ၎င်းရေတံခွန်သွားရာလမ်းပေါ်ရှိ တောင်ထီဗွာကျေးရွာအနီးတွင် ယောက်ကော် အဖေကြီး၏ဝင်္ကပါလိုဏ်ဂူ သည်လည်း ကျောက်တုံး၊ ကျောက်ပြားများကို ဖန်ဆင်းရှင်များက ဖန်တီးထားသည့်အတိုင်း လှပတင့်တယ်စွာ တည်ရှိ နေသည်ကိုလည်း ထပ်မံမြင်တွေ့ရပါလိမ့်မည်။
ပင်လောင်းမှ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ သွားရာလမ်းပေါ်ရှိ ပင်ခွန်ရွာမှ အနောက်တောင် ဘက်တည့်တည့် ကတ္တရာလမ်းအတိုင်းသွားလျှင် ပအိုဝ်းဟူသော လူမျိုးပေါ်ပေါက်လာအောင် မွေးဖွား သန့်စင်ပေးခဲ့သည့် မွိုးနဂါး ဖာဝိဇ္ဇာ တို့၏ ဒဏ္ဍာရီသမိုင်း အစပျိုးခဲ့ရာ လုံးနဂါးဘုရား ကိုရောက်ရှိပါလိမ့်မည်။ တစ်နှစ်တစ်ခါ တပေါင်းလပြည့်ရောက်တိုင်း ပအိုဝ်းအမျိုးသားနေ့ ကိုနှစ်စဉ်ကျင်းပလေ့ရှိသည်။ ၎င်းနေရာ ကိုရောက်ရှိရသော ပအိုဝ်းလူမျိုးတိုင်းအတွက် လွမ်းမောဖွယ်ရှုခင်းနှင့်အတူ မွိုးနဂါး ဖာဝိဇ္ဇာ တို့၏ ဒဏ္ဍာရီသမိုင်းကို ပြန်လည်မြင်ယောင်မိပါလိမ့်မည်။ လုံးနဂါးပတ်ဘုရားမှ တောတောင် အထပ်ထပ်ကို ဖြတ်၍ ဆက်သွားလျှင် ဟားရေတံခွန် ကိုလည်း တမျှော်တဆုံးမြင်တွေ့ရမည်ဖြစ်သကဲ့သို့ ၎င်းရေတံခွန်ကို လိန်းလီကြိုးတံတားမှ စက်လှေဖြင့် အောက်ဘက်တည့်တည့်စီးသွားလျှင်လည်း ရောက်ရှိနိုင်ပါသည်။
ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အရှည်ဆုံးနှင့်အမြင့်ဆုံးဖြစ်ကာ ပေ(၆၀၀၀) ကျော်မြင့်သော ဆင်တောင်မှ စီးဆင်းလာသော ပေါင်းလောင်းမြစ်ကိုဖြတ်သန်းကာ တောင်ကုန်းထိပ်(၂)ခုကို သွယ်တန်းထားသော လိန်းလီကြိုးတံတားသည်လည်း ပင်လောင်းဒေသနှင့် နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကောင်စီနယ်မြေ သွားရာလမ်းပေါ်တွင် လှပခန့်ညှားစွာ သွယ်တန်းနေသည့်ပုံသည်လည်း နဂိုကပင်အလှအပများနှင့်ပြီးပြည့်စုံနေသော ပင်လောင်းဒေသ၏ အလှအပကို ထပ်မံဖြည့်ဆည်း နေသယောင် မြင်တွေ့ရပါလိမ့်မည်။ ၎င်းကြိုးတံတားသည် ပင်လောင်းမြို့နှင့် ၂၃ မိုင်ကွာဝေးပြီး ၂၀၀၅-ခုနှစ်တွင်တည်ဆောက်ကာ ၂၀၀၈-ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ပင်လောင်းဒေသအတွင်းရှိ နေပြည်တော်ရေပူစမ်းသည်လည်း ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင် သည့်နေရာလည်းဖြစ်သည်။
