Wednesday, May 8, 2019

ပအိုဝ်းလူမျိုးတို့၏ ရိုးရာအစားအစာများကို ဖော်ဆောင်မြှင့်တင်လို့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကြပါစို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၈)ရက်


တိုင်းရင်းသားပေါင်းစုံဖြင့် စုဖွဲ့ထားသည့် ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တွင် မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးသည်လည်း ပါဝင်ပေသည်။ မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် ရှေးပဝေသဏီကတည်းကပင် အခြားသော ညီနောင်တိုင်းရင်းသားလူမျိုးများနည်းတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ခဲ့ကြသည်မှာ နှစ်ပရိစ္ဆေဒအားဖြင့် အချိန်ကြာညောင်းခဲ့ပြီလည်းဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ပြည်ထောင်စုကောင်စီနယ်မြေများနှင့် ပဲခူးတိုင်းဒေသကြီးအပါအဝင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နေရာအနှံ့အပြားတွင် ပြန့်နှံ့နေထိုင်လျက်ရှိကြပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင်မူ အများဆုံး စုပေါင်းနေထိုင်လျက်ရှိကြပါသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အိမ်နားနီးချင်းနိုင်ငံဖြစ်သည့် ယိုးဒယားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံများတွင်လည်း ပြန့်နှံ့နေထိုင်လျက်ရှိကြပေသည်။ ပအိုဝ်းလူမျိုးတို့၏ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်ရာတွင် မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများကို ပျူလူမျိုး အဖြစ်သော်လည်းကောင်း၊ ပအူလူမျိုးအဖြစ်သော်လည်းကောင်း၊ တောင်သူလူမျိုးအဖြစ်သော်လည်းကောင်း၊ ပအိုဝ့်လူမျိုးအဖြစ်သော်လည်းကောင်း အမျိုးမျိုးခေါ်ဆိုမှတ်တမ်းတင်ရေးသားခဲ့သည်ကို သမိုင်းတွင် လေ့လာတွေ့ရှိခဲ့ရပါသည်။ မည်သို့ပင်ဆိုစေကာမူ ပျူသည်လည်း ပအိုဝ်း၊ ပအိုဝ်းသည်လည်း ပျူ၊ တောင်သူသည်လည်း ပအိုဝ်း၊ ပအိုဝ်းသည်လည်း တောင်သူအဖြစ် မပြောင်းလဲပေ။ အတူတူပင်ဖြစ်ပေသည်။ အခေါ်အဝေါ်၊ အသုံးအနှုန်းများ မည်သို့ပင်ပြောင်းလဲနေစေကာမူ မိမိတို့၏ ခန္ဓာကိုယ်အတွင်း လည်ပတ်စီးဆင်းနေသည့်သွေးသည် ပအိုဝ်းသွေးစစ်စစ်ပင်ဖြစ်သည်။ မိမိတို့ ပအိုဝ်းတိုင်းရင်းသားလူမျိုးများတွင် လူမျိုးတစ်မျိုးအဖြစ်ခေါ်ဆိုထိုက်သည့် ဂုဏ်အင်္ဂါလက္ခဏာရပ်များဖြစ်ကြသော ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများဖြင့် ပြည့်စုံလျက်ရှိပြီး ရှေးဘိုးဘွားစဉ်ဆက်လက်ထက် အဆက်ဆက်မှသည် ယနေ့ထိတိုင် သီးခြားရပ်တည်နေသည့် တိုင်းရင်းသားလူမျိုးတစ်မျိုးလည်းဖြစ်ပေသည်။

