Friday, August 31, 2018

မည်သူ၌ တာဝန်ရှိသနည်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စုပေါင်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံပင်ဖြစ်ပါသည်။ ၎င်းတိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် စာပေဘာသာစကားအသုံးအနှုန်းမှာ တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူညီကွဲပြားမှုရှိကြသည်ကို တွေ့ရှိရပါသည်။ သို့သော် မတူညီသည့် တိုင်းရင်းသားလူမျိုးတိုင်းတို့တွင် ၎င်းတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံတမ်းနှင့် စာပေဘာသာစကားတို့ကို ယနေ့အထိ မပျောက်ပျက်မပျက်ကွယ်အောင် ထိန်းသိမ်းကြသည်ကို နှစ်သက်အားရဂုဏ်ယူဖွယ် တွေ့မြင်နေကြရမည်ဖြစ်သည်။ ထိုသို့ဆိုသော် ထိုတိုင်းရင်းသားလူမျိုးတို့၏ ၎င်း ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံတမ်းနှင့် စာပေဘာသာစကားတို့ကို ကမ္ဘာတည်သရွေ့မပျောက်ကွယ်ပဲ တည်တံ့ခိုင်မြဲရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြသည်မှာ မည်သူ၌တာဝန်ရှိပြီး မည်သူက ထိန်းသိမ်းနေကြပါသနည်း။

တိုင်းရင်းသားလူမျိုးတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံတမ်းနှင့် စာပေဘာသာစကားတို့ကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် စာပေနှင့်ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ဟူ၍ ဖွဲ့စည်းထားကြသည်ကို တွေ့မြင်သိရှိပြီးဖြစ်ပါလိမ့်မည်။ ထိုသို့ ဆိုလျှင် တိုင်းရင်းသားလူမျိုးတစ်မျိုးတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံတမ်းနှင့် စာပေဘာသာစကားတို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ ၎င်းတို့ဖွဲ့စည်းထားသော အဖွဲ့အစည်း၌သာ တာဝန်ရှိပါသလော၊ အဖွဲ့အစည်းအဖွဲ့ဝင်မဖြစ်သည့် ထိုလူမျိုးတို့၏ လူတိုင်းတို့တွင် တာဝန်မရှိကြပါသလော။ စာရေးသူ မိမိအနေဖြင့် လူမျိုးတစ်မျိုးတို့မှ လူတိုင်းတွင် တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အလုပ်မျိုးတွင်မဆို တစ်သီးပုဂ္ဂလဝါဒသည် အရေးပါ အရာရောက်သောကြောင့်ပင်ဖြစ်သည်။ တစ်သီးပုဂ္ဂလဝါဒဆိုသည်မှာ အဖွဲ့အစည်းထက် လူတစ်ဦးချင်းစီ၏ အခန်းကဏ္ဍသည် ပိုအရေးပါခြင်းကို ဆိုလိုပါသည်။

မိမိသည် ပအိုဝ်းလူမျိုး၏ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့အစည်း(အရာရှိ)အဖွဲ့ဝင် ဖြစ်ပါလျှက်နှင့် ထိုသူသည် မိမိတို့၏လူမျိုး ရိုးရာယဉ်ကျေးမှုကို မသိနားမလည်၊ မိမိလူမျိုးတို့၏ အဝတ်အစားတို့ကို ဝတ်စားဆင်ယင်ခြင်းမပြု၊ မိမိလူမျိုးတို့၏ စာပေနှင့် ဘာသာစကားတို့ကို ရေးသားပြောဆိုသုံးနှုန်းခြင်းမပြုပါလျှင် ထိုသူသည် ၎င်းလူမျိုး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံတမ်း နှင့် စာပေဘာသာစကားတို့ကို ထိန်းသိမ်းကာကွယ်ရာ မရောက်ပါ။

ထိုနည်းတူပင် ပအိုဝ်းလူမျိုးမှ လူတစ်ဦးချင်းစီတွင် ငါသည် စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့အစည်းတွင် (အရာရှိ)အဖွဲ့ဝင်တစ်ဦးမဟုတ်ပါ မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် စာပေထိန်းသိမ်းရန်မှာ မိမိ၌တာဝန်မရှိ အဖွဲ့ဝင်များနှင့် အထက်လူကြီးတို့၌သာ တာဝန်ရှိသည်ဟုဆိုကာ မိမိသည် ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်ပါလျက်နှင့် ပအိုဝ်းလူမျိုးတို့၏ ကိုယ်ပိုင်ရိုးရာအဝတ်အစားရှိပါလျှက် ဝတ်စားဆင်ယင်ရန် ဝန်လေးခြင်း(ပအိုဝ်းဝတ်စုံကို မဝတ်တတ်ဘူး၊ ဝတ်လျှင် အရမ်းပူတယ် မနေတတ်ဘူး၊ အခြားအဝတ်အစားလိုမျိုး Style မရှိဘူး၊ အလှအပမပေါ်လွင်ဘူး ဝတ်ရတာရိုးနေပြီ၊ ဝတ်လျှင် မိမိကိုယ်ကို လူအလယ်တွင် သိမ်ငယ်ရသည် ဟု ခံစားကြခြင်း)၊ ဝတ်စားဆင်ယင်မှု မပြုကြခြင်း စသည်တို့သည် မိမိလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာ မရောက်ပါ။

