Saturday, June 25, 2016

ကွမ်းယာဆိုင်ပိတ်သိမ်းလိုက်ရုံဖြင့် ကွမ်းစားခြင်းအလေ့အထများလျှော့ကျသွားမှာလား

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်


“ဆရာရေ ၅၀၀ ဖိုးလောက် ဆေးပါးပါးနော်” ကျွန်တော်ကွမ်းယာဆိုင်ဘေးတွင် သူငယ်ချင်း တစ်ယောက်ကိုထိုင်စောင့်နေရင်း ကြားလိုက်ရတဲ့ အသံဖြစ်ပါတယ်။ ကားဆရာဆိုတော့ ကားမောင်းရင်း အိပ်ငိုက်မှာစိုးလို့ ကွမ်းယာဝါးရင်းမောင်းခြင်းဖြစ်မယ်လို့ တွေးလိုက်မိတယ်။ တချို့က ထမင်းစားပြီး ပါးစပ်ချဉ်လို့စားကြတယ်၊ တချို့ကလည်း အပျင်းပြေကွမ်းယာကိုဝါးကြတယ်။ ကွမ်းမ၀ါးရရင် မနေနိုင်လို့ နေ့တိုင်းကွမ်းဝါးတယ်စသဖြင့် ကျွန်တော့်ပတ်ဝန်းကျင်မှာ ကွမ်းစားခြင်းကို အလေ့အထ တစ်ခုလို ဓလေ့ထုံးစံတစ်ခုလို တွေ့နေမြင်နေရတာပါ။ ကွမ်းစားခြင်းက ကောင်းသလား မကောင်း ဘူးလား။
ကွမ်းယာစားခြင်းဟာ လူသားများရဲ့နေ့စဉ်စားသုံးရတဲ့ အာဟာရဖြစ်အစားအစာထဲမှာ မပါတာတော့သေချာပါတယ်။ ဒါပေမဲ့လို့ လက်ရှိမြန်မာနိုင်ငံအတွင်း လူမျိုးတော်တော်များများဟာ ကွမ်းစားလာခဲ့တာ ရှေးနှစ်ပေါင်းများစွာ ဘိုးစဉ်ဘောင်ဆက်ကတည်းက စားသုံးလာခဲ့ကြတာ ဖြစ်ပါတယ်။ ကွမ်းစားသုံးခြင်းကို ရှေးယခင် ခေတ်အဆက်ဆက် စာဆိုတော်ကြီးများကလဲ စာနှင့်ပေနှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးသားခဲ့တဲ့စာတွေကို ဖတ်ရှုခြင်းအားဖြင့် ကွမ်းစားခြင်းဟာ အလေ့အထလိုဖြစ်နေတာကို သမိုင်းအထောက်အထားများအရ တွေ့ရမှာဖြစ်ပါတယ်။ ကွမ်းစားခြင်းဓလေ့ကို မြို့များကော် ကျေးရွာများပါမကျန် ဧည့်သည်လာပါက ကွမ်းအစ်များ၊ ထုံး၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးရွက်ကြီးများ စသည်ဖြင့်တည်ခင်းဧည့်ခံလေ့ရှိကြပါတယ်။ ပွဲလမ်းသဘင်မှာဆိုလည်း တည်ခင်းကြတယ်။ ခုအခါ နိုင်ငံခြားကနေလာတဲ့ ဆေးမျိုးစုံနဲ့ တည်ခင်းလာကြပါတယ်။ ကွမ်းစားသုံးတဲ့နေရာမှာ အမျိုးသားများ သာမက အမျိုးသမီးများပါ စားသုံးတတ် ကြပါတယ်။
