Monday, February 17, 2014

နားဘောင်ဒေသ မြေယာသမိုင်းနှင့် ဒေသခံများ ညှိုနှိုင်းသဘောတူညီချက်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်

ပအိုဝ်းအမျိုးသားခေါင်းဆောင်များသည် ၁၉၄၉-ခုနှစ် ဒီဇင်ဘာ(၁၁) ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) အမည်ဖြင့် ရှမ်းပြည်တောင်ပိုင်းရှိ အခြားသော တိုင်းရင်းသားများနှင့်အတူ ပူးပေါင်း၍ ပအိုဝ်းအမျိုးသားတော်လှန်ရေးကို စတင်ခဲ့ပြီး ၁၉၅၈-ခုနှစ် တွင် ပြည်ထောင်စုအစိုးရနှင့် လက်နက်နှင့်ငြိမ်းချမ်းရေးကို ရယူဆောင်ရွက်နိုင်ခဲ့ပါသည်။ လက်နက်နှင့် ငြိမ်းချမ်းရေးရယူပြီး ပအိုဝ်းဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် သဘောတူညီချက်ရယူပြီး အောက်ဖော်ပြပါဒေသများတွင် လုပ်ငန်းဆောင်ရွက်ရန်ဌာန၊ စံပြဖွံ့ဖြိုးရေးဒေသ အဖြစ်သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်-

(၁) တောင်ကြီးမြို့နယ် ထီဖေါင်းကျေးရွာအုပ်စု၊ နားဘောင်ဒေသ
(၂) ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်အုပ်စု၊ဆိုက်ခေါင်စံပြကျေးရွာ
(၃) ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု နောင်ခမ်းစိုက်ပျိုးရေးဒေသ
(၄) ဟိုပုံးမြိ့နယ်၊ ရန်ကင်းဒေသ
(၅) ဟိုပုံးမြို့နယ်၊ ကျောက်တန်းဒေသ
(၆) ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်စံပြကျေးရွာ
(၇) ပင်လောင်မြို့နယ်၊နောင်တရားဒေသ
(၈) လွိုင်လင်မြို့နယ်၊ ပင်လုံဒေသ
(၉) ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ဒေသ
(၁၀) တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ ဇလဲဒေသ တို့ပဲဖြစ်ပါတယ်။

၁၉၆၆-ခုနှစ်တွင် ပအိုဝ်းအမျိုးသားများသည် ဗိုလ်ချုပ်စံသိန်းဦးဆောင်မှုဖြင့် ဒုတိယအကြိမ်တော်လှန် ရေးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပအလဖ)အမည်ဖြင့် ပြည်လည်စတင်ခဲ့ပါသည်။ ဒုတိယအကြိမ် တော်လှန်ရေးကြောင့် အထက်ဖော်ပြပါ အရပ်ဒေသများတွင် ဆောင်ရွက်ခဲ့သော ပြန်လည်ထူထောင်ရေးလုပ် ငန်းများသည်လည်း ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခြင်းကြောင့် တောင်ကြီးမြို့နယ်၊ထီဖေါင်းကျေးရွာအုပ်စု နားဘောင်စိုက်ကွင်းသည် ကျေးရွာသူ/သားများမှ ဦးရာစနစ်ဖြင့် ၀င်ရောက်စိုက်ပျိုး လုပ်ကိုင်လာကြပါသည်။ ၂၀၁၃-ခုနှစ်  ဇွန်လ(၁၃) ရက်တွင် ကျေးရွာသားများ၏တင်ပြချက်အရနှင့် ၁၉၅၈-ခုနှစ်တွင် နားဘောင်ဒေသ ကို တာဝန်ယူဆောင်ရွက်ခဲ့သော တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ ထိုစဉ်ကသိမ်းယူခဲ့သော မြေယာ များကို ခြံပိုင်ရှင်များအား ယခင်ကာလတန်းဖိုးအလျောက် ငွေ(၃၀၀) ကျပ်ဖြင့် ပေးလျော်ခဲ့ပြီးဖြစ်ပါသည်။
၁၉၉၁-ခုနှစ်တွင် ဒုတိယတော်လှန်ရေး၏ လက်ဆင့်ကမ်းတာဝန်ယူနေသော ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)မှ နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရယူသည့်အခါ ယခင် ၁၉၅၈ ခုနှစ်၏ ပအိုဝ်းဒေသပြန်လည်ထူထောင်ရေး အစီအစဉ်အရ ဆောင်ရွက်ခဲ့သော နားဘောင်ဒေသနှင့် နောင်ခမ်း ဒေသများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြန်လည်ရယူခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀-ခုနှစ်တွင် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကာ နိုင်ငံရေးလုပ်ငန်းစဉ်များကို ပါတီစည်းမျဉ်းစည်းကမ်းနှင့် အညီ ဆောင်ရွက်ရပါသဖြင့် အမျိုးသားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဖော်ပြပါနားဘောင်ဒေသ မြေယာများကို ရေရှည်ထိန်းသိမ်းရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)သို့ လုပ်ငန်းအရပ်ရပ်ကို လွှဲပြောင်းပေးခဲ့ပါသည်။  ယခုအခါ နားဘောင်ဒေသသည် တဖြေးဖြေး ဖွံ့ဖြိုးတိုးတက်လာပြီး မြေယာတန်ဖိုးလည်း မြှင့်တက်လာခဲ့ပါသည်။  ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ  အရပ်ဒေသတွင် နေထိုင်သော ဒေသခံ တိုင်းရင်းသားမိဘပြည်သူများသည်လည်း မိမိတို့၏စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စသည့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်နိုင်ရန် အဖွဲ့အစည်းမှ လုပ်ငန်းများ မဆောင်ရွက်နိုင်သေးသည့် မြေယာများကို ထိုက်သင့်လျောက်ပတ်သည့် မြေနေရာ သတ်မှတ်၍ ပြည်လည်ပေးအပ်ရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါသည်။ ပြန်လည်ပေးအပ်သော မြေကွက်များနှင့် ပတ်သက်၍ လွတ်လပ်စွာနေထိုင်ခွင့် ၊ စိုက်ပျိုးခွင့် ရောင်းဝယ်ခွင့်ရှိပြီး ၄င်းမြေကွက်နှင့် ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ပအိုဝ်းအမျိုးသားတပ်မတော် (PNA) မှ တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ပါကြောင်း  သိရှိရသမျှ နားဘောင်ဒေသ သမိုင်းကြောင်း ကိုတင်ပြလိုက်ရပါတယ်…….


ခွန်ပျူခမ်း





Powered by Blogger.