Sunday, August 25, 2019

ဦးဆောင်သူ(သို့မဟုတ်)ခေါင်းဆောင်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်



ကမ္ဘာပေါ်တွင် နိုင်ငံပေါင်းများစွာတည်ရှိသည်။ ထိုနိုင်ငံပေါင်းများစွာထဲတွင် လူသားတို့သည် မတူညီသည့် မျိုးနွယ်စု၊ ကွဲပြားသော အသားအရောင်၊ မတူညီသောဘာသာရေးယုံကြည်ကိုးကွယ်မှုစသဖြင့် ဤကမ္ဘာမြေကြီးပေါ်တွင် စုပေါင်းနေထိုင်ကြခြင်းဖြစ်သည်။ နိုင်ငံပေါင်းများစွာတို့သည် အသွင်သွင်အမျိုးမျိုးဖြင့် ကွဲပြားကြပြန်သည်။ ချမ်းသာသောနိုင်ငံ၊ ဆင်းရဲသောနိုင်ငံ၊ ငြိမ်းချမ်းသောနိုင်ငံ၊ ပဋိပက္ခပေါင်းများစွာ ဖြင့်နွံနစ်ကာငြိမ်းချမ်းခြင်းနှင့်ကင်းဝေးနေသောနိုင်ငံ ဟူ၍ဖြစ်သည်။ နိုင်ငံတည်ဆောက်ပုံခြင်းမတူကြပါ။ ဒီမိုကရေစီစနစ်ကိုအခြေခံသောနိုင်ငံ၊ ကွန်မြူနစ်ဝါဒကိုအခြေခံသောနိုင်ငံ စသဖြင့်အမျိုးမျိုးကွဲပြားကြသည်။

ထိုနိုင်ငံအသီးသီးတို့သည် တူညီသောအရာတစ်ခုရှိသည် ထိုအရာမှာ ခေါင်းဆောင်ဟူသောအရာပင်ဖြစ်သည်။ ဆင်းရဲသောနိုင်ငံ၊ အဖက်ဖက်တွင်ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီးချမ်းသာသောနိုင်ငံဖြစ်စေကာမူ နိုင်ငံ၏အကြီးအကဲဟုခေါ်သော နိုင်ငံ၏ခေါင်းဆောင် အချို့နိုင်ငံတွင် သမ္မတ၊ အချို့နိုင်ငံမှာ ဘုရင်၊ ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးစသည်တို့ အမျိုးမျိုးခေါ်ဝေါ်သုံးနှုန်းကြသည်။ အကြီးအကဲခေါ် ခေါင်းဆောင်သည် နိုင်ငံအဆင့်တွင်သာရှိသည်မဟုတ်ပါ။ လူမျိုးစုခေါင်းဆောင်၊ ဒေသခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ အဖွဲ့အစည်းခေါင်းဆောင်စသည် ခေါင်းဆောင်အမျိုးမျိုးရှိကြသည်။

မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းများ၌ ခေါင်းဆောင်နှင့်ပတ်သက်သောအင်္ဂါများကို အမျိုးမျိုးသတ်မှတ်ကြသည်။ ခေါင်းဆောင်နှင့်ပတ်သက်သော အင်္ဂါရပ်များသတ်မှတ်ရာတွင် တူညီနေရန်မှာ လွယ်ကူသောအရာမဟုတ်ပါ။ ကာလ၊ ဒေသ၊ ပုဂ္ဂလ စသည် အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမကရှိနိုင်ပါသည်။ ထို့ကြောင့် ခေါင်းဆောင်နှင့် ပတ်သက်၍ သတ်မှတ်ရာတွင်လည်း တစ်စံတည်း၊ တစ်မူတည်း အတိအကျ သတ်မှတ်ရန်မှာ မလွယ်ကူပါ။ ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော ခေါင်းဆောင်များမှာ အီဗရာဟင်လင်ကွန်း၊ မဟတ္တမဂန္ဒီ၊ နယ်စင်မန်ဒဲလား၊ မော်စီတုံး စသည်ဖြင့် ခေါင်းဆောင်များစွာ ပေါ်ထွန်းခဲ့ကြသကဲ့သို့ မြန်မာ့သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ယနေ့ထိတိုင်အောင် ပြည်သူများရင်ထဲတွင် တည်ရှိနေဆဲဖြစ်သော မြန်မာတို့၏ခေါင်းဆောင်ကြီးပင်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ခေါင်းဆောင်များစွာပေါ်ထွန်းခဲ့သကဲ့သို့ ပအိုဝ်းလူမျိုးတို့၏သမိုင်းတွင်လည်း ပအိုဝ်းလူမျိုးတိုင်းအတွက် ဂုဏ်ယူစရာကောင်းသော မမေ့အပ်သော ပအိုဝ်းအမျိုးသားရေးအတွက်ဆို အသက်သွေးချွေးများရင်းပြီး ကိုယ်ကျိုးစွန့်လွတ်ကာ ဦးဆောင်ပေးခဲ့သည့် ခေါင်းဆောင်ကြီးများမှာ ဖြားဗွာလှဖေ၊ ဖြားတန်ကောင်ခဲ၊ ဗိုလ်ချုပ်စံသိန်း၊ ဗိုလ်ဟိန်မောင်၊ ဗိုလ်ချန်ဇုံစသည်ဖြင့် ခေါင်းဆောင်ကောင်းများစွာပေါ်ထွန်းခဲ့ကြသည်။ ယနေ့ထိတိုင် သက်ရှိထင်ရှားရှိနေဆဲဖြစ်သော ဖြားတန်စင်ဖာအောင်ခမ်းထီသည်လည်း ပအိုဝ်းလူမျိုးတိုင်း၏ ရင်ထဲနှလုံးသားထဲတွင် အစဉ်ထာဝရတည်ရှိနေမည့် အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးပင်ဖြစ်ပါသည်။ ဖြားတန်စင်ဖာအောင်ခမ်းထီသည် ငယ်စဉ်ရဟန်းပျိုဘ၀ကတည်းကပင် ယနေ့ထိတိုင် ပအိုဝ်းအမျိုးသားအရေးကို တက်ကြစွာလှုပ်ရှားပေးနေသူဖြစ်သည်။ ပအိုဝ်းအမျိုးသားရေး၏တစ်ဆင့်ချိုးဟုဆိုရမည်ဖြစ်သော ဗိုလ်စံသိန်းကျဆုံးခြင်းနှင့်အတူ အကွဲအပြဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ပအိုဝ်းအမျိုးသားရေးအခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် ပအိုဝ်းဆရာတော်ကြီးများ၏ အကြံပြုချက်နှင့် ပအိုဝ်းအမျိုးသားရေးအတွက် စိုးရိမ်နေရသောအခြေအနေသို့ရောက်ရှိနေသည်ကို သိရှိ နေသော ပအိုဝ်းခေါင်းဆောင်အချို့တို့၏ တောင်းဆိုမှုများကြောင့် ဖြားတန်စင်ဖာအောင်ခမ်းထီသည် ဗုဒ္ဓဘာသာဝင်တိုင်းတို့၏ တန်ဖိုးထားမြတ်နိုးသော ရခဲလှသည့်ရဟန်းဘ၀ကို စွန့်လွတ်ကာ တောထဲတောင်ထဲတွင် ငတ်တလှည့်ပြတ်တလှည့်ဖြင့် အန္တရာယ်မျိုးစုံကြား၊ သေနတ်သံမျိုးစုံကြား ကိုယ့်လူအချင်းချင်းမယုံ ကြည်ရသည့် ခေတ်အခြေနေတစ်ခုတွင် အမျိုးသားရေးအတွက် ကိုယ်ကျိုးမဖက်ဘဲ ကြံ့ကြံ့ခံကာ ဦးဆောင်လှုပ်ရှားတိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

ဖြားတန်စင်ဖာအောင်ခမ်းထီသည် ၁၉၇၆-ခုနှစ် လုံးဒါညီလာခံတွင် ချမှတ်ခဲ့သော ဖြားဗွာလှ၏မူကို ယနေ့ထိတိုင် လိုက်နာကျင့်သုံးပြီး ပအိုဝ်းအမျိုးသားရေးအတွက်ဆိုလျှင် မငြီးမငြူဘဲနှင့် ကျရာတာဝန်တွင် ကျေပွန်စွာထမ်းဆောင်ပေးနေသူဖြစ်သည်။ ယနေ့ခေတ်နိုင်ငံတော်တည်ဆောက်ရေးတွင် တနည်းဆိုသော် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် ပအိုဝ်းတိုင်းရင်းသားတို့သည် ဗမာအပါဝင် အခြားတိုင်းရင်းသားများနည်းတူ ရပိုင်ခွင့်သည်လည်း တန်းတူရှိရမည်ဖြစ်သည်။ ဗမာတစ်ကျပ်၊ ရှမ်း တစ်ကျပ်ဆိုလျှင် ပအိုဝ်းတိုင်းရင်းသားတို့အတွက်လည်း တစ်ကျပ်ဖြစ်ရမည်ဟူသော စိတ်ဓါတ်ဖြင့် ယနေ့ထိ တိုင် ပအိုဝ်းတိုင်းရင်းသားများအတွက် တာဝန်ကျေကျေ ဦးဆောင်ပေးနေသူဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းဒေသအတွင်းတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအတွက် ပြီးပြည့်စုံသည့်ရလဒ်မဟုတ်သော်ငြားလည်း အခြေအနေတစ်ခုထိသို့ရောက်ရှိအောင် ကိုယ်ကျိုးမဖက်အများပြည်သူအကျိုးအတွက် ယနေ့ထိတိုင် ဦးဆောင်လမ်းပြပေးသော ဖြားတန်စင်ဖာအောင်ခမ်းထီကို ဂုဏ်ယူခြင်းအားဖြင့် တော်လှန်ရေးကာလနှင့် ငြိမ်းချမ်းရေးကာတွင် ဖြားတန်စင်ဖာအောင်ခမ်းထီ ပြောကြားခဲ့သော မိန့်ခွန်းများနှင့် အဆိုအမိန့်အချို့ကို လေ့လာမှတ်သားနိုင်ရန်အတွက် ဖော်ပြလိုပါသည်။

