တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်
ပအိုဝ်းလူမျိုးများသည် ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ မိုင်းပွန်၊ မောက်မယ်၊ လွိုင်လင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ဖယ်ခုံ၊ မိုင်းပန်၊ နမ့်စန် စသည့်ဒေသအနှံ့အပြားတွင် နေထိုင်လျှက်ရှိကြပါသည်။ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများအနက် ပအိုဝ်းအမျိုးသားများမှာ ဒုတိယလူဦးရေအများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေအများဆုံး ဖြစ်ပါသည်။ ၁၉၂၉-ခုနှစ်တွင် ပဒေသရာဇ်စော်ဘွားများမှ ပအိုဝ်းတိုင်းရင်းသားများအပေါ် အခွန်ကောက်ခံခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းများကြောင့် မခံမရပ်နိုင်ဖြစ်ကာ ပုန်ကန်ထကြွမှုများ ဖြစ်ခဲ့ပါသည်။ ၁၉၄၇-ခုနှစ်တွင် ပဒေသရာဇ်တိုက်ဖျက်ရေးနှင့် အခွန်မပေးရေးတွက်“ပအိုဝ်းညီညွတ်ရေးအဖွဲ့” ဖွဲ့စည်းလှုပ်ရှားခဲ့ပါသည်။
၁၉၄၈-ခုနှစ်၊ KNDOများ သထုံခရိုင်ကို စတင်တိုက်ခိုက်ရာတွင်
ပအိုဝ်းခေါင်းဆောင်သထုံဦးလှဖေပါဝင်ခဲ့ပြီး ၁၉၄၉-ခုနှစ်တွင် တောင်ကြီးမြို့အား
KNDOများ သိမ်းပိုက်ရာတွင် ပါရှိလာခဲ့ပါသည်။ သထုံဦးလှဖေသည် ရှမ်းပြည်နယ်ရှိ ပအိုဝ်းများကို
စည်းရုံး၍ “ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့”အဖြစ်
ဖွဲ့စည်းလှုပ်ရှားခဲ့ ကြပါသည်။ ၁၉၅၀-ပြည့်နှစ်၊ ဇူလှိုင်လတွင် ပအိုဝ်းခေါင်းဆောင်များသည်
ပြည်ထောင်စုအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးအစီအစဉ်အရ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးကာ
ငြိမ်းချမ်းရေးရယူပြီး လက်နက်ချ အလင်းဝင်ရောက်ခဲ့ပါသည်။ ၁၉၅၀-ပြည့်နှစ်၊ သြဂုတ်လတွင်
“ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်”ကို
ဖွဲ့စည်း၍ နိုင်ငံရေးလှုပ်ရှားရာတွင် အစိုးရအား ဆန့်ကျင်လှုပ်ရှားမှုများရှိခြင်းကြောင့်
ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချန်ဇုံ ထိန်းသိမ်းခံခဲ့ရပါသည်။ ၁၉၅၁-ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသည့်အခါ
ဒုတိယအကြိမ် ထပ်မံတောခို၍ လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လမ်းခဲ့ပါသည်။
၁၉၅၈-ခုနှစ် မေလ(၅)ရက်နေ့တွင် သထုံလှဖေ၊
ဗိုလ်ချန်ဇုံခေါင်းဆောင်သော ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အင်အား (၁၀၀၀)ခန့်သည်
လက်နက်များနှင့်အတူ ဒုတိယအကြိမ်အလင်းဝင်ရောက်ခဲ့ပါသည်။ ၁၉၅၈-ခုနှစ်၊ မေလ(၈)ရက်နေ့တွင်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အား ပြည်လည်အားဖြည့်ဖွဲ့စည်း၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပါသည်။
၁၉၆၄-ခုနှစ်တွင် ဥပဒေနှင့် ဆန့်ကျင်ဆောင်ရွက်မှု များကြောင့် အစိုးရမှ ဗိုလ်ချန်ဇုံနှင့်
ခေါင်းဆောင်များအား ထိန်းသိမ်းရာ ပအိုဝ်းတိုင်းရင်းသားများ တတိယအကြိမ် ထပ်မံတောခိုခဲ့ပါသည်။
၁၉၆၅-ခုနှစ်တွင် “ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့”
ဖွဲ့စည်း၍ ကျောက်တလုံး၊ ပင်လောင်းဒေသ၌ လှုပ်ရှားခဲ့ပါသည်။ ၁၉၆၈-ခုနှစ်တွင် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်
ပအိုဝ်းလွတ် မြောက်ရေးအဖွဲ့သည် အခြားတိုင်းရင်းသားများနှင့် ပူးပေါင်း၍ “ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့”
ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့အတွင်း အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့များ ပြဿနာဖြစ်ပွားပြီး အချင်းချင်းတိုက်ခိုက်ခဲ့ပါသည်။ အခြားသောလက်နက်ကိုင်အဖွဲ့နှင့်
သင့်မြတ်မှုမရှိသော ဗကပသည် ပအိုဝ်းလက်နက်ကိုင်အဖွဲ့အားစည်းရုံးသိမ်းသွင်းမှု ပြုလုပ်ခဲ့ပါသည်။
ဗကပအချို့ ပအိုဝ်းအဖွဲ့သို့ လာရောက်ပူးပေါင်းလှုပ်ရှားခဲ့ပါသည်။
၁၉၇၀-ခုနှစ်တွင် ပအိုဝ်းလက်နက်ကိုင်အဖွဲ့သည် “ရှမ်းပြည်နယ်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်
ရေးအဖွဲ့” (ရလလဖ)အမည်ဖြင့် ဖွဲ့စည်း၍
