Monday, March 19, 2018

ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးရုံးဖွင့်ပွဲကို ရပ်စောက်မြို့နယ်၊ ပင်ဖြစ်စံပြကျေးရွာတွင် ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၀)ရက်










ရပ်စောက်မြို့နယ်၊ ပင်ဖြစ်စံပြကျေးရွာတွင် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးရုံးဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ (၁၉) ရက်၊ နံနက် (၉း၀၀) အချိန်တွင် ဖွင့်လှစ်ကြောင်းသိရသည်။

ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ ကွက်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်မြင့်အောင်၊ မျင်မိုရ်တိုင်းခမ်းဗွေ ဖြားဆရာခေါင်တို့က ဖဲကြိုးဖြတ်အခမ်းအနားဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်ပြီး ရပ်စောက်မြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဖြားခွန်စံသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က လမ်းညွှန်အမှာစကားပြောကြားရာ " ယခုလို ရုံးအဆောက်အဦးပေါ်ပေါက်လာပြီဖြစ်သောကြောင်း လူငယ်များစွမ်းရည်မြှင့်တင်အောင် ကြိုးစားရန်နှင့် စီမံခန့်ခွဲမှုတွေလည်း ကောင်းအောင်လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဒေသများ၏ စည်းလုံးညီညွှတ်မှုကိုအခြေခံပြီး ကျောသားရင်သားမခွဲခြားဘဲ ဒေသခံပြည်သူများ အတူတကွပူးပေါင်းလက်တွှဲပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ဖွင့်လှစ်မည့်သင်တန်းများ၊ ရရှိလာမည့်အခွင့်အလမ်းများကို ဒေသခံပြည်သူများအားလုံး ၀ိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ဒေသ၏လိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး စသည့်ပြည်သူများ၏လိုအပ်ချက်များကို ရှမ်းပြည်နယ်အစိုးရထံသော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရထံသော်လည်းကောင်း ၊ သက်ဆိုင်ရာအစိုးရဌာနများထံသော်လည်းကောင်း တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း " ပြောကြားခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေး က" ယခုဖွင့်လှစ်ထားတဲ့ ရုံးအဆောက်အဦးသည် သေချာစွာဆောက်လုပ်ထားခြင်းဖြစ်သလို ပြောစရာမရှိလောက်အောင် ကောင်းမွန်လျက်ရှိသည်ကို တွေ့မြင်နေရကြောင်း၊ ကောင်းမွန်တဲ့အဆောက်အဦးကြီး ပေါ်ပေါက်လာအောင် ၁ ကျပ် ၁ ပြားကစပြီး ၀ိုင်းဝန်းကူညီပါဝင်ပေးကြသော အလှူရှင်များအားလုံး လူအား၊ ငွေအား၊ အကြံဥာဏ်အား၊ ကာယအား နှင့် ဥာဏအား စတာတွေကို အဆောက်အဦးကြီးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးသည်ကိုများစွာ ဂုဏ်ယူမိပါကြောင်း၊ ဒေသရှိပြည်သူများ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိသမျှအားလုံး စည်းလုံးညီညွှတ်စွာ ၀ိုင်းဝန်းပြီးအနစ်သာရပေါ်ထွန်းအောင် ဆောင်ရွက်ပါစေကြောင်း " ပြောကြားခဲ့ပါသည်။

တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များက ရုံးဖွင့်ပွဲအထိမ်းအမှတ်အလံများပေးအပ်ခြင်းနှင့် အလှူရှင်များ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ရပ်စောက်မြို့နယ်၊ အတွင်းရေးမှူး ခွန်သန်းဝင်း က ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။

ရပ်စောက်မြို့နယ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ "ခမ်းရင်သား" သီချင်းအကဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြားခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်မြင့်အောင်၊ မျင်မိုရ်တိုင်းခမ်းဗွေ ဖြားဆရာခေါင်၊ လွတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ပအိုဝ်းအမျိုးသမီးအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားအဖွဲ့များ၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN)၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံရပ်မိရပ်ဖများ စည်ကားသိုက်မြိုက်စွာတက်ရောက်ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.