ဤလူ့ဘုံလောကအတွင်း မှီတင်းနေထိုင်ကြသည့် လူသားများသည် မိမိတို့ ရှင်သန်ပေါက်ဖွားရာ နေရာ၊ ဒေသ၊ ကာလ၊ ပတ်ဝန်းကျင်အလိုက် ရင်တွင်း၌ဖြစ်တည်လာမည့် ခံစားချက်များ၊ ယုံကြည်မှုများ၊ အယူအဆများ၊ အမြင်များ၊ ရပ်တည်ချက်များလည်း အမျိုးမျိုးအဖုံဖုံကွဲပြားနေပေမည်။ အသားအရောင်၊ ယဉ်ကျေးမှုအစဉ်အလာမှအစ ကိုးကွယ်ယုံကြည်မှုအဆုံး တူညီကြမည်မဟုတ်ပေ။ သို့သော် လူသားတစ်ဦးဟု ခေါ်ဆိုသမုတ်ထိုက်သည့် အင်္ဂါလက္ခဏာများ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံများသည် အတူတူပင်ဖြစ်သည်။ ခံစားတတ်သည့် နှလုံးသား၊ အဆိုးအကောင်း အကျိုးအကြောင်း ဝေဖန်ပိုင်းခြားတတ်သော အသိဥာဏ်ရှိပြီး အစုအဖွဲ့၊ အသိုက်အဝန်းဖြင့် နေထိုင်တတ်သည့် ခြေနှစ်ချောင်းရှိ သတ္တဝါတစ်မျိုးလည်းဖြစ်သည်။ လူသားတို့သည် လူမှုအသိုင်းအဝန်းများအကြားတွင် တင့်တယ်လှပစွာနေထိုင်နိုင်ရေးအတွက်သော်လည်းကောင်း၊ လူမှုဘဝဖူလုံရေးအတွက်သော်လည်းကောင်း နေ့စဉ်ပင်ပန်းဆင်းရဲခြင်းများစွာဖြင့် ကြိုးစားအားထုတ်နေကြ ရသည်။ လူရယ်လို့ ဖြစ်တည်လာသည်နှင့်အမျှ ဘယ်လိုမှရှောင်လွှဲ၍ မရသည့်အရာတစ်ခုပင်ဖြစ်ပေသည်။
ထို့အတူ လူသားတို့၏ သဘောသဘာဝအရ ထင်ပေါ်ကျော်ကြားလိုသော၊ အောင်မြင်လိုသော၊ ချမ်းသာလိုသော၊ အများ၏ ယုံကြည်လေးစားရသော၊ အားကိုးအားထားပြုရသော လိုအင်ဆန္ဒများရှိကြပြီး လူအများ၏ တန်ဖိုးထားခြင်းကို ခံယူလိုကြသည်။ တန်ဖိုးရှိသော လူသားတစ်ယောက်ဖြစ်လိုကြသည်။ မည်သည့်လူသားမျှ ရှုံးနိမ့်ခြင်း၊ ဆင်းရဲခြင်း၊ အများ၏ အထင်အမြင်သေးခြင်း၊ ဖယ်ကြဉ်ခြင်းများကို မလိုလားကြပါ။ ဤသည်မှာ သဘာဝပင်ဖြစ်သည်။ ဤသို့ဆိုလျှင် အသက်ရှင်ခိုက် တိုတောင်းလွန်းလှသည့် လူ့ဘဝတွင် မကောင်းမှုမှန်သမျှရှောင်ကြဉ်၍ ကောင်းသည့်အရာများကို ဆောင်ကြဉ်းရန်လိုအပ်ပေသည်။ သို့မှသာလျှင် ပတ်ဝန်းကျင်ကပေးအပ်မည့် “တန်ဖိုးရှိသော လူဟူသည့်ဘွဲ့တံဆိပ်”ကို ရရှိနိုင်မည်ဖြစ်သည်။ မိမိအနေဖြင့်လည်း ဒုက္ခအပေါင်းနှင့်ကင်းဝေးပြီး သုခအပေါင်းခညောင်းခြင်းနှင့် ပြည့်စုံရပေလိမ့်မည်ဖြစ်သည်။