ယခုဆောင်းပါးသည် မိမိတို့ပအိုဝ်းတိုင်းရင်းသားတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ်ပါဝင်နေသည့် ပအိုဝ်းလူမျိုးတို့၏ ရိုးရာအစားအစာအကြောင်းကို မိမိလက်လှမ်းမီသမျှနှင့် ပြည်ထောင်စုထဲကပအိုဝ်းစာအုပ်မှ ကိုးကား၍ စာဖတ်ပရိတ်သတ်များအား ပြန်လည်ရေးသားတင်ပြပေးသွားမည်ဖြစ်သည်။ ဤဆောင်းပါးအား ရေးသားဖြစ်ရခြင်းအကြောင်းသည်လည်း ယခင့်ယခင်တွင် မျိုးချစ်စာရေးဆရာ ရဟန်းသံဃာတော်များ၊ လူပုဂ္ဂိုလ်များသည် ပအိုဝ်းလူမျိုးနှင့်ပတ်သက်သည့် ပအိုဝ်းလူမျိုးသမိုင်းကြောင်းများ၊ ပအိုဝ်းလူမျိုးတို့၏ ယဉ်ကျေးမှုအကြောင်းများ၊ ရိုးရာဝတ်စားဆင်ယင်မှုအကြောင်းများ၊ ပအိုဝ်းစာပေသမိုင်းကြောင်းများ၊ ပအိုဝ်းရိုးရာပွဲတော်အကြောင်းများ စသည့်အကြောင်းအရာများကို အင်တာနက်စာမျက်နှာတွင်သော်လည်းကောင်း၊ ပအိုဝ်းမဂ္ဂဇင်းစာအုပ်များတွင်သော်လည်းကောင်း မကြာခဏဆိုသလို ရေးသားတင်ပြပေးလျက်ရှိနေပြီးဖြစ်သည်ကို တွေ့ရှိဖတ်သားခဲ့ဖူးပါသည်။ သို့ပါသော်လည်း ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ်ပါဝင်နေသည့် ရိုးရာလက်မှုပညာအကြောင်းများနှင့် ရိုးရာအစားအစာအကြောင်းများကိုမူ တွေ့မြင်ဖတ်ရှုခဲ့ဖူးခြင်း မရှိသေးပေ။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားမျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့်  မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်ဖြစ်သည့် ပအိုဝ်းရိုးရာအစားအစာအကြောင်းများကို သိရှိစေလိုခြင်းကြောင့်သော်လည်းကောင်း၊ ဘိုးဘွားစဉ်ဆက်လက်ထက် အဆက်ဆက်က ထိန်းသိမ်းခဲ့သည့် သမိုင်းမှတ်တမ်းများ မမှေးမိန် မပျောက်ကွယ်ရလေအောင် လက်ဆင့်ကမ်းထိန်းသိမ်းစေလိုခြင်းကြောင့်သော်လည်းကောင်း၊ ပအိုဝ်းလူမျိုးတို့၏ ရိုးရာအစားအစာများကို မြန်မာနိုင်ငံရှိ အခြားသောညီနောင်တိုင်းရင်းသားများအပြင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် သိရှိလာစေရန် ပြန်လည်မြှင့်တင်ဖော်ဆောင်နိုင်ရန်အတွက်သော်လည်းကောင်း ရည်ရွယ်၍ ယခုဆောင်းပါးအားရေးသားတင်ပြပေးလိုက်ရခြင်းလည်းဖြစ်ပေသည်။

မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများနည်းတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှီတင်း နေထိုင်လျက်ရှိကြသည့် အခြားသောညီနောင်တိုင်းရင်းသားများတွင်လည်း ၎င်းတို့၏ မြတ်နိုးတန်ဖိုးထားရာ ဂုဏ်အင်္ဂါလက္ခဏာရပ်များဖြစ်ကြသော ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများဖြင့် သီးသန့်ရပ်တည်လျက်ရှိကြပေသည်။ အခြားသော ညီနောင်တိုင်းရင်းသားများအနေဖြင့် ၎င်းတို့၏ မြတ်နိုးတန်ဖိုးထားရာ ဂုဏ်အင်္ဂါလက္ခဏာရပ်များ တိုးတက်မြှင့်မားအောင် ဖော်ဆောင်ခြင်းအရေးသည် ၎င်းတို့၏ လူမျိုးတိုင်းအပေါ်တွင် မှီတည်သကဲ့သို့ မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ဂုဏ်အင်္ဂါလက္ခဏာရပ်များ မမှေးမိန်မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းခြင်းအရေးသည်လည်း မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်စီတာဝန်ရှိကြပေသည်။ ထို့သို့ ထိန်းသိမ်းဖို့လျှင် ပအိုဝ်းလူမျိုး၏ ဂုဏ်အင်္ဂါလက္ခဏာရပ်များနှင့်ပတ်သက်၍ ပအိုဝ်းလူမျိုးတိုင်း သိရှိနားလည်ထားရန် လိုအပ်ပေမည်။ မိမိလူမျိုး၏ သမိုင်းကြောင်းကို မသိလျှင် အခြားလူမျိုး၏ သမိုင်းကြောင်းများအဖြစ် သွတ်သွင်းခြင်း ခံရနိုင်သည့်အပြင် အခြားလူမျိုး၏ ကဲ့ရဲ့ဝေဖန်ခြင်းကိုလည်း ခံရမည်ပင်ဖြစ်သည်။ ထို့အပြင် မိမိတို့လူမျိုး၏ သမိုင်းကြောင်းကို မသိသောသူသည် အသက်ရှင်လျက်သေနေသူနှင့်တူပေသည်။ မျက်စိပါပါလျက်နှင့် မျက်မမြင်တစ်ယောက်နှင့် အလားသဏ္ဍန်တူနေပေမည်ဖြစ်သည်။ နား၊ ပါးစပ်များပါသော်လည်း ဆွံအနားမကြားသည့် လူတစ်ယောက်နှင့် တူပေမည်ဖြစ်သည်။ “ကိုယ်စီးသည့်မြင်း အမမှန်း အထီးမှန်းမသိသည့်” အဖြစ်မျိုးနှင့် တူနေပေမည်ဖြစ်သည်။ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးလောက်  ဤလောက၌ အလားတူရှက်ဖွယ်ရာဖြစ်ရပ်မျိုး ရှိတော့မည် မဟုတ်ပါ။ ထို့ကြောင့်အလားတူဖြစ်ရပ်မျိုးများမဖြစ်ရလေအောင် ပအိုဝ်းတိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ လူမျိုးသမိုင်းကြောင်းများ၊ စာပေသမိုင်းကြောင်းများ၊ ယဉ်ကျေးမှုအစဉ်အလာများ၊ ပအိုဝ်းအသင်းအဖွဲ့သမိုင်းကြောင်းများ၊ ပအိုဝ်းအနုပညာတေးဂီတသုခုမအကြောင်းများကို သိရှိထားရန်လိုအပ်သကဲ့သို့ ပအိုဝ်းလူမျိုးတို့၏ ရိုးရာလက်မှုပညာများအကြောင်း၊ ရိုးရာအစားအစာများအကြောင်း၊ ပအိုဝ်းလူမျိုးတို့၏ ရိုးရာအတီးအမှုတ်တူရိယာများအကြောင်း စသည့်အကြောင်းအရာများကိုလည်း သိရှိထားရန်လိုအပ်ပေမည်ဖြစ်သည်။ လူတိုင်း၏နှလုံးသားတွင် သမိုင်းပျောက်လျှင် လူမျိုးလည်း ပျောက်ကွယ်မည်ဟူသည့် အသိစိတ်ရှိကြရမည်ဖြစ်သည်။