တောင်ကြီး၊ ပင်လောင်း၊ လွိုင်လင် ဒေသများတွင် လှုပ်ရှားခဲ့ ပါသည်။ ၁၉၇၃-ခုနှစ်တွင် ပအိုဝ်းလက်နက်ကိုင်အဖွဲ့အတွင်း ဗကပခေါင်းဆောင်မှုအား အကြွင်းမဲ့ လက်ခံရေး/လက်မခံရေး
ဆွေးနွေးကြရာ သဘောထားကွဲခဲ့ကြပါသည်။ ဗကပအားလက်ခံလိုသည့်အဖွဲ့သည် ပအိုဝ်း(နီ)အဖြစ်လည်းကောင်း၊ ဗကပအား လက်မခံလိုသည့်
အဖွဲ့သည် ပအိုဝ်း(ဖြူ)အဖြစ်လည်းကောင်း
အဖွဲ့(၂)ဖွဲ့ ကွဲခဲ့ပါသည်။ ဗကပအားလက်ခံသည့် ပအိုဝ်း(နီ)အဖွဲ့သည် ရှမ်းပြည်လူမျိုးပေါင်းစုံ
ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အမည်ဖြင့်ပင် ဆက်လက်လှုပ်ရှားခဲ့ပါသည်။ ဗကပအား လက်မခံလိုသည့် ပအိုဝ်း(ဖြူ)အဖွဲ့သည် ၁၉၇၇-ခုနှစ်တွင် “ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်”ဟူ၍
အမည်ပြောင်းလဲကာ အင်းလေး၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးဒေသများတွင် လှုပ်ရှားခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် လက်နက်ကိုင်သူများနှင့်
စုပေါင်းဖွဲ့စည်းခဲ့သော “အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု”
National Democratic Fornt(NDF)သို့လည်းကောင်း၊ ၁၉၈၉-ခုနှစ်တွင် ဖွဲ့စည်းခဲ့သော
“မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်”
Democratic Alliance Of Burma(DAB)သို့
လည်းကောင်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ၁၉၈၉-ခုနှစ်တွင် ဗကပမှ တိုင်းရင်းသားများခွဲထွက်ပြီး
ငြိမ်းချမ်းရေးရယူခဲ့၍ ရှမ်းပြည်မြောက်ပိုင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ
အောင်မြင်မှုများ ရရှိလျှက်ရှိပါသည်။ ထိုအခြေအနေများကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ
ပအိုဝ်းတိုင်းရင်းသားများ တွေ့မြင် ကြားသိရသဖြင့် ယင်းတို့ဒေသတွင်လည်း ငြိမ်းချမ်းရေး
ရယူလိုကြပါသည်။ တောင်ကြီးမြို့နေ ပအိုဝ်းအမျိုးသားများဖြစ်ကြသည့် ဦးခွန်မောင်တုတ်၊
ဦးခွန်ကျော်ဇေယျ၊ ဦးစံအောင်၊ ဦးကျော်သိန်း ခေါင်းဆောင်သော အဖွဲ့သည် ပအိုဝ်းဒေသငြိမ်းချမ်းရေး
ရရှိရန်အတွက် အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။
၁၉၉၀-ပြည့်နှစ်တွင် ယင်းတို့အဖွဲ့သည်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခမ်းထီထံ သွားရောက်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏
ငြိမ်းချမ်းရေး သဘောထားနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီးအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၁၉၉၁-ခုနှစ်၊
ဇန်နဝါရီလတွင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖွဲ့များနှင့်
ထပ်မံတွေ့ဆုံခဲ့ရာ ယင်းတို့ခေါင်းဆောင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း၊
နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကို ကြိုဆိုပါကြောင်း၊ တွေ့ဆုံဆွေးနွေးလိုပါကြောင်း
ပြောကြားခဲ့ပါသည်။ ၁၉၉၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် တတိယအကြိမ်တွေ့ဆုံရာ တပ်မတော်ကိုယ်စားလှယ်အဖွဲ့များနှင့် တရားဝင်တွေ့ဆုံဆွေးနွေးရေး၊ စေလွတ်မည့်ကိုယ်စားလှယ် ရွေးချယ်ရေးကိစ္စများ
ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။
၁၉၉၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင်
တပ်မတော်ထောက်လှမ်းရေးမှ ကိုယ်စားလှယ်အဖွဲ့ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖွဲ့များသည် တောင်ကြီးမြို့၌ တွေ့ဆုံခဲ့ကြပါသည်။ တပ်မတော်ထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတော်အစိုးရ၏
ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သဘောထားများရှင်းပြရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှလည်း
တပ်မတော်အစိုးရ၏ ဒို့တာဝန်အရေးသုံးပါးကို နားလည်သဘောပေါက် လက်ခံပါကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုးရေးအတွက်
ငြိမ်းချမ်းရေးရယူ၍ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၁၉၉၁-ခုနှစ်၊ မတ်လ (၂၁)ရက်နေ့တွင် ယင်းတပ်ဖွဲ့ဝင်များအား
