Monday, August 14, 2017

ပအိုဝ်းဒေသအတွင်း မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံမှ လှုမှုကယ်ဆယ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့က ဒေသဦးစီးဥက္ကဋ္ဌ အားလာရောက်ဆွေးနွေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်






ပအိုဝ်းဒေသအတွင်း မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံမှ လှုမှုကယ်ဆယ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်အား ယနေ့  ၂၀၁၇ ခုနှစ် ၊ သြဂုတ်လ (၁၄) ရက် နံနက်(၁၀း၃၀) အချိန်၊ ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ထီးဖြူပိုင်ကုမ္ပဏီအဖွဲ့မှ ပအိုဝ်းဒေသအတွင်း မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ဆောင်နိုင်ရန် လုပ်ငန်းစီမံကိန်းအကြောင်းအရာများကို ရှင်းလင်းတင်ပြကာ ဒေသဦးစီးဥက္ကဋ္ဌက မိမိတို့ဒေသတွင် လုပ်ဆောင်နိုင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖြားခွန်မောင်ပယ်၊ ဖြားခွန်လှသိန်း၊ ဖြားခွန်မောင်ဖြူ၊ ဗိုလ်မှူးသက်နောင်စိုး နှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
 
ပအိုဝ်းဒေသ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ဆောင်နိုင်ရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့များ အဆင့်ဆင့်ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း၊ ၄င်းစီမံကိန်းများ ဆောင်ရွက်မည်ဆိုပါက ဒေသခံများအနေဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် အလုပ်အကိုင်များကိုလည်းရရှိမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် ထိုင်းဘုရင်၏ ဆန္ဒအရဆင်းရဲ မွဲတေမှုကို လျှော့ချရန် ရည်ရွယ်ကြောင်း၊ ယခုစီမံကိန်းသည် မွေးမြူရေးနှင့် ပတ်သက်ပြီး နို့စားနွားများကို အဓိက မွေးမြူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တာဝန်ရှိပုဂ္ဂိုလ်များအား ၂၀၁၇ ခုနှစ်၊ ဇူလိုင် (၁၀) ရက်နေ့တွင်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နဂါဆားတဲုင်
Powered by Blogger.