Monday, April 7, 2014

၂၀၁၄ - ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာ၌ ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့ (P.Y.N) မှ တတပ်တအား လုပ်အားပေး ပါဝင်ဆောင်ရွက်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၈) ရက်

ALL PHOTOS BY P.Y.N

ယခုအချိန်ခါဝယ် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မတ်လ (၃၀) ရက်နေ့မှ စတင်ကာ ဧပြီလ (၁၀) ရက်နေ့ထိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသည့် အချိန်ကာလ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ကာလအတွင်း နံနက် (၇) နာရီမှ ညနေ (၆) နာရီထိ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာတိုင်းမှာ သန်းခေါင်စာရင်း ကောက်ခံရေး အဖွဲ့များမှ လိုက်လံကောက်ခံ လျှက်ရှိနေတာ အားလုံးအသိပဲဖြစ်ပါတယ်။


သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ ညဥ့်သန်းခေါင်ယံ အချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ် အတွင်းရှိသူ/ နေထိုင်သူများ၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂၀၁၄ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ ညဥ့်သန်းခေါင်ယံ) ကျော်လွန်ပြီး သေဆုံးသူများနှင့် နိုင်ငံခြားသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံးဝန်ထမ်းများ အပါအ၀င် နိုင်ငံခြားတွင် နေထိုင်လျှက်ရှိသော မြန်မာနိုင်ငံသား အားလုံးကို ကောက်ခံသွားမှာ ဖြစ်ပါတယ်။


နှစ်ပေါင်း (၃၀) ကြာမှ ပြန်ကောက်တဲ့ သန်းခေါင်စာရင်းကို ကောက်ခံတဲ့ အချိန်မှာ ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့ (P.Y.N) အဖွဲ့ဝင် လူငယ်များမှ မိမိတို့၏ သက်ဆိုင်နေထိုင်ရာ ဒေသတို့မှ သန်းခေါင်စာရင်း ကောက်ခံသူတွေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင် လျှက်ရှိပါတယ်။ 


ပအိုဝ်းလူငယ်ကွန်ယက် (P.Y.N) ဟာဆိုရင် ပအိုဝ်းအများစု နေထိုင်ရာ ဒေသများဖြစ်တဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ၊ နောင်တရားမြို့နယ်ခွဲ၊ ကလောမြို့နယ်၊ တောင်ကြီးမြို့နယ်နဲ့ ရပ်စောက်မြို့နယ် အစရှိတဲ့ မြို့နယ်တွေမှာ ကျေးရွာမှ မြို့နယ် အဆင့်ထိ ၄င်းတို့၏ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းနှင့် အညီ အခိုင်အမာ ဖွဲ့စည်းထားပါတယ်။


“လူဦးရေစာရင်းများ မှန်ကန်မှ အနာဂါတ် လူနေမှု ဘ၀ တိုးတက် မြှင့်မားမည်” ဟူသော ဆောင်ပုဒ်နှင့် အညီ ပအိုဝ်းလူငယ်ကွန်ယက် (P.Y.N) အဖွဲ့ဝင် လူငယ်များသည် ၄င်းတို့နှင့် သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာတိုင်းတွင် နိုင်ငံတော်မှ တာဝန်ပေးအပ်ထားသော သန်းခေါင်စာရင်း ကောက်ခံရေး ၀န်ထမ်းများ၊ ၄င်းတို့၏ ဒေသခံ မိဘပြည်သူများနှင့် လက်တွဲကာ တစ်အိမ်တက်ဆင်း လိုက်လံ ကူညီပေးလျှက်ရှိပါတယ်။ သန်းခေါင်စာရင်းနှင့် ပတ်သက်သော မေးခွန်းများအပေါ် ပအိုဝ်းဘာသာစကားဖြင့် ပြန်ဆိုပေးမှုများ၊ ဒေသခံ မိဘပြည်သူများ၏ အထင်မြင်လွဲမှား မှုများအပေါ် နားလည် သဘောပေါက်စေမှုများ၊ မတူကွဲပြားသော ဘာသာစကား အခက်အခဲ ပြဿနာများ၊ ပို့ဆောင်ဆက်သွယ်ရေး ပြဿနာများကို လိုက်လံ ကူညီဆောင်ရွက်ပေး နေပါတယ်။


မြန်မာနိုင်ငံမှာ လူဦးရေ စုစုပေါင်း ဘယ်လောက် ရှိပါသလည်း?.. ဘာ့ကြောင့်လည်းဆိုတော့ အနာဂါတ် စီမံကိန်း များအတွက် လူဦးရေ အရေအတွက် သိဖို့ လိုအပ်ပါတယ်။ သန်းခေါင်စာရင်း၏ အကျိုးကျေးဇူးကို ခံစားရမှာက မိဘပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပအိုဝ်းလူငယ်ကွန်ယက် (P.Y.N) အဖွဲ့ ဆိုတာကလည်း ပြည်သူတွေထဲက ပြည်သူတွေပါပဲ။ အသင်ကော ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံတဲ့ နေရာမှာ ပါဝင်ခဲ့ပြီး ပါပြီလား? မေးလာသမျှ မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေဆိုခြင်းဖြင့် ကူညီပါ...သန်းခေါင်စာရင်း ဥပဒေက သင်ဟာ ဘာပဲ ဖြစ်နေဖြစ်နေ တူညီတဲ့ အခွင့်အရေးနဲ့ အကာအကွယ် ပေးထားပါတယ်။

“ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရေးမှာ မေးခွန်းများ မှန်မှန်ကန်ကန် ဖြေဆိုပေးခြင်းဖြင့် လူတိုင်း ပါဝင်ဆောင်ရွက် ကြပါစို့”

ခွန်ပျူခမ်း (မျင်;မိုရ်;ခမ်း)
Powered by Blogger.