Friday, August 31, 2018

ဟိုပုံးမြို့တွင် စာတမ်းဖတ်ပွဲအခမ်းအနား ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်



ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုစနစ်ဖြစ်သည့်အတွက် အနာဂတ်မှာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မြို့နယ်တွင်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘ၀တိုးတက်မြှင့်မားရေး၊ အေးချမ်းသာယာရေးစသည့် ၀န်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားလာစေရန်၊ စာအုပ်စာပေများဖတ်ရှု့လေ့လာနိုင်စေရန်၊ အစုအဖွဲ့အလိုက် စည်းလုံးညီညွှတ်စွာ ပေါင်းသင်းနေထိုင် တတ်စေရန်၊ အုပ်ချုပ်မှုစနစ်မှန်ကန်ရေး၊ စိတ်ဓာတ်တိုးတက်မြှင့်မားရေး၊ လေ့ကျင့်မှုနှင့်တည်ဆောက်ရေး၊ သက်သာချောင်ချိရေးတို့ကိုရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ စာတမ်းဖတ်ပွဲကို သြဂုတ်လ(၃၀)ရက်နေ့၊ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က စာတမ်းဖတ်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာတမ်းဖတ်ပွဲအားဆက်လက်ကျင်းပရာ ပါဝင်ဖတ်ကြားမည့် အဖွဲ့(၈)ဖွဲ့များမှ တစ်ဖွဲ့ချင်းအလိုက်စာတမ်းများအား ပရိုဂျက်တာဖြင့် ဖတ်ကြားတင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါစာတမ်းဖတ်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ရဲမှူးမင်းဟန်၊ မြို့နယ်စီမံကိန်း လ/ထ ညွှန်ကြားရေးမှူး ဒေါ်ရီရီမေ၊ မြို့နယ်ဆည်မြောင်းဦးစီးအရာရှိ ဦးခွန်စိန်မင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထက်ထက်စံနှင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစောမောင်တို့က တင်ပြချက်များအပေါ် သုံးသပ်အကြံပြု၍ အကဲဖြတ်အမှတ်ပေး ဆောင်ရွက်ခဲ့ရာ မြို့ပေါ်ရုံးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်းများ ပါဝင်ဆွေးနွေးခဲ့ပြီး စာတမ်းဖတ်ပွဲတွင် တင်ပြချက်ကောင်းမွန်သောအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.