Wednesday, December 7, 2016

အိမ်ထောင်ပြုတော့မယ့်ညီလေးဖတ်ဖို့

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်


ညီလေးရေ........အိမ်ထောင်ပြုတယ်ဆိုတာ အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုလို့ရပါတယ်။ ဒါပေမဲ့ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် ရုပ်ချောခြင်းနဲ့လည်း မဆိုင်ပါဘူး။ သူရုပ်ချောတယ်ဆိုတာ တစ်ခဏပါပဲ။ တစ်ဘ၀စာမဟုတ်ပါဘူး။ ငွေကြေးပြီးပြည့်စုံခြင်းနဲ့လည်း မဆိုင်ပါဘူး။ လုံလောက်တဲ့ ငွေကြေးအချို့နဲ့ အတွေးအခေါ်အချို့သာ လိုအပ်တာပါ။ မိန်းမတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်အပြင် ယုံကြည်အားကိုးလိုမှုအပြည့်နဲ့ ချစ်ခြင်းဖြစ်ပါတယ်။ ကိုယ့်ဘ၀တစ်ခုလုံး ပုံအပ်ပြီး လက်တွဲလျှောက်လှမ်းရမယ့် အိမ်ထောင်ဦးစီးဖြစ်လာမယ့်သူကို ယုံကြည်မှုမရှိပဲ ဘယ်မိန်းကလေးမှ လက်တွဲဖို့ခေါင်းညိတ်မှာ မဟုတ်ဘူးငါ့ညီ။ အဓိကက သူကိုယ့်အပေါ် ဘယ်လောက်ထိသစ္စာရှိသလဲ၊ ဘယ်လောက်ထိ နားလည်ပေးသလဲ၊ ကိုယ့်မိဘအပေါ် ဘယ်လောက်ထိ သိတတ်နိုင်သလဲ၊ သူဘယ်လောက်ထိ ကြိုးစားချင်စိတ်ရှိသလဲ အဲဒီအချက်တွေနဲ့သာ တိုင်းတာဖို့လိုပါတယ်။

တကယ်တော့ မိန်းမတစ်ယောက်ရဲ့ ကိုယ့်လင်သားအပေါ် ယုံကြည်မှုဆိုတာ ကိုယ့်ကို သူတစ်ကယ်ချစ်တယ်လို့ယုံတယ်။ ကိုယ့်ကို သူအလိုလိုက်မယ်၊ စိတ်ပျော်ရွှင်အောင်ထားမယ်၊ ကိုယ့်ကိုသူက ဘယ်တော့မှပစ်မသွားပဲ ရိုးမြေကျသစ္စာရှိရှိ ပေါင်းသင်းမယ့်သူလို့ ယုံတယ်။ အဲဒီလို ယုံကြည်မှုနဲ့ တည်ဆောက်ပြီး သူဟာကိုယ့်ဘ၀အတွက် ရှေ့ဆောင်လမ်းပြ လက်တွဲခေါ်မယ့် အရည်အချင်းရှိသူ ယောကျာ်းတစ်ယောက်အဖြစ် အားကိုးအားထားပြုလိုကြတယ်။ မိန်းကလေးတွေရဲ့ စိတ်ကူးထဲက အလိုချင်ဆုံးအိမ်ထောင်ဖက်က အရည်အချင်းရှိပြီး ကိုယ့်ကိုကြင်နာဂရုစိုက် အလိုလိုက်ပြီး ချစ်တဲ့ယောကျာ်းမျိုးပေါ့။ မင်္ဂလာလက်ထပ်ပွဲတွေမှာ သတို့သမီးတိုင်းက အဲဒီလိုယုံကြည်အားကိုးမှု မျက်ဝန်းတွေနဲ့ သတို့သားကို ကြည့်တတ်ကြတယ်လေ။ ဒါပေမယ့်လောကကြီးက ကိုယ်ထင်သလို ဖြစ်ချင်မှဖြစ်တတ်တာမျိုးဆိုတော့လဲ အချိန်ကြာလာတဲ့အခါ ကိုယ့်လင်ယောကျာ်းက ကိုယ်ယုံကြည်သလို ဖြစ်မလာတဲ့အခါ ကိုယ်အားကိုးသလို ဖြစ်မလာတဲ့အခါ စိတ်ပျက်ဝမ်းနည်းစရာ အိမ်ထောင်နဲ့ကြုံရပြီး စိတ်ဆင်းရဲမှုတွေနဲ့ ဘ၀ကိုဖြတ်သန်းကြရပြန်တယ်။ ညီလေးရဲ့ချစ်သူ အိမ်သူသက်ထားဖြစ်လာမယ့် သတို့သမီးလေးကို အဲလိုဘ၀မျိုး မတွေ့ကြုံရအောင် ညီလေးကြိုးစားရလိမ့်မယ်။ လူတိုင်းကိုယ်စီ ကြုံတွေ့ရစမြဲပါ။ ဒီလိုအဖြစ်မျိုးကြုံရခဲ့ရင် မိမိတစ်ဦးတည်းကြိတ်မခံစားနေပဲ လင်နှင့်မယား၊ ဆွေမျိုးမိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများထံ အကြံဉာဏ်ယူပြီး ဆွေးနွေးဖြေရှင်းဖို့ လိုအပ်တယ်ညီလေး။

