တစ်ဖက်တွင်လည်း ခေတ်သည်လည်းကောင်း၊ စနစ်သည်လည်းကောင်း၊ အစဉ်အမြဲ ပြောင်းလဲ၍နေပါသည်။ ခေတ်စနစ်များပြောင်းလဲတိုင်း သမိုင်းအဖြစ်အပျက် အစဉ်အလာများသည်လည်း လိုက်လျောညီထွေပြောင်းလဲ၍နေပါသည်။ ကျန်ရစ်သောခေတ်များ၏ အကြောင်းခြင်းရာ ဖြစ်ပျက်မှုများသည် ထိုခေတ်၏သမိုင်းဖြစ်ရပ်သဖွယ် ကျန်ရစ်နေလေတော့သည်။ မိမိတို့၏ သမိုင်းကိုမသိသောလူမျိုးသည် မှတ်ညဏ်မရှိသော လူတစ်ဦးနှင့်တူသည်။ မိမိလူမျိုး၏ သမိုင်းကို မေ့နေသောလူမျိုးသည် အတိတ်ကာလက မိမိတို့၏ဘိုးဘွားများရှာဖွေတွေ့ရှိခဲ့သည်များကို အသစ်တဖန်ရှာဖွေနေရဦးပေမည်။ တီထွင်ထားသည်များကိုထပ်မံ၍တီထွင်ရပေဦးမည်။ ဘိုးဘွားများ ရင်ဆိုင်ခဲ့ရသော အလားတူပြဿနာများကို ထပ်မံ၍ရင်ဆိုင်ဖြေရှင်းရပေဦးမည်။ ပြုလုပ်ခဲ့ကြသော အမှားများကိုလည်း တဖန်မှားကြပေဦးမည်။ မိမိလူမျိုး၏အတိတ်ဖြစ်ရပ်များကို သမိုင်းအဖြစ် မှတ်တမ်းတင်ထားရှိရန်ကြိုးပမ်းကြရမည်။ လူမျိုးတစ်မျိုး၏လုပ်ဆောင်ချက်၊ ကြိုးပမ်းချက်များကို မှတ်တမ်းမတင်မဖော်ထုတ်နိုင် ကြလျှင်လူမျိုးပါပျောက်ကွယ်သွားနိုင်ပါသည်။
ထို့ကြောင့် လူသားတို့သည် တစ်ဖက်တွင် ကိုယ့်လူမျိုးတို့၏ သမိုင်းမှတ်တမ်းများအဖြစ် မှတ်တမ်းတင်နိုင်ရန် စာပေသည်လည်း အရေးကြီးပြီး မပါမဖြစ်သော အရာပင်ဖြစ်ပြီး မိမိတို့လူမျိုး၏ သမိုင်းအဖြစ်အပျက်များကို စာပေသမိုင်းမှတ်တမ်းများဖြင့် မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း နိုင်ရန်စိတ်ကူးဖြင့် ရှေးဟောင်းအီဂျစ်လူမျိုးတို့သည် ဘီစီ(၃၅၀၀)ခန့်တွင် အရုပ်မော်ကွန်းများကို ရေးထိုးခဲ့ကြသည်။ ယင်းအရုပ်သင်္ကေတများသည်ပင် စာရေးခြင်းအတတ်၏ ပထမဦးဆုံးသော လမ်းစဖြစ်သည်။ ယင်းအီဂျစ်မော်ကွန်းအရုပ်များကိုထွင်ရေးကြရာမှ တဖြည်းဖြည်းအရုပ်များမပီမသ ဖြစ်လာပြီးနောက်တွင် မြှားဦးသဏ္ဍာန်ရှိသည့် သပ်ပုံကျူနီဖောင်း သင်္ကေတများဖြစ်လာရသည်။ ဤရေးနည်းကို သပ်ဟုမြန်မာလိုအနက်ရသော လက်တင်ဘာသာ ကျူနီယပ်ကို အစွဲပြု၍ ကျူနီဖောင်း စာရေးနည်းဟု ခေါ်ပေသည်။
ဤအရုပ်စာမှပင်အခြားစိတ်ကူးစိတ်သန်းကိုအရေးအသားလည်းတစ်နည်းဖြစ်ပေါ်လာသည်။ ဤနည်းတွင် အရုပ်များကို ပြည့်စုံအောင် မဖော်ပြဘဲ တချို့တဝက်ကိုသာ ရေးသားဖော်ပြပြီး ကျန်ဆိုလိုသော အဓိပ္ပါယ်ကို စိတ်ကူး၍ယူခြင်းဖြင့် စာအရေးအသား သင်္ကေတဖြစ်လာရသော အရုပ်စာအမျိုးအစားများဖြစ်သည်။ အာမရိယန်သို့မဟုတ်အာရပ်လူမျိုးတို့သည်ပိုမိုကောင်းမွန်သည့် စာရေးနည်းကို ဖီနီသျှန်တို့ထံမှ တစ်ဆင့်ရယူ၍ သုံးစွဲကြသည်။ သိရသမျှ စာရေးသားရာ၌ ဗျည်းနှင့် သရကို ခွဲခြားပြီး အက္ခရာသက်သက်ကိုသာသုံးသော စာရေးနည်းတို့အနက် ရရမီယန်လူမျိုးတို့၏ အာရမစ် အက္ခရာရေးနည်းသည် ရှေးအကျဆုံးဖြစ်သည်။
ထို့အတူပင် ပအိုဝ်းလူမျိုးတို့၏ အတိတ်သမိုင်းအဖြစ်အပျက်များကို စာပေများဖြင့် မှတ်တမ်းတင်နိုင်ရန်ရည်ရွယ်၍ ကျေးဇူးတော်ရှင်ပအိုဝ်းသံဃာတော်များနှင့် လူပညာရှိများမှ ပအိုဝ်းစာပေများကို တီထွင်ခဲ့သည့်သမိုင်းကို ပြန်လည်လေ့လာမည်ဆိုလျှင် ခေတ်(၃)ခေတ်ရှိသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ခေတ်(၃)ခေတ်အကြောင်းကို မိမိသိသမျှ၊ လေ့လာထားသမျှကို ဦးစီးဦးဆောင်ပြုကြသော ကျေးဇူးတော်ရှင်ဆရာတော်ဘုရားများနှင့်လူပညာရှိများကို ဂါရဝပြုလေးစား ဂုဏ်ယူသောအားဖြင့် မိမိတစ်ဦးတည်းအမြင်ကို အနည်းအကျဉ်း ရေးသားတင်ပြလိုပါသည်။
ပထမခေတ်တွင် ပအိုဝ်းလူမျိုး ကိုယ့်ထီးကိုယ်နန်းဖြင့် ဘုန်းမီးနေလပမာ တောက်ပခဲ့သည့် သုဝဏ္ဏဘူမိသထုံခေတ်ဖြစ်သည်။ သို့သော် ပုဂံပြည့်ရှင်အနော်ရထာမင်းကို စစ်ရှုံးနိမ့်မှုကြောင့် ပအိုဝ်း လူမျိုး၏ပညာရှိရဟန်းများ၊ လူပညာရှင်များနှင့် အခြားအခြားသော ပညာရှင်များ တစ်ကွဲတစ်ပြား ဖြစ်ခဲ့ပြီး ပအိုဝ်းစာပေပထမခေတ် နိဂုံးချုပ်ခဲ့ရသည်ဟု သမိုင်းမှတ်တမ်းများတွင် ဖတ်ကြား လေ့လာခဲ့ရသည်။
ထို့အတူ ပအိုဝ်းစာပေဒုတိယခေတ်ကို ပြန်လည်စတင်သန္ဓေတည်ပေးခဲ့သူမှာ ကျေးဇူးတော်ရှင် မိုင်းပျိုးဆရာတော် “ဘဒ္ဒန္တကဝိသာရ” ပင်ဖြစ်သည်။ ဆရာတော်သည် အေဒီ(၁၈၁၇)သို့ ရောက်သောအခါပအိုဝ်းစာပေအရေးအသားသမိုင်းတွင်ကျော်စောထင်ရှားသည့် မိုင်းပျိုးဆရာတော် ခေတ်ဖြစ်၍နေပေပြီ၊ မိုင်းပျိုးဆရာတော် “ဘဒ္ဒန္တကဝိသာရ” ရေးသားထားသည့် ဝေဿန္တရာဇာတ်တော် လင်္ကာမှာ မြန်မာသက္ကရာဇ် (၁၁၇၈) ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်၊ ကြာသပတေးနေ့ ညနေ(၃)နာရီတွင်ပြီးစီးသည်ဟုရေးသားဖော်ပြထားသည်။ ခရစ်ယာန်သာသနာပြု ဆရာတော်ကြီးများ က ကရင်မျိုးနွယ်စုလူမျိုးများတွင် ပအိုဝ်းတောင်သူတို့သာကိုယ်ပိုင်စာပေရှိကြောင်း ရေးသားထား ကြသည်။
ခရစ်သက္ကရာဇ်(၁၈)ရာစုအစတွင်မိုင်းပျိုးဆရာတော်၊ နောင်ဟိုင်းဆရာတော်၊ စခွီဆရာတော်၊ ဆောင်းပြောင်းဆရာတော်နှင့် ပင်ပွံဆရာတော်ကြီးများသည် ကျော်စောထင်ရှားသော ပအိုဝ်းစာပေ ပညာရှင် ပုဂ္ဂိုလ်ကြီးများပင်ဖြစ်သည်။ ထို့ကြောင့်ကဗျာလင်္ကာဖြင့် “မွိုင်,ပျို;လဲင်း၊ နောင်ဟဲင်းယွို;၊ စခွီခြပ်၊ ပိဋကတ်ပ,ဆောင်;ပြောင်း၊ ပိဋကတ်ဖောင်းပင်ပွံ”ဟု