Wednesday, December 13, 2017

ပုံမှန်ဝင်ငွေရရှိဖို့ ငှက်ပျောပင်စိုက်ပျိုးကြစို့လား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်



ကျေးလက်တောရွာမှ မိမိတို့ ဘိုးဘွားစဉ်ဆက် မိမိအိမ်ဝင်း၊ မိမိခြံဝင်းတွင် စိုက်ပျိုးလေ့ရှိသည့် အပင်များထဲတွင် ငှက်ပျောပင်ကို အများအားဖြင့် တွေ့ရှိရပေသည်။ ငှက်ပျောသီးမှာ အမျိုးအစားအလိုက် ဆေးဖက်ဝင်အဖြစ် အသုံးပြုလည်းရသည်။ “မနက်သင်္ဘော ညငှက်ပျော “ ဆိုသည့်အတိုင်း အစာခြေအားကောင်းသည့် ငှက်ပျောသီးကို စားသုံးသင့်ကြောင်း ရှေးလူကြီးသူမများ ပြောစကားများပင် ရှိခဲ့သည်။ မိမိ၏မိသားစုအတွက် အနည်းအကျဉ်းလောက်သာ စိုက်ပျိုးထားပေမယ့် စီးပွားဖြစ် စိုက်ပျိုးသူများမှာ ခြံအလိုက် အပင်ပေါင်းများစွာ စိုက်ပျိုးသူများလည်းရှိကြောင်း တောင်ကြီးမြို့ မြောက်ဖက်ရှိ ငှက်ပျောခြံ တစ်ခြံသို့ သွားရောက်လည်ပတ်ရာ မိမိသိလိုသည်များကို ခြံပိုင်ရှင်တစ်ဦးမှ ပြောပြပေးခဲ့သည်။

အရင်က အဆိုပါခြံ ပိုင်ရှင်အနေဖြင့် ပြောင်းများကို စိုက်ပျိုးသော်လည်း အမြတ်ငွေအရနည်းခဲ့သည့်အတွက် ငှက်ပျောပင် ကို ပြောင်းလဲစိုက်ပျိုးထားကြောင်း သိရသည်။ ခြံအကျယ်အ၀န်းအနေဖြင့် (၅)ဧကကျော်ခန့်ရှိရာ ငှက်ပျောပင် နှင့် အခြားသီးနှံများကို စိုက်ပျိုးထားကြောင်း သိရသည်။ စိုက်ထားသည့် ငှက်ပျောအမျိုးအစားမှာ ၀က်မလွတ်နှင့်ရွှေနီသီးတို့ဖြစ်ပြီး အပင်ပေါင်း (၁၀၀၀)ကျော်၊ မြေနေရာ (၄)ဧကခန့် စိုက်ပျိုးထားသည့်အတွက် တစ်နှစ်ဝင်ငွေမှာ အသားတင်အမြတ် သိန်း(၈၀) ကျော်ရှိကြောင်းသိရသည်။