(၁) အတွေ့အကြုံဟာ ဘယ်ကျောင်း ဘယ်တက္ကသိုလ်မှ သင်ကြားပေးနိုင်ခြင်းမရှိ ငွေကြေးနှင့် ပေးဝယ်လို့မရဘူး၊ စာပေဗဟုသုတ ကြွယ်ဝသည့်ပုဂ္ဂိုလ်များထံ အတွေ့အကြုံများ ရယူသင့်သည်။

(၂) မိမိအမျိုးသား ကိုယ်ခံစွမ်းအားမကောင်းပါက မိမိအမျိုးသား စရိုက်လက္ခဏာများ ပပျောက်၍ သူတစ်ပါး စရိုက်လုံးလုံး ရောက်သွားနိုင်ပါသည်။

(၃) အတိတ်သည် အကြမ်းဖက်မှုဆိုလျှင် အနာဂတ်သည် ငြိမ်းချမ်းသာယာရေးဖြစ်ရမည်။

(၄) လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည် တိုးတက်ဖို့ ရည်ရွယ်ချက်ကောင်းရုံမပြီး တကယ်လုပ်မှ ရနိုင်သည်။

(၅) နိုင်ငံရေးသမားတစ်ဦးသည် လာမည့်ရွေးကောက်ပွဲအတွက် စဉ်းစားပြီး နိုင်ငံတည်ဆောက်သူတစ်ဦးကမူ နောက်မျိုးဆက်သစ်အတွက် စဉ်းစားသည်။

(၆) လူတိုင်းသည် မောင်းနှင်အား နှစ်ခုရှိသည်။ စိတ်ဝင်စားမှုနှင့် ကြောက်လန့်မှုဖြစ်သည်။

(၇) စီးပွားရေးနှင့် နိုင်ငံရေးသည် ဆက်စပ်နေသည်။ ရှိရင်းဥပဒေစည်းကမ်းအားလုံးကို ပြန်စိစစ်ရန်လိုသည်။

(၈) ဈေးကွက်စီးပွားရေးသည် တရားမျှတရမည်။ အချုပ်အချယ်နည်းနိုင်သမျှ နည်းရမည်။

(၉) လူမျိုးတိုင်း မိမိကိုယ်ပိုင်ယဉ်ကျေးမှု အနှစ်သာရနှင့် ၀ိသေသလက္ခဏာများ မပျက်စေဘဲ ဆက်လက်ထိန်းသိမ်းသွားရန်လိုသည်။

(၁၀) ယဉ်ကျေးမှုသည် အတိတ်မှ ပစ္စုပ္ပန် ပစ္စုပ္ပန်မှ အနာဂတ်သို့ ရွေးလျားရင်း ရုပ်ပိုင်းဆန်သည့် အသွင်လက္ခဏာမျိုး အမြဲပြောင်းလဲမှု ရှိနေပါသည်။

(၁၁) ယဉ်ကျေးမှုဆိုသည်မှာ လူမျိုးတစ်မျိုး၏ မွေးဖွားချိန်မှ သေဆုံးချိန်အထိ ပြုလုပ်သုံးစွဲခဲ့သည့် ပစ္စည်း၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု၊ ဘာသာစကား၊ လူမှုရေးစနစ်၊ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်ကိုးကွယ်မှု၊ အသက်မွေးဝမ်းကြောင်းမှု၊ ရိုးရာဓလေ့ထုံးစံများ၊ လက်မှုအနုပညာများနှင့် အနုသုခုမပညာတို့ပင် ဖြစ်သည်။