ယနေ့တိုင် အဆိုပါကဗျာလင်္ကာသည် ပအိုဝ်းလူမျိုးတို့၏ ရင်ထဲအသည်းထဲတွင် ထင်ကျန်နေဆဲဖြစ်သည်။ ဆရာတော်ကြီးများသည် ဗုဒ္ဓသာသနာတော်နှင့်ဆိုင်သော ဝိနည်း၊ သုတ္တန်အဘိဓမ္မာတရား ပိဋကတ်စာပေတို့ကို လင်္ကာ ရေးနည်းဖြင့် ဖွင့်ဆိုရေးသားထားသည့် ပအိုဝ်းစာပေများကို ရေးသားထုတ်ဝေကြသည်။ အချို့မှာ လောကီပညာရပ်များဖြစ်သည့် ဗိန္ဓောဆေးပညာနှင့် ဗေဒင်ပညာတို့ကိုလည်း ရေးသားခဲ့ကြသည်ဟု သမိုင်းစာမျက်နှာများတွင် ဖတ်ကြားမှတ်သားခဲ့ရသည်။
ထို့ကြောင့် နှုတ်ပြောဘာသာစကားလုံးတိုင်းကို စာဖြင့်ရေးသားနိုင်ရန် ဗျည်းသရများ ပြည့်စုံမှုနှင့် အသံထွက်များမှန်ကန်မှု လိုအပ်သဖြင့် မိုင်းပျိုးဆရာတော်တီထွင်ခဲ့သော စာပေများကို အခြေခံ၍ ပအိုဝ်းစာပေ တတိယခေတ်တွင် ထီသိမ်ဆရာတော် “ဘဒ္ဒန္တသုနန္ဒ” ပအိုဝ်းစာပေကို တစ်ဖန်ပြန်လည်အသက်သွင်းပေးခဲ့သည့်အချိန်မှစ၍ ယနေ့ထိ ကျေးဇူးတော်ရှင် ဆီဆိုင်မြို့၊ ဇဝနာ ရာမပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသနှင့် အခြားသောကျေးဇူးတော်ရှင် ပအိုဝ်းဆရာတော်ကြီးများမှ ဦးဆောင်၍ ပအိုဝ်းစာပေရေးရာကိစ္စများကို အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်အကောင်အထည်ဖေါ်ရန် “ပအိုဝ်းသံဃာ့သာသနရက္ခိတ” မှ “ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့ (ပအိုဝ်;လိတ်လဲုင်,စွစ်,လီတာ; ဗဟို;သံ;ဃာ;စွို,)”ကို ဖွဲ့စည်းခဲ့ကာ ပအိုဝ်းစာပေ ပြန့်ပွားရေးအတွက် ပအိုဝ်းစာပေဆရာဖြစ်သင်တန်း(ဗဟို)ကို ဦးဆောင်ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၃၄)နှစ်တိတိ ရှိလာပြီဖြစ်သည်။
အဆိုပါနှစ်ပေါင်း(၃၄)နှစ်အတွင်းတွင် အခက်အခဲပေါင်းများစွာကို ကျေးဇူးတော်ရှင်ဆရာတော်များမှ ရှေ့မှမားမားမတ်မတ်ရပ်တည်ပေးခဲ့ကာ ပစ္စည်းလေးပါးတကာ၊ တကာမများ၏ နောက်ကနေ ပံ့ပိုးလှူဒါန်းပေးကြကာ အပြန်လှန်ကူညီပံ့ပိုးရင်း အဆိုပါအခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရသည်ကို စာဖတ်သူများအသိပင်ဖြစ်သည်။
တစ်မူထူးခြားသည်မှာ ယခုနှစ်တွင် ကျင်းပပြုလုပ်သော (၃၄)ကြိမ်မြောက် ပအိုဝ်းစာပေဆရာဖြစ်သင်တန်း(ဗဟို)သည် သင်တန်းသား၊ သူများမြောက်များစွာ တက်ရောက်ခဲ့ကြပြီး သင်တန်းသား၊ သူများကလည်း ပအိုဝ်းအမျိုးသားဝတ်စုံများ၊ ခေါင်းပေါင်းများကို ဆင်တူဝတ်ဆင်ကြကာ ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုကြသည့်ပုံရိပ်များ၊ ပအိုဝ်းအမျိုးသားအလံတော်ပုံနှင့် ဗဟို; သွဉ်တန်,အမဲုင်(၃၄)ပုံကို