Sunday, July 2, 2017

နည်းပညာတက္ကသိုလ်(တောင်ကြီး) ပအိုဝ်းကျောင်းသား/ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂) ရက်





၂၀၁၆-၁၇ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)မှ ပညာသင်ယူနေသော ပအိုဝ်း ကျောင်းသား/ကျောင်းသူ များ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ နံနက်(၉း၀၀) နာရီ ၊ တောင်ကြီး နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်  ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ ပအိုဝ်းအမျိုးသားအလံကို အလေးပြုပြီး "ပအိုဝ်းသွီး" တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး  နည်းပညာတက္ကသိုလ်(တောင်ကြီး) မှ ပါမောက္ခ ဒေါက်တာရီရီပြုံး၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဥက္ကဌ ဖြားခွန်ဝင်းကို  တို့မှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူး ခွန်ကြည်မှ  ပညာရေးနှင့် ပတ်သက်သည့်စကားများကိုလည်း ပြောကြား ပေးခဲ့ကြောင်း သိရသည်။

"ယခုလိုမောင်မယ်သစ်လွင်ကြိုဆိုပွဲ တစ်နှစ်တစ်ကြိမ် ကျင်းပရခြင်းသည် ကျောင်းသား/သူများအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်၊ ရင်းနှီးမှုရှိစေရန်၊ ပအိုဝ်းတိုင်းရင်းသားယဉ်ကျေးမှုကို အဓွန့်ရှည်တည်တံ့ ခိုင်မြဲလာစေရန်၊ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ပေးရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း"  နည်းပညာ တက္ကသိုလ်(တောင်ကြီး)မှ ရှေ့ဆောင်ကျောင်းသား ဥက္ကဋ္ဌ ခွန်ဖိုးလွန်က ပြောကြားကြောင်း သိရသည်။

အဆိုပါကြိုဆိုပွဲတွင် ပအိုဝ်းတိုင်းရင်းသား ရိုးရာအကများဖြင့် ကပြဖျော်ဖြေပေးသည် သာမက အခြားတိုင်းရင်းသားရိုးယာအကများလည်း ကပြဖျော်ဖြေပြီး "KING AND QUEEN" တစ်ဦးစီများကိုလည်း ရွေးချယ်ပေးခဲ့ပါသည်။ အဆိုပါပွဲသို့ ရှမ်းပြည်နယ်အတွင်းမှ ပအိုဝ်း ကျောင်းသား/သူများသာမက ရန်ကုန်၊ မန္တလေး၊ ဘားအံ၊ မော်လမြိုင် တို့မှ ပအိုဝ်းတက္ကသိုလ် ကျောင်းသား/သူများသည်လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မျင်းမိုရ်ခွန်

Powered by Blogger.