Monday, July 30, 2018

(စတုတ္ထ)အကြိမ် သီရိမင်္ဂလာဗိမာန်တော်ကြီး တည်ဆောက်ရေး အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်









ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် သီရိမင်္ဂလာဗိမာန်တော်ကြီး တည်ဆောက်လျက်ရှိရာ ဇူလိုင်လ (၂၉) ရက်၊ နံနက်(၉)နာရီ၌ ဟိုပုံးမြို့၊ သီရိမင်္ဂလာမွေတော်ဘုရားကြီး၊ အရှေ့ဘက်မုဒ်တွင် (စတုတ္ထ)အကြိမ် တည်ဆောက်ရေးအလှူတော်ငွေပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ပေးအပ်လှူဒါန်းပွဲကို ဖွင့်လှစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ကွန်ပျူတာနည်းပညာသိပံ္ပမှ တာဝန်ရှိသူများနှင့် အလှူရှင်များတို့က သံဃာတော်အရှင်မြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ပရိတ်တရားတော်များ နာယူဆောက်တည်ကာ ပင့်ဖိတ်သံဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ကြကြောင်းသိရသည်။

ဆက်လက်၍ သီရိမင်္ဂလာဗိမာန်တော်ကြီး တည်ဆောက်ရေး ဘဏ္ဍာထိန်းကရ/သုံးငွေစာရင်းအချုပ်ကို တင်ပြ ရှင်းလင်းခဲ့ပြီး (စတုတ္ထ)အကြိမ် သီရိမင်္ဂလာဗိမာန်တော်ကြီး တည်ဆောက်ရေးအလှူတော်ငွေများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအသီးသီးမှ အလှူရှင်များတို့မှ ပေးအပ်လှူဒါန်းရာတာဝန်ရှိသူများတို့က လက်ခံရယူကြပြီး၊ သာဓုအနုမောဒနာဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက် ဆရာတော်ထံမှ ရေစက်ချတရားတော် အတူတကွ နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ ပေးအပ်လှူဒါန်းပွဲကို အောင်မြင်စွာပြီးစီးကြောင်း သိရသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာဗိမာန်တော်ကြီး တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သီရိမင်္ဂလာဗိမာန်တော်ကြီးကို ၂၀၁၆- ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် အုတ်မြစ်စီမင်္ဂလာကျင်းပခဲ့ကာ တည်ဆောက်ခြင်းလုပ်ငန်းများကို စတင်ခဲ့ပြီးပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းနှင့် ပြင်ပအလှူရှင်များတို့က (စတုတ္ထ)အကြိမ်အဖြစ် အလှူငွေ(၄၉,၅၃၃,၉၉၃ိ/-)ကျပ် (လေးရာကိုးဆယ့် ငါးသိန်း သုံးသောင်းသုံးထောင် ကိုးရာကိုးဆယ့် သုံးကျပ်)ကိုပေးအပ်လှူဒါန်းခဲ့ကာ ၂၀၁၆- ခုနှစ် သြဂုတ်လမှ ၂၀၁၈ - ခုနှစ် မေလအထိ စုစုပေါင်း ငွေကျပ် သိန်း (၄၂၉၀)ကျပ်ကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.