အကွက်ဖော်သည့်ပုံရိပ်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားတန် အောင်ခမ်းထီကို ကြိုဆိုသည့်ပုံရိပ်များ၊ အထူးဒေသ(၆)အတွင်း သူရိယခမ်း၊ ခွန်ဖြားဗွာခမ်း၊ မျင်,မိုရ်;ခမ်းနှင့် သုဝဏ္ဏခမ်းများမှ သင်တန်းလာတက်ရောက်ကြသော သွေးချင်းညီအစ်ကို ပအိုဝ်းတိုင်းရင်းသားကို စန္တာ;ခမ်းသားတို့သည်လည်း အိမ်ရှင်စိတ်ဓါတ်ပီပီဖြင့် ကြိုဆိုကြ၊ နှုတ်ဆက်ကြသည့် ပုံရိပ်များ၊ ပအိုဝ်းအမျိုးသားတပ်မတော်ဘင်ခရာတပ်ဖွဲ့မှ စစ်သား၊ စစ်သမီးများ၏ ဘင်ခရာ အလှပြကြသည့်ပုံရိပ်များ၊ ပအိုဝ်း ကြက်ခြေနီအသင်းသည်လည်း သင်တန်းသား၊ သူများ၏ ကျန်းမာရေးအတွက် လိုက်ပါပြုစုပေးသည့် ပုံရိပ်များနှင့် အခြားအခြားသော ထူးဆန်းသည့်ပုံရိပ်များသည် ပအိုဝ်းလူမျိုးများအတွက် ကြက်သီးများ တဖျန်းဖျန်းထစေသည့်အပြင် နဂိုရှိပြီးသောမျိုးချစ်စိတ်များလည်း ရင်ထဲအသည်းထဲတွင် ပွက်ပွက်ဆူကာ ပိုမိုစီးဆင်းစေပါတော့သည်။
လူမျိုးတစ်မျိုး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် အခြားသောအရေးအရာမှန်သမျှကို သက်သေထူပေးနိုင်ရန်နှင့်သမိုင်းမပျောက်ကွယ်စေရန်အတွက် စာပေထိန်းသိမ်းခြင်းသည် အရေးအရာရောက်သော၊ အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေသည်။ ထို့ကြောင့် ခေတ်အဆက်ဆက်မှယနေ့အထိ ပအိုဝ်းစာပေပြန့်ပွားရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစား ဦးဆောင်ပေးနေသော ကျေးဇူးတော်ရှင်သံဃာတော်များနှင့် ပစ္စည်းလေးပါးတကာ ဖြစ်ကြလေကုန်သော ပအိုဝ်းလူထုတို့သည်လည်း စာပေပြန့်ပွားရေးလုပ်ငန်းများကို ယနေ့တွင် ကျင်းပပြုလုပ်သော (၃၄)ကြိမ်မြောက် ပအိုဝ်းစာပေဆရာဖြစ်သင်တန်း(ဗဟို)မှသည် နောင်နှစ်ပေါင်း ထောင်၊ သောင်း၊ သိန်း၊ သန်းမက မျိုးဆက်သစ်လူများကို စာပေနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဆက်လက် လက်ဆင့်ကမ်းပေးနိုင်ကြသည်သာမက လူမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ကိစ္စရပ်များတွင်လည်း ကျေးဇူးတော်ရှင်သံဃာတော်များမှဦးဆောင်၍ ဆထက်ထမ်းပိုး ထမ်းဆောင်လုပ်ကိုင်နိုင်ပါစေဟု တပည့်တော်မှ ပအိုဝ်းစာပေဆရာဖြစ်သင်တန်း(ဗဟို)ကို ဦးစီးဦးဆောင်ပေးကြသော ကျေးဇူးတော်ရှင်ဆရာတော်ဘုရားများကို မေတ္တာတရားရှေ့ထားပြီး လက်ဆယ်ဖြာဖြင့် ဦးထိပ်ပန်ဆင်ကာ ဂါရဝပြုလေးစားဂုဏ်ယူအပ်ပါသည်။
ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,
Like On Facebook
Follow On Twitter
Subscribe On RSS