၎င်းနည်းတူ မိမိသည် ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်ပါလျှက်နှင့် ကိုယ်ပိုင်စာပေဘာသာစကားရှိပါလျှက် မိမိလူမျိုးတို့၏ စာပေကို အကြောင်းအမျိုးမျိုးပြကာ(ပအိုဝ်းစာပေကို သင်ကြားလျှင်မည်သည့် နေရာတွင် အသုံးပြုမလဲ၊ မသင်လည်း ဘာမှမဖြစ်ပါဘူး) သင်ကြားမှုမပြုခြင်း၊ ရေးသားအသုံးပြုမှုမရှိခြင်း စသည်တို့သည် မိမိလူမျိုးတို့၏ စာပေကို မပျောက်ကွယ်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာ မရောက်ပါ။

အထက်ပါအတိုင်း မိမိသည် ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်ပါလျှက်နှင့် ကိုယ်ပိုင်ဘာသာစကားရှိပါလျှက် မိမိလူမျိုးဘာသာစကားကို ပြောဆိုသုံးနှုန်းမှုမပြုခြင်း (မြို့ကြီးမှာနေသောကြောင့်၊ ဘွဲ့ရပညာတတ်ဖြစ်သောကြောင့်၊ ချမ်းသာကြွယ်ဝသော လူကုံထံအသိုင်းအဝိုင်းဖြစ်သောကြောင့်)၊ ပအိုဝ်းဘာသာစကားကိုပြောဆိုရန် ဝန်လေးခြင်း စသည်တို့သည် ပအိုဝ်းလူမျိုးဖြစ်ပါလျှက် ပအိုဝ်းဘာသာစကားကို မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာ မရောက်ပါ။

မိမိကိုယ်တိုင်၌က ပအိုဝ်းလူမျိုးဖြစ်ပါလျှက် မိမိလူမျိုးတို့၏ ရိုးရာအဝတ်အစားကို ဝတ်ဆင်မှုမပြုခြင်း၊ စာပေကို သင်ကြားအသုံးပြုရေးသားမှုမပြုခြင်း၊ ဘာသာစကားကို ပြောဆိုသုံး နှုန်းမှုမပြုပါပဲ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းက အလုပ်မလုပ်ဘူး၊ မိမိလူမျိုးတို့၏ ရိုးရာယဉ် ကျေးမှုဓလေ့ထုံးတမ်းနှင့် စာပေဘာသာစကားတို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုမဆောင် ရွက်ကြ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း(အထက်လူကြီး)တို့တွင် တာဝန်ရှိသည်ဟူ၍ ပြစ်တင် ဝေဖန်နေကြသည်ကို တွေ့မြင်ကြားသိနေရပါသည်။

တိုင်းရင်းသားလူမျိုးတစ်မျိုးသည် ၎င်းတို့၏ ရိုးရာအဝတ်အစားကို ဝတ်စားဆင်ယင်မှုမပြုကြလျှင် စာပေကို သင်ကြားအသုံးပြုရေးသားမှုမပြုကြလျှင်၊ ဘာသာစကားကို ပြောဆိုသုံးနှုန်းမှု မပြုကြပါလျှင် လူမျိုးတဖြေးဖြေးမှေးမိန်ပျောက်ကွယ်သွားတတ်သည်။ အကြောင်းမှာ တိုင်းရင်းသားလူမျိုးတစ်မျိုး၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် စာပေဘာသာစကားတို့သည် ထိုလူမျိုးတို့၏ အသက်သွေးကြောဖြစ်သောကြောင့်ပင်ဖြစ်ပါသည်။

ထို့ကြောင့် တိုင်းရင်းသားလူမျိုးတစ်မျိုးအနေဖြင့် မိမိတို့လူမျိုးမပျောက်ကွယ်အောင် မိမိလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် စာပေဘာသာစကားတို့ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်မှာ မည်သူ၌ တာဝန်ရှိပြီး မည်သူက ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဟူသည် စာဖတ်သူများအနေဖြင့် မိမိကိုယ်ကိုမိမိဆင်ခြင်သုံးသပ်တတ်လာနိုင်စေရန် ရေးသားတင်ပြလိုက်ရပါသည်။

ခွန်ကတောင်လေ
(ခမ်းစန္တာ;ဟေ့,)
Powered by Blogger.