ထို့အတူပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားကို အဓိကထုတ်လွတ်ပေးသည့် လောပိတ ရေအားလျှပ်စစ်စက်ရုံအတွက် ရေကိုအဓိကပို့လွတ်ပေးနေသော ဘီလူးချောင်းသည်လည်း ပင်လောင်းမြို့၏ အနောက်မြောက်ဘက်ရှိ လင်တီးကျေးရွာအနီးတွင် ချောင်းဖျားခံကာ မြောက်ဘက် အတိုင်း ဆက်လက်စီးဆင်းလာရာ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသမှ ညောင်ရွှေမြို့နယ် ရွှေအင်းတိန်ဘုရားအနီးတွင် ဖြတ်သန်းစီးဆင်းလာကာ အင်းလေးကန်ထဲကို စီးဝင်သွားပါသည်။ ၎င်း ဘီလူးချောင်းသည် ဒေသခံတိုင်းရင်းသားများဖြစ်သော ပအိုဝ်း၊ ရှမ်း၊ တောင်ရိုး၊ ဓနုနှင့် အင်းတိုင်းရင်းသား တို့၏ ချစ်ခင်ရင်းနှီးမှုကို သက်သေပြနေသော ပြယုက်တစ်ခုလည်းဖြစ်ပါသည်။
ယခုအခါ ပင်လောင်းဒေသတွင် ခရီးသွားလုပ်ငန်းကိုလာရောက်ရင်းနှီးမြှုပ်နှံသော စီးပွားရေးလုပ်ငန်း များသည်လည်း ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများလည်း တိုးတက်များပြားလာပါသည်။ ထိုသို့ လာရောက် ရင်းနှင်းမြှုပ်နှံမှုများပြားလာပါက ဒေသခံလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းလည်းရရှိလာမည်ဟု ယုံကြည်မိပါသည်။
ထို့အပြင် လူသားအရင်းအမြစ်ဘက်တွင်လည်း ပအိုဝ်းလူငယ်လှုပ်ရှားမှုများတွင် ပင်လောင်းဒေသရှိ ခေတ်ပညာတတ်ပအိုဝ်းလူငယ်များနှင့် ပအိုဝ်းလူငယ်ကွန်ယက်(PYN)၏ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည့်အတွက် ဒေသဖွံ့ဖြိုးရေး၊ ပအိုဝ်းစာပေသင်ကြားရေး၊ လူငယ်အလုပ်အကိုင်ရရှိရေး၊ ကျောင်းပြင်ပ ပညာရေးစသည့်ကဏ္ဍများတွင် ထဲထဲဝင်ဝင် ဝင်ရောက် တာဝန်ယူဆောင်ရွက်နေသည် ကိုအားရဖွယ် တွေ့မြင်နေရပြန်ပါသည်။
ရှမ်းပြည်နယ်အတွင်း ပအိုဝ်းအမျိုးသားနေ့ကိုနောင်ယာသဲုင်တွင် မကျင်းပခင် သက္ကရာဇ်၁၃၃၈-ခုနှစ်၊ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ဦးစွာစတင်ကျင်းပခဲ့သည်ကိုပအိုဝ်းလူမျိုးသမိုင်းစာအုပ်တွင် လေ့လာသိရှိခဲ့ရပြီး ယခုထိတိုင်ပင် ပင်လောင်းမြို့နယ်၊ ရင်းမှီး၊ နောင်ဝိုး၊ လုံးနဂါးပတ်ဘုရား နှင့် အခြားအခြားသော နေရာများတွင်လည်းကောင်း ပအိုဝ်းအမျိုးသားနေ့ကို ယနေ့ထိတိုင် အစဉ်လာမပျက် ကျင်းပနေဆဲဖြစ်သည်။ မကြာသေးမီကာလ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းတွင်ကျင်းပခဲ့သည့် (၆၈)ကြိမ်မြှောက် ပအိုဝ်းအမျိုးသားနေ့၌ မြို့နယ်အဆင့် ရိုးရာယဉ်ကျေးမှု အကတွင် ပင်လောင်းမြို့နယ်ကိုယ်စားပြုအဖွဲ့ကပထမဆုအဖြစ်လည်းကောင်း၊ နောင်တရားမြို့နယ် ကိုယ်စားပြုအဖွဲ့ကဒုတိယဆုအဖြစ်လည်းကောင်း၊ မြို့နယ်အဆင့် ခေတ်ပေါ်ယဉ်ကျေးမှုအကတွင် နောင်တရားမြို့နယ် ကိုယ်စားပြုအဖွဲ့ကပထမဆုအဖြစ်လည်းကောင်း၊ ပင်လောင်းမြို့နယ်ကိုယ်စားပြု အဖွဲ့ကဒုတိယဆုအဖြစ်လည်းကောင်းအသီးသီးရရှိခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် စည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှုတိုးတက်မြင့်မားနေသည်ကိုဂုဏ်ဖော်နိုင်ခဲ့ပါသည်။
ပအိုဝ်းအမျိုးသားများ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် ၁၉၅၄-ခုနှစ်၌ ပအိုဝ်းလူမျိုးများမဲပေးနိုင်ရန် အခက်အခဲအမျိုးမျိုးကြားထဲမှ ပင်လောင်းမဲဆန္ဒနယ်ရှိမိဘပြည်သူများသည် မျိုးချစ်စိတ်အရင်းခံပြီး နိုင်ငံရေးပရိယာယ်ကြွယ်ဝစွာဖြင့် မဲပေးရွေးချယ်ခဲ့ကြသည့်အတွက် ပင်လောင်းမဲဆန္ဒနယ်(၁)နယ်သာ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)အမတ် ဦးထွေးလုံကအနိုင်ရရှိခဲ့သည်ကို မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် တွေ့မြင်ခဲ့ရပါသည်။ ပင်လောင်းမြို့နယ်သည် ကောင်စီခေတ်ကတည်းကပင် ခေတ်အဆက်ဆက် ပအိုဝ်းလူမျိုးကသာအကြီးအကဲအဖြစ် အုပ်ချုပ်လာခဲ့ပြီးပြောင်းလဲလာသည့် ယနေ့ခေတ်တိုင် တွေ့မြင်နေရပါသည်။ လွန်ခဲ့သည့် ၂၀၁၅-ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ မြို့နယ်အလိုက် မဲရရှိမှုရာခိုင်နှုန်းကို ကြည့်ခြင်းအားဖြင့်လည်း ဆီဆိုင်မြို့နယ်(၆၉.၃၃%)၊ ဟိုပုံးမြို့နယ်(၇၂.၂၇%)၊ ပင်လောင်းမြို့နယ်(၇၂.၉၇%)ဖြင့် ပင်လောင်း မြို့နယ်၏ မဲရလဒ်ရာခိုင်နှုန်းသည် အများဆုံးဖြစ်နေသည်ကိုလည်းရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅-ခုနှစ် မဲရလဒ်ထုတ်ပြန်ချက်အရသိရှိခဲ့ရပါသည်။
အစိုးရပညာရေးနှင့်ပတ်သက်၍ ၁၉၆၃-ခုနှစ် ပင်လောင်းမြို့နယ်တစ်ခုလုံးတွင် အစိုးရစာသင်ကျောင်း (၃)ကျောင်းသာရှိခဲ့သည်ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း ပြောပြချက်အရ သိရှိခဲ့ရပါသည်။ ထိုအချိန်တွင် အစိုးရပညာရေးကိုလေ့လာသင်ယူလိုပါကရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတို့ရှိဘုန်းကြီးကျောင်းများတွင် သွားရောက်နေထိုင်မှသာ ပညာသင်ယူ လေ့လာခွင့်ရရှိနိုင်ပြီးယနေ့တွင် ပင်လောင်းမြို့နယ်(၁)ခုလုံး၌ အစိုးရစာသင်ကျောင်းမူလတန်းကြို အပါအဝင်(၂၁၆)ကျောင်းအထိအရေအတွက်အားဖြင့် တိုးတက်လာနေသည်ကိုတွေ့မြင်ရပါသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ဟိုပုံးမြို့နယ်တွင် ဖြေဆိုသူ(၉၇၀)ဦး၊ အောင်မြင်သူ(၂၆၄)ဦး ရာခိုင်နှုန်းအနေဖြင့် (၂၇.