 ငှက်ပျောပင်မှာ ရှေးလူကြီးပြောစကားအရ တပေါင်းလတွင် စိုက်ပျိုးသင့်သည်ဟု ပြောထားသော်လည်း ခုခေတ် ရာသီဥတုအခြေနေအရ ကဆုန် နယုန်လများတွင်သာ စိုက်ပျိုးသင့်ကြောင်း သိရသည်။
၎င်းအနေဖြင့် အပင်များကို နယုန်လဆန်းတွင် စိုက်ပျိုးထားကြောင်း သိရသည်။ တစ်ပင်စိုက်ပျိုးမှု ကုန်ကျစားရိတ်အနေဖြင့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အပင်ပေါက်ဝယ်ယူမှုအပါအ၀င် (၁၅၀၀) (၂၀၀၀)ခန့် ကုန်ကျကြောင်း သိရသည်။ ရေများပေးသွင်းပါက တစ်နှစ်ကျော်ကျော်ကာလအတွင်း အသီးများ စတင်သီးလာပြီး ရေကို ပုံမှန်သွင်းဖို့ လိုအပ်ကြောင်း သိရသည်။ ရေမသွင်းပါက နှစ်နှစ်လောက်မှ အသီးများသီးလာမည်ဖြစ်ပြီး နွေရာသီတွင် ရေကို ပုံမှန်သွင်းပါက အသီးများပိုမိုကောင်းမွန်လှပကြောင်း သိရသည်။ ငှက်ပျောပင်ကို အောက်အနက် (၂)ပေခွဲ၊ အကျယ်(၃)ပေပတ်လည် တူးပြီး စိုက်ပျိုးရကြောင်း သိရသည်။ ရွှေနီအမျိုးအစားမှာ ပိုးများကြိုက်ပြီး ရက်(၂၀) တကြိမ် ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်း သိရသည်။ အစာအဖြစ် ပုလဲဓာတ်မြေသြများကို မိုးဦးကျချိန် ကဆုန် နယုန်လတွင် တစ်ကြိမ်နှင့် မိုးကုန်ခါနီး တော်သလင်း သီတင်းကျွစ်တွင် တစ်ကြိမ် ကျွေးပေးရသည်။ အပင်တစ်ပင်တွင် အပင်ပေါက်များ များစွာပေါက်လာကာ မလိုအပ်သည့်အပင်များကို ခုတ်ထွင်ထားဖို့ လိုပါသည်။ အပင် တစ်စု တစ်စုတွင် အပင်ပေါင်း (၆)ပင်သာ ထားဖို့လိုပြီး အပင်ကြီး (၂)ပင်၊ အပင်လတ်( ၂)ပင်၊ အပင်ငယ်(၂)ပင် အစဉ်အလိုက် ထားဖို့ လိုအပ်ပါသည်။ သို့မှသာ “ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း “စနစ်ဖြင့် တစ်စု တစ်စုတွင် (၆)ပင် ခန့်သာ ထားဖို့ လိုအပ်သည်။ အရင်းအနှီးမလုံလောက်၍ အလုံးအရင်းမစိုက်နိုင်ပါက ပထမဆုံးနှစ်တွင် အပင်ပေါင်း(၁၀၀)ခန့် စိုက်ပျိုးထားပါက အပင်ပေါက် လေးငါးရာခန့် ပြန်လည်ရရှိမည်ဖြစ်သည့်အတွက် ဒုတိယနှစ်ရောက်မှသာ ဆက်လက်တို့ချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အသီးများသီးပါက အပင်ငယ်နည်းသည့်အတွက် သီးသည့် အသီးအားလည်း ကောင်းပါသည်။ အပင်ငယ်များနေလျှင် ခုတ်ထွင်ထားဖို့ လိုပါသည်။ စိုက်ပျိုးတောင်သူများအနေဖြင့် ရာသီဥတုအခြေနေအပေါ် မှီခိုနေရသော်လည်း ငှက်ပျောပင်စိုက်ထားပါက ရာသီဥတုဒဏ်ကို အထူးစိုးရိမ်စရာ မလိုပေ၊ ပြောင်းစိုက်ပါက တစ်နှစ်လျှင် အမြတ်အနည်းအကျဉ်းသာ ရပါသော်လည်း ငှက်ပျောစိုက်ထားပါက အသားတင်အမြတ်များ ကောင်းစွာရရှိမည်ဖြစ်ကြောင်း သိရသည်။

ပုံမှန်ဝင်ငွေရရှိဖို့နှင့် ပင်ပင်ပန်းပန်းပန်းလုပ်ဆောင်ရန်မလိုသည့် ငှက်ပျောပင်ကို တောင်သူများ အနေဖြင့် မြေနေရာဧက လေးငါးဧကခန့် ရှိပါက စိုက်ပျိုးထားဖို့ လိုအပ်ပါသည်။ ရာသီဥတုဒဏ်အတွက် စိတ်ပူရန် မလိုသကဲ့သို့ နှစ်ပေါင်းများစွာ အစဉ်အဆက် အပင်များ တည်ရှိနေမည်ဖြစ်သည့်အတွက် ရေရှည်ပူစရာမလိုပေ။ အသီးသာမက အပင်ပေါက်များကိုပါ ရောင်းထုတ်နိုင်မည်ဖြစ်သည်။ ငှက်ပျောပင်များ သက်တမ်း(၁၄)နှစ် (၁၅)နှစ်ရှိလာပါက အသီးအားကောင်းစေရန် အပင်များကို အကုန်ခုတ်ထွင်ပြီး ပြန်လည် စိုက်ပျိုးဖို့လည်း လိုပါသည်။ သက်တမ်း (၁၄)နှစ်လောက်ရှိပါက တစ်ဝက်လောက်ကို ခုတ်ထွင်ပြီး အသေအချာ ပြန်လည်စိုက်ပျိုးကာ နောက်နှစ်တွင် ကျန်သည့်တစ်ဝက်ကို အကုန်ခုတ်ထွင် ပြန်လည်စိုက်ပျိုးဖို့လိုအပ်ကြောင်း သိရသည်။ တောင်သူများအနေဖြင့် နှစ်ရှည်မျိုးဖြစ်သည့် ငှက်ပျောခြံကို အသစ်တစ်ဖန် ပြန်လည်အသက်သွင်းမှ သာ အသီးများ ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် နှစ်ရှည်မျိုးဖြစ်သည့် ဈေးကွက်ပိုမိုသေချာသည့် ငှက်ပျောပင်များကို စိုက်ပျိုးဖို့ လိုအပ်ကြောင်းကို တင်ပြလိုက်ရပါသည်။

ခွန်ဓဇ

Powered by Blogger.