အိမ်ထောင်တစ်ခုတည်မြဲသာယာဖို့ နှစ်ယောက်လုံးမှာ တာဝန်ရှိပေမယ့် အဓိကတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောကျာ်းဖြစ်သူရဲ့ စိတ်ဓါတ်နဲ့ခံယူချက်ပါ။ ညီလေးမှတ်ထားရမှာက ကိုယ့်ချစ်သူက ကိုယ့်သစ္စာတရားနဲ့ ချစ်ခြင်းကိုယုံကြည်လို့၊ သူ့ရဲ့ဘ၀လေးကို ကိုယ့်ကပျော်ရွှင်ချမ်းမြေ့အောင် ထားနိုင်မယ်၊ တင့်တောင့်တင့်တယ် ရှာဖွေကျွေးမွေးနိုင်မယ့်သူအဖြစ်အားကိုးလို့ လက်ထပ်တယ်ဆိုတာကို စိတ်ထဲအမြဲနှလုံးသွင်းထားပါ။ လူတစ်ယောက်ရဲ့ယုံကြည်မှုကို ရိုက်ချိုးဖို့ဆိုတာက အရမ်းလွယ်ပါတယ်။ တည်ဆောက်ဖို့သာ ခက်တာပါ။ ယောကျာ်းကောင်း ယောကျာ်းမြတ်တွေက ဘယ်တော့မှကိုယ့်အပေါ်ထားတဲ့ အိမ်သူသက်ထားရဲ့ ယုံကြည်မှုကို မရိုက်ချိုးတတ်ကြဘူး။ ပိုပြီးတိုးသထက်တိုးလာအောင်သာ စွမ်းဆောင်ကြတယ်လေ။ ညီလေးက သူ့ကိုအရမ်းချစ်တယ်၊ သူ့ကိုဂရုစိုက်မယ်၊ ကြင်နာမယ်၊ သစ္စာရှိမယ်လို့ ယုံကြည်ထားတဲ့ သူ့ယုံကြည်မှုတွေကို ထိန်းသိမ်းဖို့အတွက် ငါတို့ရဲ့ချစ်ခြင်းက မနေ့ကမင်္ဂလာပွဲလေးလိုပဲလို့ အမြဲစိတ်ထားတတ်ဖို့လိုတယ်ညီလေး။ ၁၀နှစ်ကြာလည်း မနေ့ကမင်္ဂလာဦးစလိုပဲ ချစ်မြဲကြင်နာမြဲဂရုစိုက်မြဲ။ နှစ်၂၀ကြာလဲ မနေ့ကပွဲလေးလိုပဲ သစ္စာရှိမြဲကြင်နာမြဲ၊ နှစ်၃၀ကြာလဲ နှစ်၄၀ကြာလဲ အဲသလိုစိတ်ထားမျိုး အမြဲမွေးထားတတ်ဖို့လိုတယ်ညီလေး။