(၁၂) ပညာမဲ့တို့၏ သွားရာလမ်းသည် ကျဉ်းမြောင်း၏ ပညာရှိတို့သွားရာလမ်းသည် ကျယ်ပြော၏။

(၁၃) ပညာသည် အတွင်းပစ္စည်းနှင့် အတွင်းမိတ်ဆွေဖြစ်သည်။

(၁၄) ပညာသည် အတွေ့အကြုံ အတွေးအခေါ် အမြော်အမြင်များ ပေါင်းစပ်ထားခြင်းဖြစ်သည်။

(၁၅) ကျောင်းတံခါးများများဖွင့်လေ ထောင်တံခါးများများပိတ်လေဖြစ်သည်။

(၁၆) ကျောင်းရှိက ရွာသာမည် ကျောင်းမရှိက ရွာနာမည်။

(၁၇) ကျောင်းတစ်ကျောင်းဖွင့်ခြင်းသည် စစ်ပွဲတစ်ပွဲ ဆင်နွဲရသည်ထက် ပို၍ခက်ခဲပင်ပန်းသည်။

(၁၈) အယူအဆဟောင်း အစွဲအလမ်းဟောင်းများ အမြစ်မကျန်တော်လှန်ခြင်းသည် လူမှုတော်လှန်ရေး ဖြစ်သည်။

(၁၉) လက်နက်ကိုင်တော်လှန်ခြင်းသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် လွတ်လပ်စွာ ပြောဆိုခွင့်များ မရလို့ ဖြစ်သည်။

(၂၀) တော်လှန်ရေးသမားတိုင်း၏ တာဝန်သည် တော်လှန်ရေးလုပ်ဖို့ပဲ ဖြစ်သည်။

(၂၁) တော်လှန်ရေးသည် ဓား၊ လှံ၊ သေနတ်နှင့် ထိတွေ့ခြင်းသာမဟုတ် အဟောင်းကိုပယ် အသစ်တည်ခြင်း ဖြစ်သည်။

(၂၂) လူတိုင်း နားနှစ်ဖက် ပါးစပ်တစ်ပေါက်ရှိသည့်အတွက် များများနားထောင် နည်းနည်းပြောရမည်။

(၂၃) နယ်ကျွံတိုက်ခိုက်ခြင်းသည် မိုက်မဲခြင်းသက်သက်သာ ဖြစ်သည်။

(၂၄) စစ်သည် လက်နက်နှင့် နိုင်ငံရေးလုပ်ခြင်းပင်ဖြစ်သည်။

(၂၅) တရားသည့်စစ်သည် ကျွန်ပြုလို၍ တိုက်သည့်စစ်ကို ခုခံသည့်စစ်၊ သွေးစုတ်လို၍ တိုက်သည့်စစ်ကို ခုခံသည့်စစ်၊ ကြီးနိုင်ငယ်ညဉ်းလို၍ တိုက်သည့်စစ်ကို ခုခံသည့်စစ်များဖြစ်သည်။

(၂၆) မတရားသည့်စစ်သည် ကျွန်ပြုလို၍ တိုက်သည့်စစ်၊ သွေးစုတ်လို၍ တိုက်သည့်စစ်၊ ကြီးနိုင်ငယ်ညဉ်းလို၍ တိုက်သည့်စစ်များ ဖြစ်သည်။

(၂၇) စစ်သည် အကြမ်းဖက်သည့် ဗျူဟာတစ်ရပ်ဖြစ်သည်။

အချုပ်အားဖြင့် ဦးဆောင်သူ(သို့မဟုတ်)ခေါင်းဆောင်းကောင်း ရှိခြင်းသည် သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားနိုင်သည်ဆိုသည့်ပမာ ခေတ်အဆက်ဆက် ပအိုဝ်းခေါင်းဆောင်ကြီးများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာကို အရင်းခံပြီး ပအိုဝ်းဒေအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ အကျိုးကိုမျှော်ကိုးပြီး အခက်အခဲအတိုက်အခိုက်မျိုးစုံကြားတွင် ကြိုးပမ်းအားထုတ်ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လုပ်ဆောင်ချက်များကို အစဉ်ထာဝရဦးညွတ်လျှက် အနာဂတ်တွင် ထိုခေါင်းဆောင်ကောင်းများကို ဥပမာပြုကာ အရည်အသွေးပြည့်မီသည့် မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများစွာ ပေါ်ထွန်းလာပါစေရန် လူသားတိုင်း၏ တာဝန်ဖြစ်ပြီး စဉ်ဆက်မပြတ်ကြိုးပမ်းနေရန် အထူးလိုအပ်လှပါသည်။

ခြဲုင်းပေခွန်
စန္တာခမ်း
Powered by Blogger.