Friday, July 6, 2018

ပညာ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၆)ရက်


မိမိတို့ပအိုဝ်းဒေသနှင့် ပအိုဝ်းလူမျိုးဟူသည် ခေတ်အဆက်ဆက်၊ စနစ်အဆိုး/အကောင်းအမျိုးမျိုးကြားမှ ယနေ့ထက်ထိတိုင် ရပ်တည်နေနိုင်သောလူမျိုးတစ်မျိုးပင်ဖြစ်သည်။ ပအိုဝ်းလူမျိုးတို့သည် လွန်လေပြီးခေတ်စနစ်များကြောင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည့်အရေးအရာများတွင် နောက်ကျကျန်ခဲ့သည်မှာအမှန်ပင်ဖြစ်သည်။ ခေတ်စနစ်အမျိုးမျိုးနှင့် ဒေသတွင်းငြိမ်းချမ်းမှုမရှိခြင်းကြောင့် ပညာရေးလည်းကောင်းစွာသင်ကြား နိုင်ခြင်းမရှိ၊ လူမှုစီးပွားရေးသည်လည်းကောင်းစွာလုပ်ဆောင်နိုင်ခြင်းမရှိ ဖြစ်ခဲ့ရလေသည်။

ထို့ကြောင့် မိမိတို့ပအိုဝ်းလူမျိုးတို့၏ ရှေ့ဆောင်လမ်းပြခေါင်းဆောင်များမှ ပအိုဝ်းလူမျိုးတို့ဘ၀ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး၊ ရေရှည်တည့်တံ့နိုင်ရေးအတွက် ငြိမ်းချမ်းပြီးသာယလှပသောဒေသဖြစ်ဖို့ရန်အလို့ငှာ ငြိမ်းချမ်းရေးကိုအရယူခဲ့သည်မှာသိရှိနားလည်ရန်လိုအပ်လှပေသည်။ ဤကဲ့သို့ ငြိမ်းချမ်းရေးရယူခဲ့ခြင်းကြောင့် လက်ရှိပအိုဝ်းလူမျိုးများတွင် ခေတ်ပညာတတ်၊ ဘွဲ့ရလူငယ်များရာချီထောင်ပေါင်းများစွာပေါ်ထွန်းနေလေသည်မှာအများသူငါအသိပင်ဖြစ်သည်။ ဤသည်မှာ မိမိတို့ပအိုဝ်းလူမျိုး၏ ရှေ့ဆောင်လမ်းပြခေါင်းဆောင်များနှင့် ပအိုဝ်းမိဘပြည်သူတို့ စည်းလုံးသောပူးပေါင်းအားပင်ဖြစ်ပေသည်။

ပညာရေးသည် အလွန်အရေးကြီးလှပေသည်။ နိုင်ငံဖြစ်စေ၊ ဒေသဖြစ်စေအသိပညာ၊ အတတ်ပညာရှင် ပေါကြွယ်ဝပါက တိုးတက်မည်မှာအမှန်ပင်ဖြစ်သည်။ ပညာရေးသည် နိုင်ငံ၊ ဒေသတို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးအတွက် အနာဂတ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အသက်အရွယ်ရောက်သောမိမိတို့ကလေးများကိုပညာသင်ကြားနိုင်ရန် တွန်းအားပေးရမည်ပင်ဖြစ်သည်။

မိမိတို့ပအိုဝ်းဒေသတွင် အခြေခံလိုအပ်သောလမ်းပန်းဆက်သွယ်မှုများနှင့် စာသင်ကျောင်းအဆောက်အဦးများသည် ရှိသင့်ရှိထိုက်သောပမာဏတစ်ခုတွင် ရှိနေပြီဟုထင်မြင်ယူဆမိလေသည်။ မိမိတို့ရှေ့ဆောင်လမ်းပြခေါင်းဆောင်ကောင်းများသည် တတ်စွမ်းသောအဖက်မှ ကြိုးစားလုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မိမိတို့သည် ကျောင်းသူ၊ ကျောင်းသားများဖြစ်စေ၊ ကျောင်းသား/သူမိဘများဖြစ်စေစည်းစည်းလုံးလုံးဖြင့် မိမိတို့အနာဂတ်၊ မိမိတို့လူမျိုးအနာဂတ်၊ မိမိတို့နေထိုင်ရာဤကမ္ဘာလောကအနာဂတ်မှာနေ့စဉ်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၀ိုင်းဝန်းဖေးမ ကြရန်လိုအပ်ပေသည်။ပညာရေးသည် မိမိတို့လူမျိုး၏ အနာဂတ်ဖြစ်သည်နှင့်အညီပညာသင်ကြားနေသူများကိုအားပေးအားမြှောက်ပြုရန်လိုအပ်ပေသည်။

အားပေးအားမြှောက်ပြုရာတွင် မိမိတို့လူမျိုးကိုချစ်သောစိတ်ဖြင့် အပြုသဘောဆောင် သောအားပေးအားမြှောက်မှု ဖြစ်စေလိုပါသည်။ ယနေ့ခေတ်တွင် အတန်းပညာသာမက ပြင်ပပညာပါ တတ်မြောက်မှသာ လူရာဝင်ပေသည်။ ထို့ကြောင့် အတန်းပညာတွင် စိန်ခေါ်မှုများစွာမရှိသော်လည်း ပြင်ပပညာတွင် စိန်ခေါ်မှုမြောက်များစွာရှိပေမည်မှာအမှန်ပင်ဖြစ်သည်။ ပညာဟူသည် အမှားအမှန် ဝေဖန်ပိုင်ခြားတတ်မှသာစစ်မှန်သောပညာဟုဆိုနိုင်မည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိမိမိတို့ပအိုဝ်းဒေသတွင် ခေတ်ပညာတတ် ဘွဲ့ရလူငယ်များစွာရှိပေပြီဖြစ်သည်။ “သူတစ်လူ၊ ငါတစ်မင်း” မဖြစ်ဖို့ရန် အရေးကြီးလွန်းလှပေသည်။ စည်းလုံးညီညွတ်သည့် ပအိုဝ်းဟူသောဂုဏ်ပုဒ်များဆက်လက်တည်တံ့ရန် အလွန်အရေးကြီးလွန်းလှပေသည်။ ခေတ်ပညာတတ်သောအနာဂတ်လူငယ်လူရွယ်များနှင့် စည်းလုံးညီညွတ်သော ပအိုဝ်း ပြည်သူများဖြစ်မည်ဆိုပါကလက်တစ်ကမ်းအလိုတွင် ရှိနေသောမိမိတို့ပန်းတိုင်ကိုမကြာသောအချိန်ကာလတွင် အရောက်လှမ်းနိုင်မည်မှာအမှန်ပင်ဖြစ်သည်။

ခွန်အောင်;နွောင်,
Powered by Blogger.