Thursday, March 8, 2018

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၈)ရက်





အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ (၈) ရက်နေ့ ၊ နံနက် (၉း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။

အဆိုပါပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာကော်မတီ အတွင်းရေးမှူး ဦးထွန်းဦး ၊ အမျိုးသမီးရေးရာ နာယကဖြစ်သည့်  ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် ရှမ်းပြည်နယ်လူမှုရေးရာကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ အခမ်းအနား အစီအစဉ် ဖွင့်လှစ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သန်းမောင်မှ “မတ်လ (၈) ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကုလသမ္မဂ္ဂအဖွဲ့အစည်းများက ဖွဲ့စည်းပေးထား တာဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ကျား/မ တန်းတူအခွင့်အရေး ရရှိစေဖို့ ဂုဏ်သိက္ခာနှင့် အမျိုးသမီးစွမ်းရည်များ မြှင့်မားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ကျင်းပ ခြင်း ဖြစ်ပါတယ်”  ဟု ဂုဏ်ပြုအမှာစကားတွင် ထည့်သွင်းပြော ကြားခဲ့ကြောင်း သိရှိရပါသည်။ 

ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ် Mr. Antonio Guterres ထံမှ ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်လူမှုဝန်ထမ်းဌာန ညွှန်ကြားရေးမှူး ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ ကော်မတီအတွင်းရေးမှူးဖြစ်သည့်  ဦးထွန်းဦးမှ ဖတ်ကြားခဲ့ပါသည်။

International women day ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အမျိုးသမီးနှင့် ငြိမ်းချမ်းရေးကွန်ယက် ရှမ်းပြည်နယ်ကောင်စီမှ ဦးဆောင်သူ ဒေါက်တာမသန္တာဦးက ပြောကြားခဲ့ပြီးနောက် ရှမ်းပြည်နယ်အတွင်း အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားစေရန်ဆောင်ရွက်ခဲ့ကြသည့် အမျိုးသမီးများအား ဂုဏ်ပြုမှတ်တမ်း လွှာချီး မြှင့်ပေးခဲ့သည်။ ထို့နောက် ကြွရောက်လာကြသော လူကြီးမင်းများနှင့်တကွ ဧည့်သည်တော်များ အားလုံး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ထွန်းကြည်
Powered by Blogger.