စုစည်း၍ ညီလာခံပြုလုပ်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရယူရန်နှင့်
တပ်ပေါင်းစုများမှ နှုတ်ထွက်ရန်သဘောထားတောင်းခံခဲ့ရာ အားလုံးသဘောတူညီကြသဖြင့် ထိုနေ့တွင်ပင်
(NDF),(DAB) တို့၏ အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ကြောင်းကြေငြာခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည်
၁၉၉၁-ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် ကျောက်တလုံးဒေသ ထီရီးရွာ၌ ပအိုဝ်းရွာများမှ ဘုန်းတော်ကြီးများ၊ ကျေးရွာလူကြီးကိုယ်စားလှယ်များ (၂၀၀)ခန့်ဖြင့် ပအိုဝ်းအမျိုးသားညီလာခံ ပြုလုပ်ခဲ့ကြပါသည်။
ထိုညီလာခံတွင် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူကာ ပအိုဝ်းဒေသဖွံ့ဖြိုးရေးအတွက်
ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ညီလာခံကိုယ်စားလှယ်များမှ
ငြိမ်းချမ်းရေးကို အပြည့်အဝထောက်ခံကြိုဆိုကြောင်း၊ ပအိုဝ်းဒေဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရာတွင်
အမျိုးသားရေးလှုပ်ရှားမှု ပုံသဏ္ဍာန်ဖြင့် တက်ကြွစွာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မည်ဖြစ်ကြောင်း
သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။
၁၉၉၁-ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူး(၁)နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်သောအဖွဲ့သည်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခမ်းထီခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အတွင်းရေးမှူး(၁)မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တရားဥပဒေဘောင်အတွင်း
ဝင်ရောက်လာခြင်းအား ကြိုဆိုပါကြောင်း၊ တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထား၍
နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပါကြောင်း၊ ပအိုဝ်းဒေသဖွံ့ဖြိုးရေးအတွက်လည်း
ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီမှ ပအိုဝ်းတပ်ဖွဲ့ဝင်များနှင့်
ပအိုဝ်းလူထု ငြိမ်းချမ်းရေးရယူလိုသည့် သဘောထား၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ကြပုံ၊
ယင်းတို့အဖွဲ့၏ အခြေအနေ၊ ဒေသဖွံ့ဖြိုးရေး အတွက်ဆောင်ရွက်လိုသည်များကို ဆွေးနွေးတင်ပြပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ တရားဥပဒေဘောင်အတွင်းဝင်ရောက်၍ ငြိမ်းချမ်းရေးရယူခြင်း
ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန်များကို အပြီးသတ်ဆွေးနွေးညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ပါသည်။
၁၉၉၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှစ၍
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အား မတရားသင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပါသည်။ ၁၉၉၁-ခုနှစ် ဧပြီလ(၁)ရက်နေ့တွင်
ငြိမ်းချမ်းရေးရယူပြီး နိုင်ငံတော်အစိုးရမှ ရှမ်းပြည်နယ်တောင်ပိုင်းကို
အထူးဒေသ(၆)အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ငြိမ်းချမ်းရေးရယူပြီးချိန်မှစ၍
ယနေ့အချိန်အထိ နိုင်ငံတော်မှ ရိက္ခာငွေကြေး
ထောက်ပံ့ကူညီခြင်းနှင့် ယင်းတို့ဒေသအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် နိုင်ငံတော်၏ထောက်ပံ့မှုအပြင် ယင်းတို့အဖွဲ့ အဖွဲ့ပိုင်အဖြစ်
တရားဝင်ကုမ္မဏီများ ထူထောင်၍ ကျောက်မျက်တူးဖော်ခြင်း၊ စိုက်ပျိုးရေးနှင့် ဟိုတယ်တည်ထောင်ခြင်း
စသည့်လုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်လျှက်ရှိပါကြောင်းနှင့် ဒေသဖွံ့ ဖြိုးရေးအတွက်
နိုင်ငံတော်အစိုးရနှင့်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိပါကြောင်း ကောက်နုတ်တင်ပြလိုက်ရပါသည်။
ကိုးကား - တပ်မတော်အစိုးရ၏
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်းဆောင်ရွက်ချက်များ
လွန်းလွို(ခမ်းလွယ်လုံ/ပင်လောင်း)
Like On Facebook
Follow On Twitter
Subscribe On RSS