လူမျိုးတစ်မျိုးအဖြစ် အလွယ်တကူသိရှိနိုင်ရန်အတွက် ထိုလူမျိုး သင်ကြားသောစာပေများ၊ ပြောဆိုသောဘာသာစကား၊ လေသံများ၊ ရိုးရာဝတ်စားဆင်ယင်မှုပုံစံများနှင့် အသားအရောင်များကို ကြည့်ခြင်းအားဖြင့် ခွဲခြားသိရှိနိုင်သကဲ့သို့ အခြားသော အသုံးအဆောင်ပစ္စည်း ရိုးရာလက်မှုပညာများ၊ ရိုးရာအကများ၊ ရိုးရာပွဲတော်များနှင့် ရိုးရာအစားအစာများကို ကြည့်ခြင်းအားဖြင့်လည်း သိရှိနိုင်ပေသည်။ ကမ္ဘာတွင် အစား အစာကြောင့် ခရီးသွားဧည့်သည်များ၏ အာရုံစူးစိုက်မှုကို ခံနေရသည့်နိုင်ငံများ အများအပြားပင်ရှိပေသည်။ ဥပမာအားဖြင့် ကိုးရီးယားဆိုလျှင် ကင်ချီအစားအစာ၊ ဂျပန်ဆိုလျှင် ဆူချီ စသဖြင့် မသိသူ မရှိသလောက်ပင် အလွန်ကျော်ကြားသော အစားအစာများလည်းဖြစ်သည်။ အလားတူ မိမိတို့နေထိုင်ရာ ဤပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင်လည်း ရိုးရာအစားအစာကြောင့် ထင်ပေါ်ကျော်ကြားသည့် တိုင်းရင်းသား လူမျိုးများ အများအပြားရှိပေသည်။ ဥပမာအားဖြင့် ရှမ်းဆိုလျှင် ရှမ်းပဲပုတ်၊ ရှမ်းခေါက်ဆွဲ၊ ရခိုင်ဆိုလျှင် ရခိုင်မုန့်တီ၊ ဗမာတွင် မုန့်ဟင်းခါး၊  ကရင်ဆိုလျှင် ကရင်တလာပေါ၊ ပလောင်ဆိုလျှင် လက်ဖက်၊ အင်းဆိုလျှင် အင်းမုန့်တီစသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ ညီနောင်တိုင်းရင်းသားများမှ မသိသူမရှိသလောက်ပင် အလွန်ကျော်ကြားသည့် ရိုးရာအစားအစာများလည်း ဖြစ်ကြသည်။ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ၏ နှစ်သက်အားပေးခြင်းကိုလည်း ခံနေကြရပေသည်။

အလားတူ မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများတွင်လည်း ရှေးဘိုးဘွားစဉ်ဆက်လက်ထက် ကတည်းက တီထွင်ဖန်တီးထားသည့် ရိုးရာအစားအစာများလည်း ရှိပါသည်။ ရှေးဘိုးဘွားလက်ထက်မှ သည် ယနေ့တိုင်ထိ မပျောက်ကွယ်ပဲ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ပြီး မိမိတို့ရိုးရာ အစားအစာများကို များသောအားဖြင့် အလှူအတန်းပွဲ ကျင်းပပြုလုပ်သည့် အချိန်အခါသမယများ၊ အလှူ မင်္ဂလာပွဲများ၊ အိမ်သစ်တက်ပွဲများ၊ ဘုရားပွဲများနှင့် အခါကြီးရက်ကြီး လပြည့်လကွယ်ရက်မြတ်နေ့များတွင် မပါမဖြစ် တည်ခင်းဧည့်ခံကျွေးမွေးလျက်ရှိကြပေသည်။ သို့သော် မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ရိုးရာအစားအစာများကို အခြားသောညီနောင်တိုင်းရင်းသားများနှင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အကြား သိရှိပြန့်နှံ့အောင် ဖော်ဆောင်ရာတွင် အားနည်းနေသေးပေသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ရိုးရာအစားအစာများကို အခြားသောညီနောင်တိုင်းရင်းသား များအပြင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များသိရှိစေနိုင်ရန်အတွက် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအစားအစာအကြောင်း အချို့ကို ရေးသားတင်ပြသွားမည်ဖြစ်သည်။