မိမိတို့သည် ခရီးသွားဧည့်သည်များနှင့်အလားသဏ္ဍန်တူပါသည်။ ဤလူ့လောကသို့ အချိန်တစ် ခဏသာ ဝင်ရောက်ခိုလုံခွင့်ရကြပြီး အချိန်တန်လျှင် ဤလူ့လောကကြီးအား ပြန်လည်နုတ်ဆက်ထွက်ခွာသွားရမည့် လူသားများဖြစ်ကြသည်။ မည်သူမျှ ဤလောကကြီးတွင် ထာဝရနားခိုခွင့်မရကြပါ။ အားလုံး အချိန်တန်လျှင် မြေအောက်တွင် ခေါင်းချအနားယူကြရမည့်လူချည်းပင်ဖြစ်သည်။ ထို့ကြောင့် ရခဲလှသည့် ဤလူ့ဘဝကြီးကို အကျိုးရှိရှိ၊ တန်ဖိုးရှိရှိနေထိုင်သွားတတ်ရန် လိုအပ်ပါသည်။ ဤလူ့လောကကြီးအား နုတ်ဆက်ချိန်တန်လျှင် ကျေနပ်ဝမ်းသာပီတိဖြင့် စိတ်ချမ်းသာစွာနုတ်ဆက်နိုင်ရန် လိုအပ်သည့်အပြင် ဤလူ့လောကကြီးအား နုတ်ဆက်ထွက်ခွာပြီးချိန်တွင်လည်း လူအများ၏ နှမြောခြင်း၊ တမ်းတခြင်း၊ လွမ်းဆွေးခြင်း၊ နုတ်ဆက်မျက်ရည်များဖြင့် ကျန်ရစ်သူများ၏ နှလုံးသားတွင် ကဗ္ဗည်းမော်ကွန်းရေးထိုးနိုင် သည့်အဖြစ်မျိုးဖြင့် တွင်ကျန်စေလိုပါသည်။ မျိုးဆက်သစ်လူငယ်များ၏ စံပြုထိုက်ရာပုဂ္ဂိုလ်အဖြစ်လည်း သမိုင်းမှတ်တမ်းကောင်းများ ရေးထိုးစေလိုပါသည်။
ဤသို့ဆိုလျှင် တန်ဖိုးရှိသည့်လူဟူသည် မည်သို့နည်း။ ပညာရှင် အမျိုးမျိုး၊ လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးဖြင့် ဖွင့်ဆိုသတ်မှတ်ကြပေလိမ့်မည်။ မိမိဖတ်သားဖူးသော အရှင်ဣန္ဒပါလ ရေးသားသည့် No.1စာအုပ်မှ အဓိပ္ပါယ်ဖွင့်ဆိုရာတွင် တန်ဖိုးရှိသည့်လူဟူသည်မှာ
(၁) ကျန်းမာရေးကောင်းမွန်ခြင်း
(၂) စည်းစိမ်ဥစ္စာပြည့်စုံချမ်းသာကြွယ်ဝခြင်း၊
(၃) မိသားစု၊ ဆွေမျိုးအသိုင်းအဝန်းများအား အကျိုးပြုနိုင်ခြင်း၊
(၄) မိမိ၏ ပတ်ဝန်းကျင်အားအကျိုးပြုနိုင်ခြင်း၊
(၅) မိမိတို့ လူမျိုး၊ မိမိတို့နေထိုင်ရာဒေသအား အကျိုးပြုနိုင်ခြင်း၊
(၆) မိမိတို့နိုင်ငံအား အကျိုးပြုနိုင်ခြင်း၊
(၇) ဘာသာသာသနာအတွက် အကျိုးပြုနိုင်ခြင်းနှင့်
(၈) လှူဒါန်းပေးကမ်းစွန့်ကြဲပေးနိုင်ခြင်း စသည့်အချက်များနှင့် ပြည့်စုံသူကို ဆိုလိုကြောင်း ရေးဖွဲ့ ထားပါသည်။
ထို့ကြောင့် စာဖတ်ပရိသတ်များအနေဖြင့် ဤရခဲလှသည့် လူ့ဘဝကြီးတွင် အသက်ရှင်သန်နေခိုက် တန်ဖိုးရှိသည့်လူတစ်ယောက်(သို့မဟုတ်) အများ၏ယုံကြည်အားကိုးအားထားပြုရသည့် လူတစ်ယောက်ဖြစ်လိုပါက အထက်တွင်ဖော်ပြသည့်အချက်များနှင့် ပြည့်စုံရန်လိုအပ်သည့်အပြင် လေးစားလိုက်နာကျင့်ကြံအားထုတ်ရန်လည်း လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
နင်;ကေသရို
(မဲုင်းကောင်)
Like On Facebook
Follow On Twitter
Subscribe On RSS