ပအိုဝ်;နင်;မူ; ပင်;ထိုပညာ;ရေ,စွို,
ပအိုဝ်းအမျိုးသမီးပညာရေးဖောင်ဒေးရှင်း
PA-OH Woman Education Foundation
ပအိုဝ်းအမျိုးသမီးပညာရေးဖောင်ဒေးရှင်း
PA-OH Woman Education Foundation
နိဒါန်း
ပညာကို လိုလားသော်လည်း ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား/သူများ ဆက်လက် ပညာသင်ကြားနိုင်ရန် ၀ါသနာတူ စေတနာရှင် ပအိုဝ်းအမျိုးသမီးများ စုပေါင်း၍ ၄င်းကျောင်းသား/သူ လူငယ်လူရွယ် များ၏ ပညာရေးကို တစ်စိတ် တဒေသမှ ကူညီပံ့ပိုး ပေးခြင်းဖြင့် ပအိုဝ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပအိုဝ်း အမျိုးသမီးများမှ အင်အားစုတစ်ရပ် အဖြစ် ပါဝင် ကူညီ ဆောင်ရွက်နိုင်ရန် ဤအဖွဲ့အစည်းကို ဖွဲ့စည်း တည်ထောင်သည်။

အခန်း(၁)
၁။ အဖွဲ့အစည်းအမည်
အဖွဲ့အစည်း၏ အမည်ကို (ပအိုဝ်းအမျိုးသမီးပညာရေး ဖောင်ဒေးရှင်း) ပအိုဝ်းဘာသာဖြင့် (ပအိုဝ်;နင်,မူ; ပင်;ထိုပညာ;ရေ,စွို,) အင်္ဂလိပ် ဘာသာဖြင့် (PA-OH Woman Education Foundation) ဟု သတ်မှတ်သည်။
၂။ အဖွဲ့အစည်းအမှတ်အသား
စာအုပ်ပေါ်တွင် ပညာရေး အထိမ်းအမှတ် ဆီမီးခွက် တင်ထားသော ကလာပ်ကို နဂါးက ခွေပတ်ထားပြီး ကြည့်ရှုနေသော ပုံသဏ္ဍန်ကို အဖွဲ့အစည်း၏ အမှတ်အသား အဖြစ် သတ်မှတ်သည်။
၃။ အဖွဲ့အစည်း၏ တည်နေရာ
အဖွဲ့အစည်း၏ တည်နေရာကို အမှတ်(၉၈)၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့တွင် ဗဟိုအဖြစ် ငှားရမ်း ဖွင့်လှစ်ထားပြီး၊ အခြားမြို့နှင့် ကျေးရွာများသို့လည်း ဆင့်ပွားဖွင့်လှစ်သွားမည်။
အခန်း(၂)
၎။ အဖွဲ့အစည်း၏ရည်ရွယ်ချက်
ပအိုဝ်းလူငယ်များ၏ ပညာရေးလိုအပ်ချက်များကို တစ်စိတ်တဒေသမှ ကူညီပံ့ပိုးပေးရန်။
၅။ အဖွဲ့အစည်း၏ ဦးတည်ချက်
ပအိုဝ်းလူငယ်များ၏ ပညာရေး လိုအပ်ချက်များကို တစ်စိတ်တဒေသမှ ကူညီပံ့ပိုး ပေးခြင်းဖြင့် ရရှိလာသော ပအိုဝ်းလူငယ်၏ လူ့စွမ်းအား အရင်းအမြစ်ဖြင့် ပအိုဝ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပအိုဝ်းအမျိုးသမီး များသည် တစ်ဘက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်း ဟူသော ဦးတည်ချက်ဖြင့် ဖွဲ့စည်းထားပါသည်။
အခန်း(၃)
၆။ လုပ်ငန်းစဉ်များ
(၆.၁) ဆက်လက် ပညာသင်ကြား လိုသော ထူးချွန် ချို့တဲ့ တက္ကသိုလ် ကျောင်းသား/သူများအား ကူညီပံ့ပိုးရန်။
(၆.၂) အဝေးသင် တက္ကသိုလ်တက် ရောက်နေသော ထူးချွန် ချို့တဲ့ ကျောင်းသား/သူများအတွက် အခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်ပါ ဆည်းပူးနိုင်ရန် ကူညီပံ့ပိုးရန်။
(၆.၃) ကျောင်းပြင်ပရောက် အသက်မွေးဝမ်းကျောင်း ပညာသင်တန်း တက်ရောက်လိုသော လူငယ်လူရွယ်များအား ကူညီပံ့ပိုးရန်။
(၆.၄) ကျေးရွာများရှိ ကျောင်းသားမိဘများအား အခြေခံပညာရေး အကြောင်း ကွင်းဆင်း ပညာပေးရန်။
(၆.၅) အခြားသော အဖွဲ့အစည်းများမှ ပို့ချသော သင်တန်းများ၊ စေလွှတ်သင့်သော သင်တန်းများရှိပါက အသင်းဝင်နှင့် လူငယ်လူရွယ်များအား စေလွှတ်ပေးရန်။