“ပြည်ထောင်စုထဲကပအိုဝ်းစာအုပ်”မှ မှတ်တမ်းတင်ရေးသားထားသည့်အချက်အလက်အရ မိမိတို့ ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအစားအစာများမှာ
(၁) ဒဲဉ်ဆျာ;နွတ်
(၂) ဒဲဉ်ထိန်,
(၃) ဗွူအဲဉ်ထောင်း
(၄) တခိုးပေါင်,ဗွာ
(၅) တခိုးသွဉ်,
(၆) ယာကုသွီ
(၇) တခိုးသို့,ဖာ;
(၈) တခိုးဆင်သွိုန်;
(၉) တခိုးဖြွုမ်ပေ;
(၁၀) တသီ;ထီ
(၁၁) ဟန်;နွိုင်းနှင့်
(၁၂) ဟန်;ပေါင်, စသည်တို့ဖြစ်ကြောင်း မှတ်တမ်းတင်ရေးသားတင်ပြထားပါသည်။

အထက်ဖော်ပြပါ ပအိုဝ်းတိုင်းရင်းသားရိုးရာအစားအစာများသည် မိမိလက်လှမ်းမီသမျှ ရေးသားတင်ပြပေးခြင်းသာဖြစ်ပြီး ထိုမျှမကရှိနေနိုင်ပါသေးသည်။ မည်သို့ပင်ဆိုစေကာမူ ပအိုဝ်းတိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ လူမျိုးကို အမှန်တကယ် ချစ်ခင်မြတ်နိုး တန်ဖိုးထားသည်ဆိုလျှင် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို မြှင့်တင်ဖော်ဆောင်ကြရမည်ဖြစ်ပြီး ပအိုဝ်းလူမျိုးတို့၏ ရိုးရာလက်မှုပညာများ၊ ရိုးရာအစားအစာများလည်း မမှေးမိန်မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းကြရမည်ဖြစ်သည်။ ဤမှသာလျှင် သမိုင်းပေးတာဝန်ကျေပွန်ပြီး တန်ဖိုးရှိသည့်လူသားတစ်ယောက်အဖြစ် ခေါ်ဆိုထိုက်မည်ပင်ဖြစ်သည်။

ယခုဆောင်းပါးတွင် မိမိ၏ရေးသားချက်အမှားများ၊ ထပ်မံဖြည့်စွက်ရမည့်အကြောင်းအရာများ အများအပြားရှိနေမည်ဖြစ်သည်။ အထက်တွင် မိမိတို့၏ ရိုးရာအစားအစာအမည်များကိုသာ ရေးသားတင်ပြထားပြီး ပြုလုပ်ပုံနည်းလမ်းများကိုမူ နောင်အပတ်များတွင် ဆက်လက်ရေးသားတင်ပြပေးသွားမည်ဖြစ်သည်။ ထို့အပြင် မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများ မှီတင်းနေထိုင်ရာ နေရာဒေသအပေါ်မူတည်၍  ရိုးရာအစားအစာ၏ အမည်ခေါ်ဆိုသတ်မှတ်ပုံများ၊ ပြုလုပ်ပုံနည်းလမ်းများလည်း  တူညီမှုရှိကြမည်မဟုတ်ပေ။ ထို့ကြောင့် စာပေချစ်ပရိတ်သတ်များအနေဖြင့် ဤဆောင်းပါးအပေါ် အကြံပြုလိုသည်များ၊ မိမိ၏ အတွးအမြင်များ၊ ရိုးရာအစားအစာနှင့်ပတ်သက်၍ ဖတ်သားဖူးသည့် အကြောင်းအရာများရှိခဲ့သော် အကြံပြု ဖြည့်စွက်ပေးစေလိုကြောင်း ပန်ကြားရင်း နိဂုံးချုပ်အပ်ပါသည်။

ခွန်ကျော;ခေါင်;
ထီရီးဟော်ထို
Powered by Blogger.