Thursday, May 31, 2018

ပအိုဝ်းရိုးရာ ဟင်းချက်ပြိုင်ပွဲနှင့် အခြေခံမီးဖိုဆောင် စီမံခန့်ခွဲမှုသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၃၁)ရက်






၂၀၁၈-ခုနှစ်၊ မေလ(၃၀)ရက်နေ့၊ အင်းနီကျေးရွာတွင် GIZ အဖွဲ့၏ ထောက်ပံ့ပံ့ပိုးမှုဖြင့် Community based tourism Pa-o Reion (CITPAR)၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရွှေကျွန်းမျောဟိုတယ်(GIC)အဖွဲ့တို့မှ ပူးပေါင်း၍ ပအိုဝ်းရိုးရာဟင်းချက်ပြိုင်ပွဲနှင့် အခြေခံမီးဖိုဆောင် စီမံခန့်ခွဲမှုသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံမီးဖိုဆောင် စီမံခန့်ခွဲမှုသင်တန်းကို မေလ(၂၁)ရက်နေ့မှ (၂၉)ရက်နေ့ထိ လွယ်ခေါ်၊ အင်းနီ၊ ထီနဲ့ ကျေးရွာများသို့ တရွာလျင် သင်တန်းသား(၂၀)ဦးခန့်အား GIC မှ သင်တန်းဆရာများက သင်ကြားပေးခဲ့ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် ကျေးရွာ(၃)ရွာမှ သင်တန်းသားများက ပအိုဝ်းရိုးရာဟင်းချက်ပြိုင်ပွဲကို ယှဉ်ပြိုင် ချက်ပြုတ်ကြပြီး  ယခုလို ပအိုဝ်းရိုးရာ ဟင်းချက်ပြိုင်ပွဲကို ပြုလုပ်ရခြင်းသည် ခရီးသွားဧည့်သည်များအား ပအိုဝ်းဒေသရှိ ဟင်းသီးဟင်းရွက်များနှင့် ပအိုဝ်းရိုးရာ အစားအစာများကို ကျွေးမွေးဧည့်ခံစေလိုကြောင်း၊ ကျေးရွာနှင့် ပတ်ဝန်းကျင်တွေကို ကျန်းမာရေးနှင့်ညီညွတ်ပြီး ဟင်းသီးဟင်းရွက်၊ အသီးအနှံချက်ပြုတ်သည့် နည်းလမ်းကို သင်ကြားပေးစေခြင်းဖြင့် ပြိုင်ပွဲအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပအိုဝ်းဒေသ၊ ကျေးရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း တာဝန်ခံ ခွန်ထွန်းဦးက ပြောကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းတိုင်းရင်းသားများ၏ အစားအစာဖြစ်သည့် ပဲပုတ်ချက်ဟင်းနှင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တို့ကို ပြည်တွင်းပြည်ပ ခရီးသွားများက ကြိုက်နှစ်သက်ကြကြောင်း သိရသည်။

ညနေပိုင်းတွင် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များဖြစ်သည့် ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြား မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညွန့်ညွန့်ခိုင်၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ဒုဥက္ကဋ္ဌ- ဖြားခွန်မောင်ဘော်၊ ရွှေကျွန်းမျောဟိုတယ် (GIC) Groupမှ အထွေထွေမန်နေဂျာ ဖြားခွန်မောင်ငွေ၊ GIZ မှ ဒေါ်မြတ်မြတ်မိုးတို့က အမှာစကားများကို အသီးသီးပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲသို့ သက်ဆိုင်ရာရွာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက တက်ရောက်ကြကြောင်း သိရသည်။

ခွန်ရဲုင်းယံ
Powered by Blogger.