၂၂%)၊ ဆီဆိုင်မြို့နယ်တွင် ဖြေဆိုသူ(၉၁၁)ဦး၊ အောင်မြင်သူ(၂၂၁)ဦးရာခိုင်နှုန်းအနေဖြင့်(၂၄.၂၆%)၊ ပင်လောင်းမြို့နယ်တွင် ဖြေဆိုသူ(၂၁၈၆)ဦး၊ အောင်မြင်သူ(၇၂၆)ဦး၊ ရာခိုင်နှုန်းအနေဖြင့်(၃၃.၂၁%)ဖြင့် ဝင်ရောက်ဖြေဆိုသူအနေဖြင့် အခြားမြို့နယ်များထက်(၂)ဆကျော်ထက်များပြီး အောင်မြင်သူများသည် လည်း ရာခိုင်နှုန်း အများဆုံးမြို့နယ်(၁)ခုဖြစ်နေသည်ကို မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူများနှင့် ဖြေဆိုအောင်မြင်သူများစာရင်းတွင် တွေ့မြင်နေရပါလိမ့်မည်။
မြန်မာနိုင်ငံရှိရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ စစ်ကိုင်း၊ ရှမ်း/တောင်(တောင်ကြီး) စသည့် တက္ကသိုလ်အသီးသီးတွင် လည်းအဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာသင်ယူနေသည့် ပအိုဝ်းကျောင်းသား/သူများတွင် ပင်လောင်းဒေသမှပအိုဝ်းလူငယ်များ အများဆုံးဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ ၎င်းတက္ကသိုလ်အသီးသီးရှိပအိုဝ်းကျောင်းသား/သူများ၏ လှုပ်ရှားမှုများတွင် ဦးဆောင်ဦးရွက်ပြုနေသူများသည်လည်းပင်လောင်းဒေသမှ ပအိုဝ်းကျောင်းသား/သူများဖြစ်နေသည်ကို မိမိတက္ကသိုလ်ကျောင်းသားဘဝကတည်းကပင်သတိထားမိပြီးယနေ့တိုင် ဂုဏ်ယူလေးစားဖွယ် တွေ့မြင် နေရပါသေးသည်။ လူငယ်ပညာတတ်များမွေးထုတ်နေသည်နှင့်အညီ အစိုးရဌာနအသီးသီးတွင် လည်းကောင်း၊ ကုမ္ပဏီ/အဖွဲ့အစည်းအသီးသီးတွင်လည်းကောင်း ဝင်ရောက်တာဝန်ယူထမ်းဆောင် နေကြသည့် မျိုးဆက်သစ်ခေါင်းဆောင်များလည်းအများအပြားရှိနေပါသေးသည်။
နိဂုံးချုပ်အနေဖြင့် မည်သည့်အရာမဆိုအဆိုးနှင့်အကောင်းအမြဲဒွန်တွဲနေပြီး ပင်လောင်းဒေသ၏ ကောင်းမွန်သည့်အရာများကို အခြားဒေသရှိပအိုဝ်းလူမျိုးမှအတုယူနိုင်စေရန်နှင့် ပင်လောင်းဒေသကဲ့သို့ ကဏ္ဍပေါင်းစုံတွင်ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်ပရိတ်သတ်များအတွက်အားအင်တစ်ရပ်အဖြစ် ရည်ရွယ်ပြီး လက်ရှိပကတိအခြေအနေအတိုင်းရိုးသားစွာဖြင့် ပင်လောင်းဒေသကို “ပအိုဝ်းလူမျိုးတို့၏ စံပြဒေသ” ဟု ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။
ခွန်သွောင်းထို
ခွန်ဖြားဗွာခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS