Monday, February 24, 2014

မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သိကောင်းစရာများ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်


မူရင်း PDF ဖိုင်ကို ဤနေရာတွင်နှိပ်၍ Dowload ပြုလုပ်နိုင်ပါသည်။ Download
နိဒါန်း

ပြည်သူလူထုဟာ မည်သည့်သန်းခေါင်စာရင်း၌မဆို သန်းခေါင်စာရင်းလုပ်ငန်းနှင့် ပတ်သက်၍ မကြာခဏ
မေးခွန်းများ မေးကြသလို အချက်အလက်များကိုလည်း ရှင်းရှင်းလင်းလင်း သိလိုကြပါတယ်။ ပြီးခဲ့တဲ့
စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့စဉ် အတွေ့အကြုံများနဲ့ ဒေသအသီးသီးမှာရှိတဲ့ လူမှုအဖွဲ့အစည်းများနဲ့တွေ့ဆုံဆွေးနွေးခဲ့စဉ် အတွေ့အကြုံများကို အခြေခံပြီး အောက်ပါ မေးခွန်းများနဲ့ အဖြေများကို ပြုစုခဲ့ပါတယ်။

မေးခွန်းနှင့်အဖြေ အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

၁။ လူဦးရေသန်းခေါင်စာရင်း ဆိုတာဘာလဲ?


လူဦးရေသန်းခေါင်စာရင်းတစ်ခုဆိုတာ သတ်မှတ်ချိန် တစ်ချိန်မှာ နိုင်ငံတစ်နိုင်ငံလုံးကို လွှမ်ခြုံပြီး လျှပ်တစ်ပြက်ဓါတ်ပုံရိုက်ယူလိုက်ခြင်းပင် ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကနေ နိုင်ငံအတွင်းမှာ လူဦးရေ ဘယ်လောက်ရှိနေသလဲ၊ကျား/မ အလိုက်၊ အသက်အပိုင်းအခြား အလိုက် လူဦးရေ၊ နေထိုင်မှု အခြေအနေများ၊ အခြေခံ ဝန်ဆောင်မှုများလက်လှမ်းမီရရှိမှု စသည်တို့ကို ရရှိနိုင်ပါတယ်။ ဒီအချက်အလက်တွေဟာ အားလုံးအတွက် အရေးကြီးပါတယ်။မြန်မာနိုင်ငံရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကြီးကို ၂၀၁၄ ခုနှစ် မတ်လ/ဧပြီလမှာ စတင်ပါလိမ့်မယ်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကတော့ ၂၀၁၄ ခုနှစ် မတ်လ (၂၉) ရက်နေ့ည သန်းခေါင်ယံ ဖြစ်ပါတယ်။

၂။ သန်းခေါင်စာရင်းကို မည်သူတွေက တာဝန်ယူဆောင်ရွက်ပါသလဲ?


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူ့အင်အားဦးစီးဌာန
က သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေကို တာဝန်ယူ စီမံဆောင်ရွက် နေပါတယ်။ ဤဌာနက
သန်းခေါင်စာရင်းဥပဒေနဲ့အညီ သန်းခေါင်စာရင်းကောက်ယူဖို့နဲ့ တိကျမှန်ကန်တဲ့ အချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ ရရှိထုတ်ပြန်ပေးဖို့ တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

၃။ ဘာကြောင့် သန်းခေါင်စာရင်းကောက်ဖို့ လိုပါသလဲ?


နိုင်ငံအတွင်း နေထိုင်ကြတဲ့  လူဦးရေ (သို့မဟုတ်) အုပ်ချုပ်မှုဒေသအလိုက်ရှိ လူဦးရေ၊ နေထိုင်မှု အခြေအနေနဲ့ အခြေခံ ၀န်ဆောင်မှုများ လက်လှမ်းမီရရှိမှု အခြေအနေ အတိအကျကို သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့်သာ ရှိနိုင်ပါတယ်။ အဲဒီအချက်အလက်တွေကို အသုံးပြုပြီး နိုင်ငံတော်အစိုးရကပဲဖြစ်ဖြစ်၊ အစိုးရမဟုတ်တဲ့ ပြင်ပပုဂ္ဂလိက အဖွဲ့အစည်းတွေ ကပဲဖြစ်ဖြစ် စီမံကိန်းတွေ ရေးဆွဲနိုင်မှ ဖြစ်ပါတယ်။ ဒီသန်းခေါင်စာရင်းမှ ရရှိမဲ့ အချက်အလက်တွေကို ကြည့်ခြင်းဖြင့် ပြည်သူလူထုမှာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ရာနေရာချထားရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ အရင်းအမြသ်တွေ ဘယ်လောက်လိုနေသလဲ ဆိုတာကို စီမံကိန်းရေးဆွဲတဲ့သူတွေ သိရှိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၄ ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ စတင်မယ့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းမှာ မြန်မာနိုင်ငံတွင် နေထိုင်သူ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ အထူးအရေးကြီးပါတယ်။

၎။ မြန်မာနိုင်ငံမှာ နောက်ဆုံးသန်းခေါင်စာရင်းကို ဘယ်တုန်းက ကောက်ခဲ့ပါသလဲ?

မြန်မာနိုင်ငံမှာ နောက်ဆုံးသန်းခေါင်စာရင်းကို ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်
သန်းခေါင်စာရင်း ကောက်ယူပြီး နှစ်ပေါင်း (၃၀)ကြာမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို ကောက်ယူမှာ
ဖြစ်ပါတယ်။ ယခုကောက်မယ့် သန်းခေါင်စာရင်းဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်များနဲ့ မြန်မာနိုင်ငံရဲ့
အနာဂတ်အတွက် အလွန်ဘဲအရေးကြီးပါတယ်။

၅။ သန်းခေါင်စာရင်းတစ်ခုကို ဘယ်လောက်တစ်ခါ ကောက်သင့်ပါသလဲ?

နိုင်ငံတော်တော်များများမှာ သန်းခေါင်စာရင်းများကို (၁၀)နှစ် တစ်ကြိမ် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း
ကောက်ယူလေ့ ရှိကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ (၁၀)
နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူသွားမှာဖြစ်ပါတယ်။

၆။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းမှာ ကျွန်ုပ်တို့ ဘာကြောင့် ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါသလဲ?

သန်းခေါင်စာရင်းက ရတဲ့အချက်အလက်တွေကို စီမံကိန်းတွေ ရေးဆွဲဖို့အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။
သင်တို့ရဲ့ ပါဝင်မှု မရရင် ကောက်ယူရရှိတဲ့ အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ အမှန်တကယ် လူဦးရေကိုဖော်ပြနိုင်လိမ့်မည် မဟုတ်ပါ။ နိုင်ငံတော်အစိုးရ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်နေသူများ၊သုတေသနအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိက ကဏ္ဍတွေ အနေနဲ့ ထိရောက်မှုရှိတဲ့ အစီအစဉ်နဲ့ မူဝါဒတွေရေးဆွဲဖို့အတွက် တိကျမှန်ကန်တဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။ သန်းခေါင်စာရင်းကသာ သင်တို့ရဲ့လိုအပ်ချက်တွေကို နိုင်ငံတော်စီမံကိန်းတွေမှာ ထည့်သွင်းရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။

၇။ ဒီသန်းခေါင်စာရင်းမှာ ကျွန်ုပ်တို့ပါ ပူးပေါင်းဆောင်ရွက်ရမှာလား?

ဟုတ်ကဲ့ - သင်တို့လည်း ပူးပေါင်းဆောင်ရွက် ရပါမယ်။ သန်းခေါင်စာရင်းတစ်ခု ကောက်ပြီဆိုရင် လူတိုင်းကိုစာရင်းကောက်မှာပါ။ စစ်တမ်းကောက်သလိုမျိုး နမူနာရွေးချယ်ပြီး ကောက်ယူမှာ မဟုတ်ပါဘူး။ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ အချက်အလက်များကို ရရှိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့သန်းခေါင်စာရင်း ကောက်ယူခြင်းဘဲ ဖြစ်ပါတယ်။ စီမံကိန်းရေးဆွဲရေး လုပ်ငန်းများအတွက် အရေးကြီးတဲ့ရွှေ့ပြောင်းသွားလာမှု ပုံသဏ္ဍာန်များ၊ ပညာရေးအခြေအနေ၊ မသန်စွမ်းသူများ၊ အလုပ်အကိုင်ရရှိမှုအခြေအနေ၊မွေးဖွားခြင်း၊ သေဆုံးခြင်းနဲ့ ဝန်ဆောင်မှု ရရှိမှု အခြေအနေတို့ကို ရပ်ရွာအဆင့်အထိ ရရှိနိုင်ပါတယ်။ ဒါကြောင့်သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကြီးမှာ စာရင်းလာကောက်မဲ့ ဆရာ/ဆရာမများနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဘို့နဲ့ ပြည့်စုံတိကျမှန်ကန်တဲ့ အချက်အလက်များ ပေးကြဘို့ တိုက်တွန်းလိုပါတယ်။

မှတ်ချက်။ ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးထားတဲ့ သန်းခေါင်စာရင်း ဥပဒေဟာ သင်တို့ကို အကာအကွယ်ပေးမှာဖြစ်ပါတယ်။ ဤဥပဒေအရ သန်းခေါင်စာရင်းညမှာ မြန်မာနိုင်ငံအတွင်း နေထိုင်သူ အားလုံးအနေနဲ့ စာရင်းကောက်များမှ မေးမြန်းတဲ့ မေးခွန်းတွေကို ဖြေပေးဖို့ လိုအပ်ပါတယ်။ ဤဥပဒေက သင်တို့ပေးတဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားဖို့ အာမခံချက် ပေးထားပါတယ်။ သန်းခေါင်စာရင်း ကောက်ယူခဲ့တဲ့ အချက်အလက်တွေကို စာရင်းဇယား ပြုစုရေးအတွက်သာ ရည်ရွယ်အသုံးပြုမှာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ဦးချင်းရဲ့ အချက်အလက်တွေကို ရယူနိုင်မှာမဟုတ်ကြောင်းပြောကြားလိုပါတယ်။

၈။ ကျွန်ုပ်ရဲ့ အိမ်တံခါးဝကို ရောက်လာသူဟာ သန်းခေါင်စာရင်းရုံးမှ ဖြစ်ကြောင်း ဘယ်လို သိနိုင်သလဲ?

သန်းခေါင်စာရင်းလာကောက်တဲ့ စာရင်းကောက်ဖြစ်ကြောင်း အောက်ပါအချက်အလက်များအရ သိနိုင်ပါတယ် -

(၁)စာရင်းကောက်ဖြစ်ကြောင်းအသိအမှတ်ပြုကတ်။
(၂)သန်းခေါင်စာရင်းအထိမ်းအမှတ်သင်္ကေတပါသောစာရင်းကောက်ဝတ်စုံ။
(၃)သန်းခေါင်စာရင်းမေးခွန်းများကိုင်ဆောင်ထားခြင်း။
(၄)(A3)စက္ကူအရွယ်ရှိတဲ့ဒေသမြေပုံတစ်ခုနဲ့
(၅) များသောအားဖြင့် သင်တို့ရဲ့ ဒေသခံ ရပ်ရွာလူကြီးများက စာရင်းကောက်များနဲ့အတူ လိုက်ပါပေးတာကို  တွေ့ရပါလိမ့်မယ်။ စာရင်းကောက်အဖြစ် သင်တို့ရဲ့ ဒေသမှာရှိတဲ့ ကျောင်းဆရာ/ဆရာမများက စာရင်းကောက်မှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းမစခင် ဒေသခံရပ်ကွက်လူကြီးများက စာရင်းကောက်များနဲ့ သင်တို့ကိုမိတ်ဆက်ပေးပါလိမ့်မယ်။

၉။ သန်းခေါင်စာရင်းမှာ ဘယ်သူတွေကို ရေတွက်မှာလဲ?

၂၀၁၄ ခုနှစ် မတ်လ (၂၉) ရက်နေ့ညမှာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ လူအားလုံးကို ရေတွက်မှာ ဖြစ်ပြီး
နိုင်ငံသားမရွေး၊ လူမျိုးမရွေး၊ အသက်အရွယ် အဆင့်အတန်းမရွေး လူတိုင်းကို ရေတွက်သွားမှာ ဖြစ်ပါတယ်။စာရင်းကောက်ယူရာမှာ သာမန်အိမ်ထောင်စုများတွင် နေထိုင်သူများသာမက အဖွဲ့အစည်းများဖြစ်တဲ့ဆေးရုံများ၊ ဟိုတယ်များ၊ မိဘမဲ့ကျောင်းများ၊ စစ်တန်းလျားများ၊ ဘုန်းကြီးကျောင်းများ စသည်တို့မှာ နေထိုင်သူအားလုံးကိုလည်း ကောက်ယူမှာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်း များမှာရှိတဲ့ လူအားလုံးလည်း ပါဝင်မှာဖြစ်ပါတယ်။အိမ်ရာ အတည်တကျ မရှိသူများကိုလည်း သန်းခေါင်စာရင်းမှာ ထည့်ကောက်မှာဖြစ်ပါတယ်။

၁၀။ ကျွန်ုပ်ကို ဒီသန်းခေါင်စာရင်းမှာ ထည့်သွင်း ရေတွက်သွားတယ်လို့ သေချာအောင် သင်တို့ ဘယ်လိုလုပ်မှာလဲ?

သန်းခေါင်စာရင်းလုပ်ငန်း တာဝန်ရှိသူများဟာ မြေပုံရေးဆွဲခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီး
ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတိုင်းကို ကောက်ကွက်များခွဲပြီး
ကောက်ကွက်မြေပုံများ ရေးဆွဲပြင်ဆင်ခဲ့ရပါတယ်။ နိုင်ငံတွင်းရှိ နယ်မြေဒေသအားလုံးကို လွှမ်းခြုံနိုင်ဖို့
အတွက် မြေပုံများကို အသုံးပြု ရပါတယ်။ သန်းခေါင်စာရင်းစတင် မကောက်ယူမီ (၃)ရက်အလိုမှာ
ကောက်ကွက်တစ်ခု အတွင်းမှာရှိတဲ့ အိမ်ထောင်စုစာရင်းတွေကို ပြန်လည်စစ်ဆေး ရပါမယ်။ ကွင်းဆင်း
စာရင်းကောက်တဲ့အခါမှာ ကောက်ကွက်တစ်ခုချင်းမှာ အဲဒီအိမ်ထောင်စုစာရင်းအရ အိမ်ထောင်စုအားလုံးကိုထည့်သွင်းကောက်ယူထားခြင်းရှိ/မရှိ အပြန်အလှန် စစ်ဆေးဖို့အတွက်ဖြစ်ပါတယ်။ သင့်ရဲ့အိမ်ထောင်စုကိုဧပြီလ (၁၀) ရက်နေ့တိုင်အောင် စာရင်း ကောက်ယူခြင်းမရှိသေးရင် မိမိရပ်ရွာလူကြီးများကို ဆက်သွယ်သင့်ပါတယ်။ ဒါမှမဟုတ် သင်တို့ရဲ့ မြို့နယ် သန်းခေါင်စာရင်းရုံးက ပြည်သူလူထုကို ပေးထားတဲ့ဖုန်းနံပါတ်ကို အကြောင်းကြားနိုင်ပါတယ်။ သင်နေထိုင်တဲ့နေရာကို စာရင်းကောက်တစ်ယောက် လွှတ်ပေးပြီး စာရင်းကောက်ဖို့စီစဉ် ပေးမှာဖြစ်ပါတယ်။ သင့်အိမ်ထောင်စုကို စာရင်းကောက်ပြီးပြီဆိုရင် စာရင်းကောက်ပြီးကြောင်း အမှတ်အသားကတ်ပြားကို သင့်အိမ် တံခါးမှာ ကပ်ထားခဲ့မှာ ဖြစ်ပါတယ်။

၁၁။ သန်းခေါင်စာရင်းကောက်ယူစဉ်က ကျွန်ုပ်ပေးလိုက်တဲ့ အချက်အလက်တွေကို အခွန်အခအတွက်
အသုံးမပြုကြောင်းနဲ့ တာဝန်ရှိသူများက အရေးယူရန်မဟုတ်ကြောင်း ဘယ်လိုလုပ်သိနိုင်မှာလဲ ?


ပြည်သူ့လွှတ်တော်မှ အတည်ပြုထုတ်ပြန်ပြီးဖြစ်တဲ့ သန်းခေါင်စာရင်းဥပဒေဟာ လူတစ်ဦးချင်းရဲ့
အချက်အလက်တွေကို လျှို့ဝှက်ထားဖို့ အာမခံချက်များ ပေးထားပါတယ်။ သန်းခေါင်စာရင်း အရာရှိတိုင်း
ကောက်ယူရရှိတဲ့ အချက်အလက်တွေကို ဥပဒေနဲ့အညီ လျှို့ဝှက်ထားရပါမယ်။
ပြည်သူ့အင်အားဦးစီးဌာန ၀န်ထမ်းများဟာလည်း ၎င်းတို့ တာဝန်ထမ်းဆောင်စဉ် ကာလတွင် လျှို့ဝှက်
ဆောင်ရွက်ရမယ့် အချက်အလက်များကို မည်သူ့ကိုမျှ အသိပေးမည် မဟုတ်ကြောင်း တရားဝင် လက်မှတ်ထိုးထားရပါတယ်။ သန်းခေါင်စာရင်း ဥပဒေအရ တာဝန်အရမသက်ဆိုင်သူ အခြား လူပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊ အဖွဲ့အစည်း(အစိုးရဌာနများ အပါအ၀င်) ကိုဖြစ်စေ သန်းခေါင်စာရင်းမှ ကောက်ယူခဲ့တဲ့ တစ်ဦးချင်းရဲ့ အချက်အလက်များကို တောင်းယူပိုင်ခွင့်မရှိပါ။ အခြားအစိုးရ အဖွဲ့အစည်းများမှလည်း သန်းခေါင်စာရင်းကောက်ယူစဉ် ကာလမှာ မည်သူတစ်ဦး တစ်ယောက်ရဲ့ အချက်အလက်များကိုမျှ ကြည့်ရှုခွင့်မရှိပါ။ သန်းခေါင်စာရင်း အချက်အလက်များကို စုစည်းပြီး အစီရင်ခံစာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဖြေကြားသူများရဲ့ ကိုယ်ရေးအသေးစိတ်တွေကို ထည့်သွင်းထုတ်ပြန်မည် မဟုတ်ပါ။ သန်းခေါင်စာရင်းဥပဒေကို ချိုးဖေါက်၍ အပြစ်ရှိကြောင်း တွေ့ရှိရသော စာရင်းကောက်များ(သို့မဟုတ်) ဌာနမှ ၀န်ထမ်းများအား ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ် (သို့မဟုတ်) ပြစ်ဒဏ် (၂) ရပ်လုံး ကျခံရမှာဖြစ်ပါတယ်။

၁၂။ ကျွန်ုပ်ရဲ့အမည် အပြည့် အစုံကို ဘာကြောင့်လိုအပ်ပါသလဲ?

ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုဝင်အားလုံးရဲ့ အမည်တွေကို မေးရတဲ့အကြောင်းရင်းနဲ့ “သန်းခေါင်စာရင်းကောက်ယူပြီးကြောင်း အမှတ်အသားကပ်ပြား” ကပ်ရတဲ့အကြောင်းက မှန်ကန်မှုကို စစ်ဆေးဘို့ဖြစ်ပါတယ်။သန်းခေါင်စာရင်းမှာ အိမ်ထောင်စုဝင်အားလုံးကို ကောက်ယူနိုင်ဖို့နဲ့ အမှန်တကယ်ကောက်ရမဲ့သူတွေကိုထည့်သွင်းကောက်ယူခြင်းရှိ/မရှိ သေချာစေဖို့ အမည်ကို မေးမြန်းခြင်း ဖြစ်ပါတယ်။ သင့်အိမ်ထောင်စုကိုပြည့်စုံစွာ စာရင်းကောက်ယူပြီးစီးတဲ့အခါ သင့်ရဲ့ကိုယ်ရေး အချက်အလက်များ (ဥပမာ- အမည်) မေးခွန်းပုံစံနဲ့အဆောက်အအုံစာရင်းမှာ ၀င်သွားမှာ ဖြစ်ပါတယ်။ အချက်အလက်များရဲ့မှန်ကန်မှုကို သေချာအောင်လုပ်ပြီးသည်နှင့်  တစ်ပြိုင်တည်း အဆိုပါ အချက်အလက်များကိုဘဲ ကွန်ပျူတာထဲကို ထည့်သွင်းမှာဖြစ်ပါတယ်။အမည်ကို ပုံရိပ်ဖမ်းစက်က ဖတ်နိုင်ခြင်းမရှိပါဘူး။ နောက်ဆုံးအဆင့် စာရင်းဇယားပြုစုတဲ့အချိန်မှာ အိမ်ထောင်စုများရဲ့ အချက်အလက်တွေကို အမည်မပါဘဲ စာရင်းဇယားများ အဖြစ်သို့ ပြောင်းပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်
ထုတ်ပြန်မဲ့ အချက်အလက်တွေကနေ အိမ်ထောင်စုတစ်ခု (သို့မဟုတ်) တစ်ဦးချင်းစီကို နောက်ကြောင်းပြန်ပြီးလိုက်ကြည့်နိုင်ခြင်း မရှိပါဘူး။

၁၃။ သန်းခေါင်စာရင်း မေးခွန်းပုံစံများကို မည်သည့်ဘာသာရပ်များနဲ့ ပြုစုထားပါသလဲ?

သန်းခေါင်စာရင်း မေးခွန်းများကို မြန်မာဘာသာနဲ့ ပြုစုထားပါတယ်။ နိုင်ငံခြားသားများကိုစာရင်းကောက်ယူရန် အင်္ဂလိပ်ဘာသာနဲ့ ပြုစုထားပါတယ်။ စာရင်းကောက်များအနေနဲ့ သင်တို့ရဲ့ဒေသခံဘာသာစကားကို ပြောဆိုတတ်ပါတယ်။ ညွှန်ကြားချက်လက်စွဲစာစောင်ထဲမှာ အရေးကြီးတဲ့ အချက်အလက်အချို့ကို သင်တို့ရဲ့ ဘာသာစကားနဲ့ ပြုစုပေးမှာ ဖြစ်တဲ့အတွက် မေးခွန်းထဲမှာရှိတဲ့ အချို့အသုံးအနှုန်းများကို ရှင်းလင်းပြတဲ့အခါ လိုက်လျောညီထွေမှုရှိမှာ ဖြစ်ပါတယ်။

၁၄။ မေးခွန်းပုံစံကို ဖြည့်ဖို့ အချိန်ဘယ်လောက်ကြာပါသလဲ?

မေးခွန်းပုံစံကိုဖြည့်ဖို့ ပျမ်းမျှအချိန် (၂၅) မိနစ်ခန့် ကြာနိုင်ပါတယ်။ မတ်လ (၂၉) ရက်နေ့ညမှာ သင့်ရဲ့ အိမ်ထောင်စုမှာရှိနေခဲ့တဲ့ လူဦးရေအရေအတွက်ပေါ်မူတည်ပြီး အချိန်အနည်းငယ် အတိုးအလျော့ရှိနိုင်ပါတယ်။

၁၅။ မေးခွန်းပုံစံကို မိမိကိုယ်တိုင် ဖြည့်နိုင်ပါသလား?

မရပါဘူး။ မေးခွန်းပုံစံကို မြန်မြန်ဆန်ဆန် ဖြည့်သွင်းနိုင်ဖို့အတွက် စာရင်းကောက်များကို အထူးလေ့ကျင့်
သင်တန်း ပေးထားပါတယ်။ လေ့ကျင့်ပေးထားတဲ့ စာရင်းကောက်များသာ မေးခွန်းပုံစံများကိုဖြည့်ဖို့
သင့်လျော်ပါတယ်။

၁၆။ ကျွန်ုပ်၏ အိမ်ထောင်စုအချက်အလက်များ ဖြည့်ထားတဲ့မေးခွန်းပုံစံကို သန်းခေါင်စာရင်း ရုံးသို့ ကိုယ်တိုင်ပြန်ပို့လို့ရပါသလား?

မရပါဘူး။ စာရင်းကောက်တွေကိုယ်တိုင် မေးခွန်းပုံစံကို ပြန်လည်အပ်နှံရမှာဖြစ်ပါတယ်။ သူတို့ကို
ပေးထားတဲ့ မေးခွန်းပုံစံ အားလုံးကို သူတို့ကိုယ်တိုင် တာဝန်ယူ အပ်နှံရမှာဖြစ်ပါတယ်။

၁၇။ သန်းခေါင်စာရင်း လာကောက်တဲ့ သူတွေကို ကျွန်ုပ်ရဲ့အိမ်ထဲ ဝင်ခွင့်ပေးရမှာလား?

အိမ်ထောင်စုတစ်စုကို စာရင်းကောက်ယူဖို့ အချိန်အတိုင်းအတာ တစ်ခုကြာမှာဖြစ်တဲ့အတွက် စာရင်းကောက်တွေကို ကြိုဆိုလက်ခံပေးဖို့ အားလုံးကို မေတ္တာရပ်ခံလိုပါတယ်။ စာရင်းကောက်တွေဟာ မေးခွန်းပုံစံကိုဖြည့်သွင်းပြီး သင့်အိမ်မှ မထွက်ခွာမီ အချက်အလက်တွေ ပြည့်စုံမှုရှိ/မရှိ ပြန်စစ်ဆေးမှာ ဖြစ်ပါတယ်။သင့်အနေနဲ့ ခွင့်မပြုလိုပါက အိမ်အပြင်မှာ ထိုင်ပြီး မေးခွန်းတွေကို ဖြေပေးနိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်စာရင်းကောက်ထိုင်ပြီး စာရင်းရေးသွင်းဖို့နေရာ စီစဉ်ပေးစေလိုပါတယ်။

၁၈။ မေးခွန်းပုံစံကို အင်တာနက်မှတစ်ဆင့် (online) ဖြည့်ပေးလို့ရပါသလား?

မရပါဘူး။ မေးခွန်းတွေကို သတ်မှတ်ထားတဲ့ဒေသတစ်ခုရဲ့ ပထ၀ီသင်္ကေတများနဲ့ ချိတ်ဆက်ထားတာ
ဖြစ်တဲ့အတွက် မေးခွန်းပုံစံစာရွက်များဖြင့်သာ အိမ်ထောင်စုများကို စာရင်းကောက်သွားမှာ ဖြစ်ပါတယ်။

၁၉။ မေးခွန်းပုံစံကို ဝက်ဘ်ဆိုက်ဒ် (website) တစ်ခုပေါ်ကနေ ရိုက်ထုတ်ပြီး ကိုယ်တိုင်ဖြည့်လို့ ရပါသလား?

မရပါဘူး။ အချက်အလက်တွေကို ပုံရိပ်ဖမ်းရန် (Scan) နဲ့ လွယ်ကူစွာရှာဖွေနိုင်ရန် ရည်ရွယ်ပြီး မေးခွန်းတွေကိုသင်္ကေတအမှတ်အသားများ (barcode) ထည့်သွင်းထားပါတယ်။ ၀က်ဘ်ဆိုက်ဒ် က ရယူထားတဲ့ မေးခွန်းပုံစံတွေဟာbarcode များမပါတဲ့အတွက် သန်းခေါင်စာရင်းမေးခွန်း ပုံစံများကို ၀က်ဘ်ဆိုက်ဒ်က ရယူလို့ မရနိုင်ပါဘူး။barcode များဟာ မေးခွန်းပုံစံများကို သတ်မှတ်ဒေသများနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီနည်းစနစ်အရအချက်အလက်တွေကို ရယူရာမှာ တိကျမှန်ကန်မှုကို အထောက်အကူ ဖြစ်စေပါတယ်။

၂၀။ ကျွန်ုပ်ဟာ သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ဘိုးဘွားရိပ်သာတစ်ခု (သို့မဟုတ်) ဟိုတယ်တစ်ခု
(သို့မဟုတ်) အဖွဲ့အစည်း တစ်ခုခုမှာ နေပါက ဘာဖြစ်မလဲ?


ယခုကောက်ယူမဲ့ သန်းခေါင်စာရင်းမှာ မေးခွန်းပုံစံ (၂)မျိုး သုံးမှာဖြစ်ပါတယ်။ အိမ်ထောင်စုမေးခွန်းပုံစံနဲ့
အဖွဲ့အစည်းမေးခွန်းပုံစံ ဖြစ်ပါတယ်။ အိမ်ထောင်စုမေးခွန်းပုံစံကတော့ သာမန်အိမ်ထောင်စုများအတွက် ဖြစ်ပြီးအဖွဲ့အစည်းမေးခွန်းပုံစံကတော့ အဖွဲ့အစည်းများဖြစ်တဲ့ ဆေးရုံများ၊ အကျဉ်းထောင်များ၊ စစ်တန်းလျားများ၊ဟိုတယ်များ၊ ဘုန်းကြီးကျောင်းများ အစရှိသည်တို့မှာအဖွဲ့အစည်းပုံစံနဲ့ နေတဲ့သူတွေအတွက် ဖြစ်ပါတယ်။ဒါ့ကြောင့်သင့်ကို သင်နေထိုင်တဲ့နေရာပေါ် မူတည်ပြီး စာရင်းကောက်မှာ ဖြစ်ပါတယ်။

၂၁။ ကျွန်ုပ်သည် ယာယီကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေသည်ဆိုပါစို့။ ကျွန်ုပ်ကို သန်းခေါင်စာရင်းမှာ
ထည့် ကောက်မှာ ပါလား?


ဟုတ်ကဲ့၊ ထည့် ကောက်မှာပါ။ သန်းခေါင်စာရင်းညမှာ မြန်မာ့နယ်နိမိတ် အတွင်းရှိသူ အားလုံး (ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသူများ အပါအဝင်)ကို စာရင်းကောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိလူအားလုံးကိုလွှမ်းခြုံကောက်ယူနိုင်ဖို့အတွက် ယာယီကယ်ဆယ်ရေးစခန်းတွေက စီမံခန့်ခွဲသူများနဲ့ ပူးပေါင်းစီစဉ်သွားမှာဖြစ်ပါတယ်။

၂၂။ မတ်လ (၂၉) ရက်နေ့ညမှာ ကျွန်တော်/ကျွန်မ ဒီနိုင်ငံပြင်ပမှာ ရှိနေပါမယ်။ ဒါဆိုရင် ကျွန်တော်/ကျွန်မကိုသန်းခေါင်စာရင်းမှာ ထည့်ကောက်မှာလား?

ဟုတ်ကဲ့၊ သန်းခေါင်စာရင်းညမှာ ပြည်ပကိုရောက်နေတဲ့ အိမ်ထောင်စုဝင်တွေရဲ့ အချက်အလက်တွေကိုလည်းကောက်ယူမှာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံကို တရားဝင် သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ ထည့်သွင်းစာရင်းယူမှာဖြစ်ပါတယ်။

၂၃။ မတ်လ(၂၉) ရက်နေ့ညတွင် ကျွန်ုပ်၏အိမ်မှာ ဧည့်သည်များရှိနေခဲ့ရင် သူတို့ကို ကျွန်ုပ်ရဲ့ အိမ်ထောင်စုမှာထည့်ပြီး ရေတွက်မှာပါလား?

မတ်လ(၂၉) ရက်နေ့ညမှာ မည်သူမဆို သင်၏အိမ်မှာ အိပ်ခဲ့ရင် သူတို့ကို သင့်ရဲ့ အိမ်ထောင်စုမှာ ထည့်သွင်းကောက်ယူမှာ ဖြစ်ပါတယ်။ မတ်လ(၂၉) ရက်နေ့ညမှာ အလုပ်လုပ်နေသူတွေ၊ လမ်းခရီးမှာရှိနေသူတွေ၊ပွဲတက်နေသူတွေ မတ်လ (၃၀)ရက်နေ့မှာ ၎င်းတို့အိမ်ကို ပြန်ရောက်လာလျှင် ၎င်းတို့ကို သက်ဆိုင်ရာအိမ်ထောင်စုများမှာဘဲ ထည့်ကောက်မှာဖြစ်တယ်။

၂၄။ အိမ်ထောင်စုဝင်မဟုတ်တဲ့ လူတစ်ယောက် မတ်လ(၂၉) ရက်နေ့ညက ကျွန်ုပ်ရဲ့အိမ်မှာ အိပ်ခဲ့ရင်
သူနေအမြဲနေထိုင်ခဲ့တဲ့ နေရာမှာ သူ့ကို ထည့်ကောက်/မကောက် ဘယ်လိုသိနိုင်မှာလဲ?


မတ်လ (၂၉) ရက်နေ့ညမှာ လူများအိမ်ထောင်စုမှာ ရှိ/မရှိ သေချာအောင် မေးမြန်းပြီးမှ အဲဒီ လူတွေကို
စာရင်းကောက်ဖို့ စာရင်းကောက်တွေကို လေ့ကျင့်ပေးထားပါတယ်။ တကယ်လို့ မတ်လ (၂၉) ရက်နေ့ညမှာသူ့အိမ်ထောင်စုမှာ မရှိရင် သူ့ကို စာရင်းကောက်ယူမှာ မဟုတ်ပါဘူး။

၂၅။ အကယ်၍ ကျွန်ုပ်သည် နိုင်ငံခြားသားဖြစ်လျှင်၊ ကျွန်ုပ်ကို သန်းခေါင်စာရင်းမှာ ထည့်ကောက်မှာပါလား?

ဟုတ်ကဲ့၊ နိုင်ငံသားဖြစ်စေ/နိုင်ငံခြားသားဖြစ်စေ၊ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း အိမ်ထောင်စု (သို့မဟုတ်)
အဖွဲ့အစည်း (သို့မဟုတ်) ယာယီကယ်ဆယ်ရေးစခန်းများမှာ နေသူအားလုံးကို သန်းခေါင်စာရင်းမှာ
ထည့်ကောက်မှာ ဖြစ်ပါတယ်။

၂၆။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းရဲ့ ရလဒ်တွေကို ပြည်သူလူထုထံ ဘယ်တော့လောက် ထုတ်ပြန်ကြေငြာ
မှာလဲ?


သန်းခေါင်စာရင်းရဲ့ နောက်ဆုံးရလဒ်တွေကတော့ ၂၀၁၅ ခုနှစ် ပထမလေးလပတ်မှာ ထုတ်ပြန်မှာ ဖြစ်ပြီး
အကြိုရလဒ်တွေကိုတော့ ၂၀၁၄ ခုနှစ် သြဂုတ်လမှာ သိရှိရမှာဖြစ်ပါတယ်။

၂၇။ သန်းခေါင်စာရင်းရလဒ်တွေကို ထုတ်ပြန်ဖို့ ဘာဖြစ်လို့ ဒီလောက်တောင် အချိန်ယူရပါသလဲ?

ခန့်မှန်းခြေအိမ်ထောင်စုပေါင်း (၁၁) သန်းခန့်ဆီက လူတစ်ဦးချင်းရဲ့ အချက်အလက်တွေကို
ကောက်ယူမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို စုစည်းဖို့နဲ့ စာရင်းဇယားပြုစုဖို့ အချိန်များစွာလို
ပါတယ်။ ပြီးရင်အချက်အလက်တွေကို ဆန်းစစ်ခြင်း၊ သုံးသပ်လေ့လာခြင်းများ ပြုလုပ်ပြီး အများပြည်သူ
အလွယ်တကူ နားလည်နိုင်မဲ့ ပုံစံနဲ့ ထုတ်ပြန်ကြေငြာရမှာဖြစ်လို့ အချိန်ယူရတာ ဖြစ်ပါတယ်။

၂၈။ တရားဝင်မဟုတ်ဘဲ ဝင်ရောက်လာတဲ့သူတွေကိုလည်း စာရင်းကောက်မှာပါလား?

ဟုတ်ကဲ့၊ မတ်လ (၂၉)ရက်နေ့ညမှာ မြန်မာနိုင်ငံနယ် နိမိတ်အတွင်းရှိနေသူ အားလုံးကို တရားဝင်သည်
ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ထည့်သွင်း စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။

၂၉။ ဒီမှာတာဝန်ကျတဲ့ စာရင်းကောက်နဲ့ အဆင်မပြေရင် တခြားစာရင်းကောက် တစ်ယောက်ယောက်နဲ့
အကောက်ခံလို့ရမလား?


တာဝန်ကျတဲ့ စာရင်းကောက်နဲ့ သန်းခေါင်စာရင်းပုံစံပါ မေးခွန်းတွေကို ဖြေပေးချင်တဲ့ ဆန္ဒမရှိဘူးဆိုရင်
စာရင်းစစ်နဲ့ ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်။

၃၀။ ကျွန်ုပ်အိမ်မှာနေတဲ့ အိမ်မှုကိစ္စလုပ်တဲ့ အလုပ်သမား ရှိပါတယ်။ သူ့ကို ကျွန်ုပ်ရဲ့ အိမ်ထောင်စုမှာ
စာရင်းကောက်မှာပါလား?


အဲဒါ အခြေအနေပေါ် မူတည်ပါတယ်။ အကယ်၍ သူသည် သင့်အိမ်ထောင်စုမှာဘဲနေပြီး သင်တို့နဲ့
အတူစားမယ်ဆိုလျှင် သူဟာ သင့်ရဲ့အိမ်ထောင်စုဝင်တစ်ဦး ဖြစ်တဲ့အတွက် သူ့ကို သင်ရဲ့ အိမ်ထောင်စုမှာ
စာရင်းကောက်ပါမယ်။ အကယ်၍ သူ/သူမသည် သီးခြားနေရာ တစ်ခုမှာ နေထိုင်ပြီး သူ့အစီအစဉ်နဲ့
ချက်ပြုတ်စားမယ်ဆိုရင်တော့ သီးခြားအိမ်ထောင်စုအဖြစ် သတ်မှတ်ပြီး သူ့ကို သီးခြားကောက်ယူမှာ
ဖြစ်ပါတယ်။

၃၁။ ဘာကြောင့် ကျား/မနဲ့ပတ်သက်တဲ့ မေးခွန်းကိုမေးပြီး ဒီနေ့ခေတ်မှာ ရေပန်းစားနေတဲ့ ကျားမ
  လူမှုရေးရာ (Gender)ကို ဘာကြောင့် မမေးတာပါလဲ?

ကျား/မသည် ယောက်ျားများနဲ့ မိန်းမများအကြား ဇီဝဗေဒအရ ခွဲခြားတာမို့ ကျား/မ ဟာ ပိုပြီး သိပ္ပံနည်းကျတဲ့ အဓိပ္ပါယ်သတ်မှတ်ချက် ဖြစ်ပါတယ်။ Gender လို့ခေါ်တဲ့ ကျားမလူမှုရေးရာ ကျတော့ ယောက်ျားများနဲ့ မိန်းမများအကြားလူမှုရေးအရ ခွဲခြားထားခြင်းသာ ဖြစ်ပါတယ်။

၃၂။ လူမျိုးနဲ့ပတ်သက်တဲ့ မေးခွန်းများကို ဘာကြောင့်မေးရပါသလဲ?

လူမျိုးနွယ်တစ်စုချင်းရဲ့ လူဦးရေအကြောင်းအရာများကို လေ့လာဖို့အတွက် လူမျိုးမေးခွန်းကို မေးလေ့ရှိ
ပါတယ်။ မြန်မာနိုင်ငံထဲမှာ ဘယ်လူမျိုးတွေနေထိုင်တယ်၊ ဘယ်လို ကွဲပြားခြားနားတယ် ဆိုတာကို
သိဖို့လိုအပ်သလို မျိုးနွယ်စုများ၏ လိုအပ်ချက်များကိုလည်း ဖော်ထုတ်ပေးနိုင်ရန် အရေးကြီးပါတယ်။
မြန်မာနိုင်ငံသန်းခေါင်စာရင်းမှာ လူမျိုးမေးခွန်းကို စာရင်းအင်းကိစ္စအတွက်သာ ရည်ရွယ်ပြီး မေးခြင်း
ဖြစ်ပါတယ်။ လူမျိုးမေးခွန်းနှင့် ပတ်သက်ပြီး မည်သူမဆို မိမိလူမျိုးရဲ့အမည်ကို ကိုယ်တိုင် ထုတ်ဖော်
ပြောခွင့် ပြုထားပါတယ်။ လူမျိုးကြီး (၈)မျိုးနဲ့ လူမျိုးစု (၁၃၅) စုကိုတော့ ဂဏန်းသင်္ကေတများ ပေးထားပြီး
အဲဒီ (၁၃၅)မျိုးထဲမှာ မပါရင် “အခြား” ဆိုတဲ့ ဂဏန်းသင်္ကေတကို ရွေးပြီး ဖြေဆိုသူမှ ပြောကြားတဲ့ လူမျိုး
အမည်ကို ကွက်လပ်မှာ ရေးသွင်းမှာ ဖြစ်ပါတယ်။

၃၃။ ကျွန်တော်/ကျွန်မ တို့ရဲ့အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဘာလို့မေးတာပါလဲ?

လူနေမှုအဆင့်အတန်းကို သိရှိရန်နဲ့ စီးပွားရေးနဲ့ လူမှုရေးအညွှန်းကိန်းများ ပြုစုဖို့ (ဥပမာ- လူနေမှု အဆင့်အတန်းအညွှန်းကိန်း) မေးမြန်းခြင်း ဖြစ်ပါတယ်။

၃၄။ မသန်စွမ်းသူနဲ့ပတ်သက်တဲ့မေးခွန်းကို မည်သည့်အတွက်ကြောင့် မေးရပါသလဲ?

မသန်စွမ်းမှုအဆင့်တွေကို ခွဲခြားနိုင်ဖို့နဲ့ မသန်စွမ်းမှု အမျိုးအစားတွေကို သိရှိနိုင်ဖို့ မသန်စွမ်းမှုဆိုင်ရာ
အချက်အလက်တွေဟာ အရေးကြီးပါတယ်။ အဲဒီအချက်အလက်တွေကနေ သူတို့ရဲ့ကျန်းမာရေး လိုအပ်ချက်များနဲ့ အခြေခံဝန်ဆောင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

၃၅။ အကျဉ်းထောင်များ၊ ဆေးရုံများ အစရှိတဲ့ အဖွဲ့အစည်းများမှာ နေတဲ့သူတွေကို ဘယ်လိုစာရင်း
ကောက်မှာလဲ?


အဖွဲ့အစည်းများဖြစ်တဲ့ အကျဉ်းထောင်၊ ဆေးရုံနဲ့ ဟိုတယ် အစရှိသည်တို့မှာ အဲဒီအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုပဲ စာရင်းကောက်အဖြစ် တာဝန်ပေးအပ်မှာ ဖြစ်ပါတယ်။ စာရင်းကောက်များ လိုအပ်တဲ့ အချက်အလက်တွေကို တာဝန်ရှိသူတွေက ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံမှာ ဖြစ်ပါတယ်။ ဟိုတယ်လို အဖွဲ့အစည်း နေရာမျိုးမှာဆိုရင် ဧည့်သည်မှတ်ပုံတင်စာရင်း စာအုပ်ကို အသုံးပြုပြီး သန်းခေါင်စာရင်းညမှာ ဟိုတယ်မှာရှိနေတဲ့သူတွေကို စာရင်းကောက်မှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းအတွက် ပြုစုထားတဲ့ မေးခွန်းပုံစံကို အသုံးပြုပြီး အချက်အလက်တွေကို စာရင်းကောက်မှာဖြစ်ပါတယ်။

၃၆။ မည်သည့်မေးခွန်းများ မေးမှာပါလဲ?

သန်းခေါင်စာရင်းမေးခွန်းပုံစံမှာ လူဦးရေဆိုင်ရာ မေးခွန်းများဖြစ်တဲ့ ကျား/မ၊ အသက်၊ အိမ်ထောင်ရေး
အခြေအနေ၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ အစရှိသည့်မေးခွန်းများ၊ နေမြဲအရပ်၊ ပြောင်းရွှေ့ခြင်းစသည့်
ပြောင်းရွှေ့သွားလာခြင်းဆိုင်ရာ မေးခွန်းများ၊ အထွေထွေကျန်းမာရေးဆိုင်ရာ မေးခွန်းများ၊ ပညာရေး၊
အလုပ်လုပ်ကိုင်မှု၊ မွေးဖွားခြင်း၊ သေဆုံးခြင်းနဲ့ ဝန်ဆောင်မှုများရရှိမှု အခြေအနေစတဲ့ မေးခွန်းတွေကို မေးမှာဖြစ်ပါတယ်။

၃၇။ အကယ်၍ ကျွန်တော်/ကျွန်မသည် သန်းခေါင်စာရင်းညမှာ ခရီးထွက်နေရင် (ဒါမှမဟုတ်) လူမှုရေးကိစ္စတစ်ခုနဲ့အပြင်ရောက်နေရင် ဘာဖြစ်မလဲ? ကျွန်တော်/ကျွန်မကို ဘယ်မှာစာရင်း ကောက်မှာပါလဲ?

မတ်လ (၃၀)ရက်နေ့မှာ သင်အမြဲနေထိုင်တဲ့နေရာ(သင့်အိမ်)ကို ပြန်ရောက်နေပြီး တစ်ခြားနေရာ(ဟိုတယ်
သို့မဟုတ် တစ်ဦးဦးရဲ့အိမ်)မှာ မအိပ်ခဲ့ရင် သင့်ကို သင့်ရဲ့အမြဲနေထိုင်ရာဒေသမှာဘဲ စာရင်းကောက်မှာ
ဖြစ်ပါတယ်။
ဒါပေမဲ့ သင်ဟာ မတ်လ (၂၉)ရက်နေ့ မွန်းလွဲ အချိန်မှာ မန္တလေးကနေ ရန်ကုန်ကို (လမ်းခရီးမှာ
လုံးဝမအိပ်ဘဲ) တောက်လျှောက်လာပြီး ရန်ကုန်ကို မတ်လ (၃၀)ရက်နေ့မှာ ရောက်လာတယ်ဆိုရင်
သင်ဟာ သန်းခေါင်စာရင်းညမှာ သင့်နေအိမ်ရှိရာ မန္တလေးမှာ ရှိနေတဲ့သဘော ဖြစ်တဲ့အတွက်
သင့်ကို မန္တလေးနေအိမ်မှာဘဲ စာရင်းကောက်မှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် သန်းခေါင်စာရင်းညမှာ
ခရီးထွက်တဲ့သူကို သူတို့ခရီးစထွက်တဲ့ နေရာမှာ ကောက်ယူမှာ ဖြစ်ပါတယ်။

၃၈။ သန်းခေါင်စာရင်းကို မတ်လ (၃၀)ရက်နေ့မှာ စပြီး စာရင်းကောက်မယ်လို့ သိထားပါတယ်။ ဒါပေမဲ့ သန်းခေါင်စာရင်းကောက်ဖို့ဆိုပြီး လူတစ်ယောက် လာသွားပါတယ်။ အဲဒီလူဟာ တရားဝင်တာဝန် ပေးထားတဲ့သူ ဟုတ်ပါသလား?

သန်းခေါင်စာရင်းစတင် မကောက်ယူမီ သန်းခေါင်စာရင်းရုံးဟာ အဆောက်အအုံစာရင်းကို ပြုစုရပါတယ်။
ဒီစာရင်းကတော့ မြေပြင်မှာရှိတဲ့ အဆောက်အအုံများနဲ့ နေထိုင်တဲ့နေရာတွေ ဖြစ်ပါတယ်။ စာရင်းကောက်
များကို စာရင်းကောက်ယူဖို့ နေရာသတ်မှတ် တာဝန်ပေးတဲ့ စာရင်းဖြစ်ပါတယ်။ တစ်အိမ်တက်ဆင်း
စာရင်းကောက်တဲ့အခါမှာလည်း လူကျန်ရစ်ခဲ့ခြင်းမရှိအောင် အထောက်အကူပေးတဲ့ စာရင်းလည်း
ဖြစ်ပါတယ်။ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ဖို့အတွက် အဆိုပါစာရင်းများကို ကြိုတင်
ပြင်ဆင် ထားရပါတယ်။

၃၉။ မတ်လ (၂၉) ရက်နေ့က ကျွန်တော်/ကျွန်မ အိမ်မှာရှိနေပါတယ်။ ဒါပေမဲ့ (၃၀)ရက်နေ့ မနက်မှာ
ခရီးထွက်ရမှာဖြစ်ပြီး သန်းခေါင်စာရင်းကောက်တဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဧပြီလ (၁၀)ရက်နေ့ကျော်မှ
အိမ်ကိုပြန်ရောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်/ကျွန်မကို သန်းခေါင်စာရင်းထဲမှာပါဖို့ ဘယ်လို လုပ်ရမှာ
ပါလဲ?


ကျေးရွာလူကြီး (ဒါမှမဟုတ်) မြို့နယ်သန်းခေါင်စာရင်းအရာရှိကို လိပ်စာနဲ့ ဆက်သွယ်ပါ။ သင်အိမ်က
မထွက်ခွါမီ သင့်အိမ်ကို စာရင်းကောက်တစ်ယောက် စေလွှတ်ပေးပြီး စာရင်းကောက်ဖို့ ဆောင်ရွက်ပေး
ပါလိမ့်မယ်။

၄၀။ သန်းခေါင်စာရင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်မဲ့ရွေးကောက်ပွဲများ ဘာတွေပတ်သက် ဆက်စပ်မှု ရှိပါသလဲ?

သန်းခေါင်စာရင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲများနဲ့ လုံးဝပတ်သက် ဆက်စပ်မှု မရှိပါ။
သန်းခေါင်စာရင်း ကနေ နိုင်ငံရဲ့လူဦးရေကို ကျား/မ နဲ့ အသက်အပိုင်းအခြား အလိုက်ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ယင်းအချက်အလက်တွေကို ဥပဒေအရ လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ လူတစ်ယောက်ဟာမည်သူမည်ဝါဖြစ်သည်ကို မည်သူတစ်ဦးတစ်ယောက်မျှ သိရှိနိုင်မည် မဟုတ်ပါ။ ဒါ့ကြောင့် သူတို့ကိုမဲဆန္ဒရှင်များအဖြစ် မှတ်ပုံတင်ရန် ရရှိနိုင်မည် မဟုတ်ပါ။ရွေးကောက်ပွဲကော်မရှင်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ်များမှ သုတေသီများအနေနဲ့ သန်းခေါင်စာရင်းမှ ရရှိတဲ့စာရင်းအင်းများကိုသာ အသုံးပြုနိုင်ပါတယ်။ အကယ်၍ အုပ်ချုပ်မှုဒေသ တစ်ခုရဲ့အသက် (၁၈)နှစ်နဲ့အထက် စုစုပေါင်းလူဦးရေဟာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်အရေအတွက်နဲ့ ကိုက်ညီမှု ရှိ/မရှိဆန်းစစ်လေ့လာနိုင်ပါတယ်။ ဤနည်းဖြင့် ရွေးကောက်ပွဲအတွက် မဲပေးနိုင်ခွင့် ရှိသူတိုင်း မှတ်ပုံတင်ထားခြင်း ရှိ/မရှိဆန်းစစ်ရာမှာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

၄၁။ သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဘယ်လို ဆက်စပ်မှုရှိပါသလဲ?

သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုလူဦးရေစာရင်း လုံးဝဆက်စပ်မှု မရှိပါ။ သန်းခေါင်စာရင်းဟာ နိုင်ငံ့အတွက်
လိုအပ်တဲ့ မှန်ကန်တဲ့ လူဦးရေသတင်းအချက်အလက်များနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်များကို သိရှိနိုင်ဖို့
စာရင်းကောက်ယူတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအားလုံးနီးပါးတွင် သန်းခေါင်စာရင်း
ကောက်ယူလေ့ရှိကြပါတယ်။ စာရင်းကောက်များ သင်တို့အိမ်ကိုလာတဲ့အခါ အိမ်ထောင်စုလူဦးရေစာရင်းကို တောင်းကြည့်လိမ့်မည် မဟုတ်ပါ။ စာရင်းကောက်တွေက ၂၀၁၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ညမှာ သင့်အိမ်မှာ ဘယ်သူတွေရှိနေတယ် ဆိုတာကိုဘဲ မေးမြန်းမှာဖြစ်ပါတယ်။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် သတ်မှတ်ရက်မှာရှိတဲ့
နိုင်ငံရဲ့လူဦးရေကိုရရှိမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းတစ်ခုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ လူဦးရေကို
လျှပ်တစ်ပြက် ဓါတ်ပုံရိုက်ယူခြင်းနဲ့ တူပါတယ်။

၄၂။ အချို့ ပဋိပက္ခဒေသတွေဆိုရင် စာရင်းကောက်တွေ ဘယ်လို စာရင်းကောက်မှာပါလဲ?