ကွမ်းစားသူတစ်ယောက်အနေနဲ့ တစ်နေ့ကို ပျှမ်းမျှအားဖြင့် ငွေ ၅၀၀ မှ ၄၀၀၀ ကျပ်ကုန်ကျပါတယ်။ ဒါကိုတွက်လိုက်မယ်ဆိုရင် တစ်လမှာအနည်းဆုံး ၄၀၀၀၀ ကျပ်ခန့် ကုန်ကျနိုင်လို့ သာမန် လက်လုပ်လက်စားများအတွက် မိသားစုစားဝတ်နေရေးကို ထိခိုက်လာနိုင်ပါတယ်။ ကွမ်းစားလို့ကုန်ကျတဲ့ငွေကြေးဟာ ကွမ်းစားသူတစ်ယောက်အဖို့ ကလေးကို ဖုန့်ဖိုးပေးသလောက်ပဲရှိတယ်လို့ ပြောလေ့ ပြောထရှိပါတယ်။  ကလေးကိုလည်း မုန့်ဖိုးပေးရ ကွမ်းဖိုးလည်းကုန်ဆိုတော့ ရေရှည်မှာမလွယ်ကူပါဘူး။ နောက်ပြီးတော့ ကွမ်းစားခြင်းဟာ မိမိကိုယ်တိုင်သာမကပဲ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။ မိမိစားပြီးတဲ့ကွမ်းရည်များ၊ ကွမ်းတံတွေးများကြောင့် မိမိလုပ်ငန်းခွင်များ၊ မိမိပတ်ဝန်းကျင်များ၊ နံရံများညစ်ပတ်စေတဲ့အပြင် ကွမ်းတံတွေးကြောင့် အကောင်ပလောင်များလည်း ၀ိုင်းအုံလာတဲ့ အတွက် ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်းမကောင်းပါဘူး။ ကွမ်းစားသူအများစုဟာ ကွမ်းတံတွေးကို အလွယ်တကူစည်းကမ်းမဲ့ ထွေးချင်သလိုထွေးနေကြတာကြောင့် တစ်ပါးသူကိုရော မြို့ရွာ သန့်ရှင်းရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ကျွန်တော် ရန်ကုန်ရောက်တုန်းက လမ်းဖြတ်ကူးစဉ် မထသ လိုင်းကားပေါ်ကနေ ကွမ်းတံထွေးကိုထွေးလိုက်လို့ ကွမ်းတံထွေးကကျွန်တော့်အကျီင်္ိအပေါ် လာကျပါတယ်။ ကျွန်တော်လိုက်အော်ပေမဲ့ လိုင်းကားအရှိန်မြန်တော့ မမီလိုက်ဘူး။ ကွမ်းထွေးသူက ဘာမှမသိပေမဲ့ ခံရတဲ့သူအဖို့ တော်တော်လေးအခံရခက်ပါတယ်။ ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်း မသိဘူး။
ကွမ်းစားခြင်းဟာ သွားကိုခိုင်မာစေတယ်၊ ခံတွင်းကို သန့်ရှင်းစေတယ်၊ ခံတွင်းအနံ့ဆိုးပျောက် စေတယ်လို့ ကွမ်းစားသူများက ထင်မြင်ယူဆကြပါတယ်။ အမှန်က ကွမ်းစားခြင်းနဲ့ဆိုင်တဲ့ လေ့လာမှုတွေမှာ ကွမ်းစားခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးသာများတယ်လို့ သိရပါတယ်။ ကွမ်းစတင် စားတာနဲ့တပြိုင်နက် သွားဖုံးများအလျင်အမြန်ပျက်စီးခြင်း၊ ဖြူဖွေးနေသောသွားများ သွားကျိုးကပ်ကာ၊ ကြည့်မကောင်းအောင် အရောင်များဝါခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း၊ လူကိုမူးဝေစေပြီး ကွမ်းယာမှာပါဝင်တဲ့ ထုံးကြောင့် ကျောက်ကပ်များခြောက်ကပ်ပြီးပျက်စီးခြင်း၊ ကျောက်တည်ခြင်းများ ဖြစ်စေတယ်လို့ သိရပါတယ်။ ကွမ်းကိုအချိန်ကြာကြာစားသုံးပါက ပါးစောင်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ လျှာကင်ဆာ စတဲ့ကင်ဆာများဖြစ်ပေါ်စေပါတယ်။