ညီလေးဘက်က မပြောင်းလဲပဲ ချစ်နေမယ်ကြင်နာနေမယ်ဆိုရင် ညီလေးရဲ့ အိမ်ထောင်ဖက် ချစ်သူသက်ထားလေး ဘယ်လောက်ကျေနပ်လိမ့်မလဲ ပီတိဖြစ်မလဲ သူထားခဲ့တဲ့ယုံကြည်မှုလေးက ပိုပိုတိုးလာပြီး ကိုယ့်လင်ယောကျာ်းအပေါ် လေးစားတဲ့စိတ်တွေနဲ့ မင်းကိုဆက်ဆံမှာမလွဲဘူးလေ။ တကယ်တော့ မိန်းမဖြစ်သူ ကိုယ့်စကားနားထောင်ဖို့ ကိုယ့်သြဇာလွှမ်းဖို့ ခြိမ်းခြောက်မာန်မဲနေစရာ မလိုပါဘူး။ သူ့ရဲ့ယုံကြည်မှုလေးမပျက်သွားအောင် တည်ကြည်တဲ့စိတ်ဓာတ် မဖောက်ပြားတဲ့သစ္စာ ကြင်နာတတ်တဲ့ နှလုံးသားကို လေးစားတဲ့စိတ်နဲ့ နေပေးဖို့ပဲလိုတာပါ။ အားကိုးထိုက်တဲ့ ယောကျာ်းအဖြစ်သတ်မှတ်လို့ သူကကိုယ့်ကိုလက်ထပ်ခဲ့တယ် သူ့မိဘတွေက ယုံယုံကြည်ကြည် လက်ထပ်ခွင့်ပြုခဲ့တယ် တကယ်ရောကိုယ်က အားကိုးထိုက်ရဲ့လား သူတို့မှားယွင်းခဲ့တာလား အဲဒီအဖြေကတော့ ကိုယ့်ရဲ့အရည်အချင်းနဲ့ လုပ်နိုင်စွမ်းအပေါ်မှာ မူတည်ပါတယ်။ သူများတွေလို တိုက်ကြီးတာကြီး၊ ကားတွေ၊ စိန်တွေ၊ ရွှေတွေ၊ ငွေကြေးဥစ္စာတွေ အမြှောက်အမြားပိုင်အောင် မင်းလုပ်ပြနေစရာမလိုပါဘူး။ မင်းလုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြဖို့ပါပဲ။ ငွေကြေးဥစ္စာအပြင် မိသားစုအပေါ် ကာကွယ်ပေးနိုင်မှု မိသားစုအရေးမှာ အိမ်ထောင်ဦးစီးအဖြစ် ရှေ့ကနေ မားမားမတ်မတ်ဖြေရှင်းပေးနိုင်မှု အမျိုးမျိုးသောအခြေအနေ၊ အနေအထားတွေပေါ်မှာ ယောကျာ်းတစ်ယောက်အနေနဲ့ မိသားစုအတွက် အားကိုးထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် ငါ့ညီကြိုးစားမယ်ဆိုရင် သာယာတဲ့အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နိုင်ပြီး ဘ၀သက်ဆုံးတိုင် ပေါင်းသင်းနေထိုင်သွားနိုင်မှာဖြစ်တဲ့အကြောင်း............................အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြပါစေ ညီလေးတို့ရေ။

ကိုးကား။    ။ လူမှုဘ၀စာမျက်နှာ
မျင်;မိုရ်;ခွန်
Powered by Blogger.