၂၀၁၄ ခုနှစ် ဧပြီလ သန်းခေါင်စာရင်း စကောက်တဲ့အချိန်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ
ရရှိနိုင်မည်ဟု တာဝန်ရှိသူများက ယုံကြည်မျှော်မှန်းထားကြပါတယ်။ ယနေ့အထိ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအနေဖြင့် လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး
သန်းခေါင်စာရင်းအကြောင်း ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပါတယ်။ ပဋိပက္ခဒေသများ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တော်တော်များများကလည်း လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် သန်းခေါင်စာရင်းဟာအရေးကြီးကြောင်း နားလည်သဘောပေါက်ကြတဲ့အတွက် ပူးပေါင်းပါဝင်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ထုတ်ဖော်ပြောနေကြပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နယ်မြေဒေသအားလုံးနဲ့ လူဦးရေအားလုံးကို သန်းခေါင်စာရင်းမှာ လွှမ်းခြုံကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းစီမံချက်နဲ့ အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းပုံမှာ လူမျိုးစုအားလုံးနဲ့ အရပ်ဖက်လူမှုရေးအဖွဲ့များရဲ့ ပူးပေါင်းပါဝင်မှုရှိအောင် ဆောင်ရွက်ထားပါတယ်။


-     လူမျိုးစုများကို သူတို့နယ်ဒေသအတွင်းမှာ စာရင်းကောက်များအဖြစ် တာဝန်ယူပေးဖို့ တောင်းဆိုမှာ
ဖြစ်ပါတယ်။

- သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး လူထုအသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့လုပ်ငန်းအစီအစဉ်များကို ရေးဆွဲပြီးဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းစဉ်များကို ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာစေဖို့နဲ့ သန်းခေါင်စာရင်းဟာ အားလုံးနဲ့ သက်ဆိုင်မှုရှိကြောင်း သိရှိခံစားလာစေရန် တတ်နိုင်သမျှတိုင်းရင်းသား ဘာသာစကားများဖြင့် မကြာခင် ထုတ်ပြန်နိုင်ရေး အတွက် ဆောင်ရွက်နေပါတယ်။ သန်းခေါင်စာရင်း အကောက်ခံဖို့ လူတိုင်းမှာ အခွင့်အရေးရှိသလို တိကျမှန်ကန်တဲ့ အချက်အလက်များ ပေးဖို့ကိုလည်းတာဝန်ရှိကြောင်း ပြည်သူလူထုက သိထားသင့်ပါတယ်။

- မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီမှာ လူထုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်မှာ ဖြစ်ပါတယ်။


၂၀၁၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာ မေးခွန်းတွင် မေးမြန်းမည့် မေးခွန်း (၄၁) ချက်


လူတိုင်းကို မေးရန်

၁။ အမည်
၂။ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ
၃။ ကျား/မ
၎။ ပြည့်ပြီးအသက်
၅။ အိမ်ထောင်ရေး အခြေအနေ
၆။ ကိုးကွယ်သည့် ဘာသာ
၇။ လူမျိုး
၈။ မသန်စွမ်းမှု အခြေအနေ (အမြင်၊ အကြား၊ ကိုယ်လက်လှုပ်ရှားမှုတွင် အခက်အခဲရှိခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း)
၉။ ကိုင်ဆောင်သည့် လက်မှတ်အမျိုးအစား
၁၀။ မွေးဖွားရာ ဇာတိ
၁၁။ နေမြဲ အရပ် (မြို့/ကျေးလက်)
၁၂။ နေမြဲအရပ်တွင် နေထိုင်သည့်ကာလ
၁၃။ ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ရွှေ့ပြောင်းလာရသည့် အကြောင်းရင်း
၁၄။ နေမြဲအရပ်သို့ ပြောင်းမလာခင် နောက်ဆုံးနေထိုင်ခဲ့သည့် ဒေသ (မြို့/ကျေးလက်)
၁၅။ စာတတ်မြောက်မှုအခြေအနေ (မည်သည့် ဘာသာစကားနှင့်မဆို)
၁၆။ လက်ရှိအတန်းပညာသင်ကြားမှု အခြေအနေ
၁၇။ အမြင့်ဆုံး အောင်မြင်ခဲ့သည့် အတန်း
၁၈။ လွန်ခဲ့သော ၁၂လ အတွင်း လုပ်ကိုင်ခဲ့သည့် အလုပ်အကိုင်အမျိုးအစား
၁၉။ အဓိက အလုပ်အကိုင်
၂၀။ လုပ်ငန်း- လုပ်ကိုင်သည့် လုပ်ငန်းအဖွဲ့အစည်းနှင့် အမည်

 အိမ်ထောင်ကျဘူးသူ အမျိုးသမီးတိုင်းကို မေးမြန်းရန် မေးခွန်းများ

၂၁။ စုစုပေါင်းမွေးဖွားခဲ့သည့် ကလေးအရေအတွက်
၂၂။ အသက်ရှင်လျက်ရှိသော ကလေးအရေအတွက်
၂၃။ သေဆုံးသွားသော ကလေးအရေအတွက်
၂၄။ နောက်ဆုံးမွေးကလေးနှင့် ပတ်သက်သည့်အကြောင်းအရာများ

အိမ်အကြောင်းအရာနှင့် သက်ဆိုင်သည့်မေးခွန်းများ

၂၅။ နေအိမ်အမျိုးအစား
၂၆။ အိမ်ပိုင်ဆိုင်မှု အခြေအနေ
၂၇။ အလင်းရောင်အတွက် အဓိက သုံးစွဲမည့် မီးအမျိုးအစား
၂၈။ သောက်/သုံးရေအတွက် အဓိက ရေရရှိမှု အခြေအနေ
၂၉။ အစားအစာ ချက်ပြုတ်ရန်အတွက် အဓိက လောင်စာအမျိုးအစား
၃၀။ အိမ်သာ အမျိုးအစား
၃၁။ နေအိမ် အဆောက်အအုံတွင် အဓိက အသုံးပြုသည့်ပစ္စည်းများ (အမိုး၊ အကာ၊ အခင်း)
၃၂။ အိမ်ထောင်စုတွင်ရှိသည့် ပစ္စည်းအမျိုးအစား (ရေဒီယို၊ ရုပ်မြင်သံကြား၊ ကြိုးဖုန်း၊ ကွန်ပျူတာ၊ အိမ်တွင် အင်တာနက်  တပ်ဆင်ထားခြင်း၊ ကား (ပစ်ကပ်၊ ဗင်န်၊ ထရပ်ကား)၊ မော်တော်ဆိုင်ကယ်/သုံးဘီးကား၊ စက်ဘီး၊ မော်တော်ဘုတ်၊ လှည်း (နွား/ကျွဲ/မြင်း))

အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများ

၃၃။ အမည်
၃၄။ ပြည့်ပြီး အသက်
၃၅။ ကျား/မ
၃၆။ ထွက်ခွာသည့် ခုနှစ်
၃၇။ ရောက်ရှိနေထိုင်သည့် နိုင်ငံ

လွန်ခဲ့သော ၁၂လအတွင်း အိမ်ထောင်စုသားများထဲမှ သေဆုံးခြင်း အကြောင်းအရာ

၃၈။ အမည်
၃၉။ ကျား/မ
၄၀။ သေဆုံးစဉ် အသက်
၄၁။ သေဆုံးသူသည် အမျိုးသမီး အသက် (၁၅-၄၉)နှစ်အတွင်း ဖြစ်ပါက ကိုယ်ဝန်ကြောင့် သေဆုံးခြင်း/
မွေးဖွားစဉ် သေဆုံးခြင်း/ ကလေးမွေးဖွားပြီး ၆ ပတ်အတွင်း သေဆုံးခြင်းဟုတ်မဟုတ် မေးမြန်းရန်

Ref : http://countryoffice.unfpa.org

Powered by Blogger.