Monday, February 24, 2014

သန်းခေါင်စာရင်း ရည်ညွှန်းချိန်နှင့် သန်းခေါင်စာရင်း ထည့်ကောက် ရမည့်သူများ၊ သန်းခေါင်စာရင်း ထည့်မကောက်ရမည့် သူများဆိုင်ရာ သိကောင်းစရာများ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်


မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း မကောက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပြီဖြစ်၍ မြန်မာပြည်သူလူ ထုအနေဖြင့် သန်းခေါင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အလှမ်းဝေးကွာနေပြီ ဖြစ်သည်။ သန်းခေါင်စာရင်းဟု ဆိုလျှင်လည်း မိဘပြည်သူတို့ လက်ထဲတွင် ရှိသည့် အိမ်ထောင်စု လူဦးရေး စာရင်းကိုသာ သန်းခေါင်းစာရင်းဟု အမှတ်စွဲ နေကြသည်က များပါသည်။ နိုင်ငံအများစုတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ ရှိကြပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ အနေဖြင့် ဖွံ့ဖြိုးမှုနှင့် လူဦးရေ တိုးတက်မှုကို တိုင်းတာနိုင်ရန်အတွက် ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူရန် အကြံပြုထားပါသည်။ ကမ္ဘာ့သန်းခေါင်စာရင်း ကောက်ယူမှု အစီအစဉ်အရ ၂၀၁၀ round အနေဖြင့် ၂၀၀၅ ခုနှစ်က စတင်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်တွင် သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခုလာမည့် ၂၀၁၄ ခုနှစ် မတ်လ ၃ ရက်နေ့၌ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ပါသည်။ ကြုံတောင့်ကြုံခဲ လုပ်ငန်းကြီးဖြစ်၍ မိဘပြည်သူများ၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးဖြစ်၍ ယခုကောက်ယူမည့် သန်းခေါင်းစာရင်း အကြောင်းကို မိဘပြည်သူများ ဗဟုသုတအလို့ငှာ တင်ပြအပ်ပါသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသည့် လူဦးရေနှင့် လူမှုရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များသည် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ ဖွံဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်များ တည်ဆောက်ရာတွင် များစွာ အထောက်အကူ ပြုမည်ဖြစ်ပါသည်။
လိုအပ်သော အချက်အလက်များကို သိရှိရန်အတွက် ယခုကောက်ယူမည့် သန်းခေါင်စာရင်းတွင် မေးခွန်းပေါင်း ၄၁ ချက်အား မေးမြန်းထားပါသည်။ ၎င်းမေးခွန်းများကို ဆရာ ဆရာမများမှ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် မေးမြန်စာရင်းကောက်ယူမည် ဖြစ်ပြီး စာရင်းလာကောက်မည့် အချိန်နှင့် ရက်တို့ ကိုလည်းကြိုတင် အကြောင်းကြားမည် ဖြစ်ပါသည်။ မေးမြန်းသည့် မေးခွန်းများကို အမှန်အတိုင်း ဖြေဆိုမှသာ ပြည်သူများအား အကျိုးပြုမည့် အချက်အလက်များ ရရှိနိုင်မည်ဖြစ်ပါသည်။ သန်းခေါင်စာရင်း တစ်ခု၏ အောင်မြင်မှုမှာ ကောက်ယူရရှိသည့် အချက်အလက်များ၏ တိကျမှန်ကန်မှုနှင့် တိုင်းတာ၍ ရနိုင်ပါသည်။ တိကျမှန်ကန်သည့် သန်းခေါင်းစာရင်း အချက်အလက်များ ရရှိရန် စာရင်းကောက်ယူချိန်တွင် ဖြေဆိုသူမှ ပြည့်စုံ မှန်ကန်စွာ ဖြေဆိုရန် လိုအပ်ပါသည်။
၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ပါသည်။ ယခုကောက်ယူမည့် သန်းခေါင်းစာရင်းသည် မိဘပြည်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ နိုင်ငံရေး၊ စစ်ရေးနှင့် လုံးဝမသက်ဆိုင်ပါ။ ထို့အတူ ရွေးကောက်ပွဲနှင့်လည်း မသက်ဆိုင်ပါ။ မြန်မာပြည် နယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို လူမျိုး၊ ဘာသာမရွေး၊ နိုင်ငံသား၊ နိုင်ငံခြားသားမရွေး၊ အဆင့်အတန်းမရွေး စာရင်းကောက်ယူသွားမည် ဖြစ်ပါသည်။ ထိုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မြေတစ်လက်မ မကျန် စာရင်းကောက်ယူနိုင်ရန် တိုင်းရင်းသား ပြည်သူများအနေနှင့် မေးသမျှကို အမှန်အတိုင်း ဖြေကြားပေးရန် လိုအပ်ပါသည်။ အိမ်ထောင်စု တစ်စုတွင် စာရင်းကောက်ယူချိန် ပျှမ်းမျှ မိနစ် ၃၀ ခန့်ကြာမည်ဖြစ်ပါသည်။ အိမ်ထောင်စုထဲမှ ဖြေဆိုနိုင်မည့်သူကိုသာ မေးမြန်းမည် ဖြစ်ကြောင်း သိရှိစေလိုပါသည်။
အားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အမှန်တကယ် လိုအပ်သော လုပ်ငန်းစဉ်ကြီးဖြစ်ပါတယ်။ ထိုကြောင့် ပြည်သူအားလုံး သိထားရန် လိုအပ်သည့် သန်းခေါင်စာရင်း ရည်ညွှန်းချိန်၊ သန်းခေါင်းစာရင်း ထည့်ကောက်မည့် သူများနှင့် သန်းခေါင်းစာရင်း ထည့်မကောက်ရမည့်သူများ အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြ အပ်ပါသည်။
သန်းခေါင်းစာရင်းရည်ညွှန်းချိန်ဆိုသည်မှာ
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူမည် ဖြစ်ပါသည်။ လူဦးရေ အပြောင်းအလဲများသည် အချိန်တိုင်းရှိနေသည် ဖြစ်၍ လူဦးရေး သန်းခေါင်းစာရင်း ကောက်ယူရာတွင် သန်းခေါင်းစာရင်း ရည်ညွှန်ချိန် သတ်မှတ်ရပါသည်။ ၁၉၇၃၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများ တွင်လည်း သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် သတ်မှတ်၍ ကောက်ယူခဲ့ပါသည်။ ယခု ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည့် အချိန် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန် အဖြစ် သတ်မှတ်ထားပါသည်။
သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ အချိန်တွင် မြန်မာနိုင်ငံ အတွင်း၌ ရှိသည့် လူဦးရေကို ရည်ညွှန်း၍ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်အထိ ၁၂ ရက်တိုင်တိုင် တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် လူဦးရေနှင့် အိမ်အကြောင်းအရာ စာရင်းများ ကောက်ယူမည် ဖြစ်ပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်ညကမိမိတို့ နေအိမ်တွင် ညအိပ်သူ အရေအတွက်နှင့် အမည်စာရင်းကို မှတ်သားထားပြီး ဖြေကြားပေးရန် ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရာတွင် လူဦးရေ သုံးမျိုးအားခွဲခြား၍ စာရင်းကောက်ယူမည်ဖြစ်သည်။ အိမ်ထောင်စုဖြင့်နေသော လူဦးရေ၊ အဖွဲ့အစည်း ဖြင့်နေသော လူဦးရေနှင့် အိမ်ခြေယာခြေမဲ့ လူဦးရေဟူ၍ ဖြစ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်တော့မည်ဟု သတင်းထုတ်ပြန် ခဲ့သည်နောက်ပိုင်း ပြည်သူများ သိလိုသော အချက်များအနက် အများဆုံး မေးမြန်းသည့် မေးခွန်းများမှာ အိမ်ထောင်စုဇယား (ပုံစံ-၆၆/၆) မရှိပါက ဘာဖြစ်မှာလဲ၊ သန်းခေါင်စာရင်း လာကောက်သည့်အခါ ယင်းဇယားမရှိပါက အကောက်မခံရဘူးလား၊ တချို့ဧည့်စာရင်းနှင့် နေရသူများကိုရော ထည့်ကောက်မှာလား၊ နိုင်ငံသား စိစစ်ရေးကတ် မရှိရင်ရော သန်းခေါင်စာရင်း ကောက်ရင်ပါပါ့မလား၊ ဘာကတ်ပြားမှ မရှိဘူးဆိုရင်ရော စသည်တို့ ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို ပါဝင်ခွင့်ပေးထားသော သန်းခေါင်စာရင်း ဖြစ်သည်။ လူမျိုး၊ ဘာသာမရွေး၊ မွေးကင်စမှ အသက်ရာကျော် ဘိုးဘွားများအထိ လူတစ်ဦးချင်းစီကို ရေတွက်ကောက်ခံမည် ဖြစ်သည်။ ပြည်သူများ အလွယ်ခေါ်ဝေါ် သုံးစွဲနေသော သန်းခေါင်းစာရင်း အမှန်က အိမ်ထောင်စုဇယား (ပုံစံ-၆၆/၆) ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နိုင်ငံသားကတ် ရထားသည်ဖြစ်စေ၊ မရသေးသည်ဖြစ်စေ၊ အားလုံးကို စာရင်းကောက်ယူမည် ဖြစ်သည်။ အားလုံးပါဝင်ခွင့် ရမည်ဖြစ်ပါသည်။ ပိုမိုရှင်းလင်း လွယ်ကူစေရန် သန်းခေါင်စာရင်း ထည့်ကောက်ရမည့် သူများနှင့် သန်းခေါင်စာရင်း ထည့်မကောက်ရမည့် သူများကို ဖော်ပြ အပ်သည်။

သန်းခေါင်စာရင်းထည့်ကောက်ရမည့်သူများ

- သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ) တွင် မြန်မာနိုင်ငံ  နယ်နိမိတ် အတွင်းရှိသူ/ နေထိုင်သူများ
- သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ)  ကျော်လွန်ပြီးမှ သေဆုံးသူများ
- နိုင်ငံခြားသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံးဝန်ထမ်းများ အပါအဝင် နိုင်ငံခြားတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ
သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ
- မြန်မာနိုင်ငံ အခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင် နေသော နိုင်ငံခြားသားနှင့် မိသားစုဝင်များ
- သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ) ကျော်လွန်ပြီးမှ မွေးဖွားသော ကလေးများ

ခင်စောမူ၊ လက်ထောက်ညွှန်ကြားရေးမှူး (ပြန်ကြားရေးဝန်ကြီးဌာန)


Ref : ပြန်ကြားရေးဝန်ကြီးဌာန၏ website မှ ကူးယူဖေါ်ပြပါသည်။
Powered by Blogger.