Thursday, July 20, 2017

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုဖြင့် (PNA) တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုများ စုပေါင်းသစ်ပင်စိုက် ပွဲတော်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်







အထူးဒေသ (၆) ကျောက်တလုံးကြီးမြို့၊ နောင်ယာဆိုင်းဆည်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုဖြင့် PNA - အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထုများ မိုးရာသီ သစ်ပင် စိုက်ပွဲတော်ကို ယနေ့ ဇူလိုင်လ (၂၀ ) ရက်နေ့တွင်ကျင်းပကြောင်းသိရသည်။

အဆိုပါသစ်ပင်စိုက်ပွဲတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီ တက်ရောက်အဖွင့် အမှာစကားပြောကြားပေးခဲ့ရာ သစ်ပင်စိုက်ပျိုးသည့်ကာလဖြစ်သည့်အတွက် အထူးဒေသ(၆) ပအိုဝ်းအမျိုးသား နေထိုင်ရာဒေသဖြစ်သော နောင်ယာဆိုင်းဆည်တွင် သစ်ပင်စိုက်ပျိုးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး "ဥတုရာသီ တောကိုမှီ" ဆိုသည့်ဆောင်ပုဒ်အတိုင်း သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် ရပ်ရွာဒေသစိမ်းလန်းစိုပြေခြင်း၊ သစ်ပင်၊ ၀ါးပင်များ စိမ်းလန်းခြင်းကို ခံစားခဲ့ရပါသည်။ စိုက်ပျိုးထားသည့် သစ်ပင်၊ ပန်းပင်များကို အလဟသမဖြစ်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပြီး မြို့ပြင်၊ ရွာပြင်၊ ဈေးပတ်ဝန်းကျင် အစရှိသည့်နေရာဒေသများကို စိမ်းလန်းစိုပေ၀င်းပစေရန်အတွက် သစ်ပင်များကို စိုက်ပျိုးပေးကြပါရန် အထူးလိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၏ ပြောကြားချက်မှာ "တပ်မတော် သားများနှင့် ပအိုဝ်းတိုင်းရင်းသားများ၊ ပအိုဝ်းပြည်သူ့စစ်များဟာ ကိုယ့်ရဲ့မိသားစုညီအစ်ကိုမောင်နှမ လိုစိတ်ထဲမှာ အမြဲတမ်းရှိပါတယ်။ ဒီဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး အစရှိသည့်အရေးအရာများကို ဖွံ့ဖြိုးတိုတက်အောင် စိတ်ဆန္ဒတွေအများအပြားရှိပါတယ်။ ဒါကြောင့် တပ်မတော်သားများနှင့် ဒီမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်များလက်တွဲပြီး ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။ သစ်ပင်စိုက်တာနဲ့ပတ်သက်ပြီး အခုမြင်နေရတဲ့ရေကန်ဟာ အရင်တုန်းကရေ (၁၂) ရာသီလုံး ရှိတဲ့အနေအထားမှာရှိပါတယ်။ အခုနောက်ပိုင်း သစ်တောများပြုန်းတီးမှုကြောင်း ရေတွေခန်းခြောက်လာပြီး ရေတွေမရှိတော့သည့်အနေအထားမှာရှိပါတယ်။ ဒီရေကန်ဟာအရင်လို ရေကန် အပြည့်များပြန်ဖြစ်လာအောင် သစ်ပင်များစိုက်ပျိုးမယ် သဘာဝပတ်ဝန်းကျင်တွေကို ပြန်လည်ထိန်းသိမ်းမယ်ဆိုရင် ဒီဒေသများရဲ့အနီးတစ်ဝိုက်မှာ စိမ်းလန်းစိုပြေတောက်ပလာမည်ဖြစ်ကြောင်း " ပြောကြားခဲ့ပါသည်။

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း မှ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ ကွပ်ကဲရေးမှူး ဖြားခွန်မြင့်အောင်၊ အမှတ် (၄၂၆) ခြေလျင်တပ်ရင်း၊ တပ်ရင်းမှူး၊ နောင်ခဲကျေးရွာအုပ်ချုပ်ရေးမှူး ဖြားခွန်သော တို့အား ပျိုးပင်များကိုပေးအပ်ခဲ့ပါသည်။ စိုက်ပျိုးခဲ့သည့်သစ်ပင်အမျိုးအစားများသည် ၀က်သစ်ချ (၄၀၀) ပင်၊ မဟောဂနီ (၃၀၀) ပင်၊ သြရေးရှား (၅၀၀) ပင်၊ ပိတောက် (၃၀၀) ပင်၊ စိန်ပန်း (၄၀၀) ပင်၊ ကုက္ကိုလ် (၁၀၀) ပင် အပင်အရေအတွက်ပေါင်း (၂၀၀၀) ပင်စိုက်ပျိုးပေးခဲ့ပါသည်။ ထိုနောင်ယာဆိုင်းဆည်များသည် ၁၉၅၈ ခုနှစ်တွင် ငြိမ်းချမ်းရေးရယူပြီးနောက် နောင်ယာဆိုင်းကန်ကြီးကို ဗိုလ်ချုပ်စံသိန်းမှ ပအိုဝ်းဒေသတွင် မူးယစ်ဆေးစွဲသည့်သူများကို ခေါ်ဆောင်ကာ ဆေးဖြတ်စခန်းတည်ဆောက်ပြီး အများသူငါသောက်သုံးခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် နောင်ယာဆိုင်းရေကန်ကြီးကို တူးဖော်ပေးခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်စံသိန်းကို ဂုဏ်ပြုသည့်အနေဖြင့် နောင်ယာဆိုင်းကန်ကို ပြန်လည်တူးဖော်ပြုပြင်ပေးခဲ့ပြီး ကန်အတွင်းရေများပြည့်နက်လာအောင် ဆည်ပတ်ဝန်းကျင်များသည်လည်း သစ်ပင်များ စိမ်းလန်းစိုပြေတောက်ပလာအောင်ရည်ရွယ်၍ စိုက်ပျိုးပေးခဲ့ ပါသည်။ အဆိုပါအခန်းအနားများကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ၀င်းမင်းထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဌ ဖြားခွန်စံလွင်၊ (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ကွပ်ကဲရေးမှူး ဖြားခွန်မြင့်အောင်၊ အမျိုးသာလွတ်တော် ဖြားခွန်သိန်းဖေ၊ ပြည်သူ့လွတ်တော် ဖြားခွန်မောင်သောင်း၊ ဖြားခွန်သန်းထူး၊ ခွန်အောင်ကျော်၊ (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပခတပ်ဖွဲ့ဝင်အင်အား (၅၀)ဦး၊ (PNA) တပ်ဖွဲ့ဝင်အင်အား (၃၀၀) ဦး၊ ဒေသခံပြည်သူလူထုအင်အား (၅၀၀) ဦး တက်ရောက်သူဦးရေ (၈၅၀) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

နန်းအိနြေ္ဒခမ်း

Powered by Blogger.