ယခုနှစ်အတွင်း ကွမ်းစားသုံးခြင်း၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုကျဆင်းရေးကော်မတီများ ဖွဲ့စည်းပြီး ကွမ်းတံတွေးမထွေးရနေရာများ၊ ကွမ်းယာရောင်းချခွင့်ပိတ်သိမ်းခြင်းများ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ အစိုးရဌာနများ၊ ရုံးများ၊ စာသင်ကျောင်းများ၊ အများပြည်သူသွားလာ အပန်းဖြေရာနေရာများတွင် ကွမ်းတံတွေးထွေးခြင်း၊ ကွမ်းယာရောင်းချခြင်းများ ကန့်သတ်မှုရှိ လာပါတယ်။ စည်းကမ်းမဲ့ကွမ်းထွေးရင် ဒဏ်ကြေးငွေ ၂၀၀၀၀ ကျပ် ဒဏ်ကြေးငွေပေးဆောင်ရမယ်လို့ သတ်မှတ်ထားပြီး ကွမ်းယာဆိုင်များကိုလည်း ပိတ်သိမ်းရန်အတွက် ဥပဒေများထုတ်ပြန်ထားပါတယ်။ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရအရေးယူမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ကွမ်းယာဆိုင်ဖွင့်လှစ်ခြင်းအစား အခြားသောဆိုင်များဖွင့်လှစ်ရောင်းချရန်လည်း ပါပါတယ်။
ဥပဒေအရအရေးယူခြင်း၊ တားမြစ်ပိတ်သိမ်းခြင်း၊ ပြစ်ဒဏ်ပေးခြင်း စတာတွေကို လုပ်ဆောင် မယ်ဆိုတော့ တချို့ကကြိုဆိုထောက်ခံကြပြီး၊ တချို့ကလည်း မဖြစ်နိုင်တဲ့အရာ လျှောက်လုပ်နေတယ်စသဖြင့် ဝေဖန်သံများထွက်ပေါ်လာပါတယ်။ ကွမ်းတံတွေးထွေးခြင်းကို တားမြစ်တာကဖြစ်သင့်ပေမဲ့ ကွမ်းယာဆိုင်ကလေးဖွင့်ပြီး မိသားစုရဲ့ဝမ်းရေးကို ဖြေရှင်းနေကြရတဲ့ သူများအဖို့ အလွန်ခက်ခဲ တဲ့အရာဖြစ်နေပါတယ်။ “ကွမ်းယာကိုရောင်းပြီး မိသားစုဝင်ငွေရှာလာတာ ၁၀နှစ်ကျော်ပြီ ပိတ်ပစ်ရမယ်ဆိုတော့ မဖြစ်သင့်ဘူးလေ တခြားဘာသွားလုပ်စားရမှာလဲ” ဟု ၁၀နှစ်ကျော်ကြာ ကွမ်းရောင်း လာသူ ကလေးမိခင်တစ်ဦး ကဆိုသည်။ လိုင်းကားမှတ်တိုင်အနီးတွင် ကွမ်းရောင်းသူတစ်ဦးက “အစိုးရပေါ်မူတည်တယ် သူတို့တကယ်ပိတ်ရင် မလွယ်လောက်ဘူး ခုခေတ်က ဖုန်းခေတ်ဆိုတော့ ပိတ်လဲ တချို့ဖောက်သည်တွေက ဖုန်းနံပါတ်ပေးထားတယ်လေ အိမ်မှာလာပြီးဝယ်မှာပဲ မှောင်ခို သဘောပေါ့ တကယ်ပိတ်ရင် မှောင်ခိုနဲ့ရောင်းရမှာပဲ” လို့ဆိုပါတယ်။ ဟိုက်ဝေးမောင်းတဲ့ ကားဆရာဦးတစ်ဦးကလည်း “ဒါမတရားဘူးလို့ပြောရမယ် ကျွန်တော်တို့က ကားမောင်းရင်း အိပ်မငိုက်အောင် ကွမ်းယာလေး ငုံထားရတာ၊ ပိုက်ဆံလည်း သိပ်မကုန်ပါဘူး ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကကွမ်းစားတာ ဘိန်းစားနေတာမဟုတ်ဘူးလေ ကွမ်းမစားရင် ဘိန်းစားရမှာလား၊ ကွမ်းကိုပိတ်မဲ့အစား အရက်ဆိုင်တို့၊ အရက်ထုတ်လုပ်သူတို့ကို အရင်ပိတ်ပါလား”ဟု ကားသမားများ၏ ကွမ်းစားရသည့်အကြောင်းကို ပြောပြပါတယ်။ ကွမ်းစားတတ်တဲ့ကလေးတစ်ဦးရဲ့ မိခင်ဖြစ်သူက “ဒါအစိုးရကနေ ဥပဒေကို တိတိကျကျလုပ်ဆောင်မယ်ဆိုရင် မရစရာအကြောင်းမရှိဘူး ဘိန်းဆိုလည်း စိုက်ရင်သေဒဏ်ပေးလိုက် အဲဆိုစိုက်သူရှိမှာမဟုတ်တော့ဘူး ကွမ်းလည်းအဲလိုလုပ်ရင် ကွမ်းစားသူနည်းသွားမယ်၊ ဥပဒေက လျော့တိလျော့ရဲလုပ်ရင်တော့ မဖြစ်နိုင်ဘူး” ဟု သူ့အမြင်ကို ပြောပြပါတယ်။
“ရည်ရွယ်ချက်က ကွမ်းယာဆိုင်ပိတ်ဖို့မဟုတ်ဘူးပေါ့ အဓိကကကွမ်းစားသုံးတဲ့ အလေ့အထတွေနဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာတွေကို လျော့နည်းသွားဖို့ပါ ရန်ကုန်နဲ့မန္တလေး စတဲ့မြို့ကြီးတွေမှာ မြို့တော်စည်ပင်သာယာရေး ကော်မတီကနေမှ တရားဝင်ကြေညာထားတာ၊ ဗွီနိုင်းစာလုံးတွေနဲ့ ကွမ်းမစားရဧရိယာသတ်မှတ်တာတွေရှိတယ်။ တောင်ကြီးမှာကမရှိသေးဘူး လုပ်ဆောင်သွားဖို့တော့ အစီအစဉ်ရှိတယ်။ ဘယ်တော့ဖြစ်မလဲတော့မသိသေးဘူး” ဟုတောင်ကြီးမြို့နယ် တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
ကွမ်းယာဆိုင်တွေပိတ်သိမ်းလိုက်တာနဲ့ ကွမ်းစားသူတွေ လျော့နည်းသွားမှာလား။ ကွမ်းယာဆိုင်ပိတ်သိမ်းလို့ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေက အခြေခံလူတန်းစား လက်လုပ်လက်စားတွေကပဲ ထိခိုက်လာနိုင်ပါတယ်။ ကွမ်းယာမရောင်းရရင် ဘာရောင်းရမှာလဲ စသဖြင့်ကွမ်းဖြင့် မိသားစုအရေး ဖြေရှင်းနေတဲ့သူတွေအဖို့ ခက်ခဲသွားနိုင်ပါတယ်။ ကွမ်းယာဆိုင်တွေပိတ်သိမ်းဖို့ညွှန်ကြားချက် ထုတ်ပြန်ခြင်းထက် ကွမ်းမစားရနေရာများ၊ ကွမ်းတံတွေးမထွေးရနေရာများ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ကွမ်းရောင်းချခြင်းမပြုဖို့ကို ဥပဒေနဲ့တားမြစ်စေချင်ပါတယ်။ ဥပဒေအတိုင်း မလိုက်နာပဲ ဖောက်ဖျက်မယ်ဆိုပါက ဥပဒေနဲ့အညီတိတိကျကျအရေးယူစေချင်ပါတယ်။ ဒါမှသာကွမ်း တံတွေးများကို စည်းကမ်းမဲ့ထွေးခြင်းများ၊ ကွမ်းစားခြင်းအလေ့အထများ အထိုက်အလျှောက်လျှော့ ချနိုင်မည်ဖြစ်ပါကြောင်း…..

ခွန်ရှိုင်းကို

Powered by Blogger.