(၆.၆) မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ထူးချွန်သော မိဘမဲ့ကလေးများအား ကူညီ ပံ့ပိုးပေးရန်။
အခန်း(၄)
၇။ လုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ခြင်း
(၇.၁) ဒေသအလိုက် (ရပ်ကွက်၊ ကျေးရွာ) တာဝန်ယူနိုင်သော ပုဂ္ဂိုလ် ရှာဖွေခြင်း။
(၇.၂) ကျေးရွာ ကွင်းဆင်း ပညာပေးရေး အတွက် စီစဉ်ဆောင်ရွက်ခြင်း။
(၇.၃) အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ စုံစမ်းပြီး စာရင်းပြုစုထားရန်။
(၇.၄) နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သော ကျောင်းသား/သူများ၏ စာရင်းကို ပြုစုထားရန်။
(၇.၅) ပညာသင်ထောက်ပံ့ကြေး ရွေးချယ်ရေး အတွက် စည်းမျဉ်းများ သတ်မှတ်ရန်။
(၇.၆) ထောက်ပံ့ကြေး ရယူသော ကျောင်းသား/သူများ၏ ကိုယ်ရေးမှတ်တမ်း ရယူထားရန်။
(၇.၇) ပညာသင်ထောက်ပံ့ကြေး လိုအပ်သော ကျောင်းသား/သူများ ကိုယ်တိုင် သော်လည်းကောင်း၊ မိဘအုပ်ထိန်းသူ ကိုယ်တိုင် သော်လည်းကောင်း ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရန်။
(၇.၈) ထောက်ပံ့မည့် ကျောင်းသား/သူများကို ဘုတ်အဖွဲ့ဖွဲ့၍ စိစစ်လက်ခံရန်။
(၇.၉) ထောက်ပံ့မည့် ငွေကြေးပမာဏ သတ်မှတ်ရန်။
(၇.၁၀) ကျေးရွာများမှ ကျောင်းသား/သူများအတွက် နေရာရှာဖွေပေးရန်။ (ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ အမျိုးသမီးရိပ်သာ)
(၇.၁၁) ဘွဲ့ရလူငယ်များ နှင့် အလုပ်အကိုင် လိုအပ်ချက် ရှိသော လူငယ်များ စာရင်းပြုစုထားရန်။
(၇.၁၂) အလုပ်အကိုင် နေရာပေးနိုင်သော လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဆက်သွယ် စုံစမ်းထားရန်။
(၇.၁၃) အခြားသော ပြည်တွင်း၊ ပြည်ပ NGO အဖွဲ့အစည်းများနှင့် ဆက်သွယ်ထားရန်။
အခန်း(၅)
၈။ ဖွဲ့စည်းပုံ
အဖွဲ့အစည်းကို စီမံခန့်ခွဲမှုကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် ရုံးလုပ်ငန်းအဖွဲ့ ဟု (၃)ပိုင်းခွဲ၍ ဖွဲ့စည်းထားပါသည်။
(၈.၁) စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းပုံ
(၈.၂) လုပ်ငန်းကော်မတီများ
(က) ပညာရေးအကြံပေး လုပ်ငန်းကော်မတီ
(ခ) ကျေးလက်ကွင်းဆင်း ပညာပေး လုပ်ငန်းကော်မတီ
(ဂ) အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ စုံစမ်းရေး လုပ်ငန်းကော်မတီ
(ဃ) အလုပ်အကိုင် ရှာဖွေစုံစမ်းရေး လုပ်ငန်းကော်မတီ
(င) ဘဏ္ဍာရေး ရံပုံငွေရှာဖွေရေး လုပ်ငန်းကော်မတီ
(စ) စည်းရုံးရေး လုပ်ငန်းကော်မတီ
(ဆ) ပြန်ကြားရေး လုပ်ငန်းကော်မတီ
(၈.၃) ရုံးလုပ်ငန်းအဖွဲ့
အခန်း(၆)
၉။ စီမံခန့်ခွဲမှုကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ
(၉.၁) နာယက - အဖွဲ့အစည်းကို လမ်းညွှန် ထိန်းကွပ်ကြီးကြပ်ပေးရမည်။
(၉.၂) ဥက္ကဌ - အဖွဲ့အစည်းတစ်ခုလုံး၏ တာဝန်ခံဖြစ်သည်။ အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် စီမံချက်များ ရေးဆွဲခြင်း၊ လုပ်ငန်းတာဝန်များ ခွဲဝေအပ် နှင်းခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများ ပြုလုပ်ရမည်။
(၉.၃) ဒု-ဥက္ကဌ - ဥက္ကဌ မအားလပ်သောအခါ ဥက္ကဋ္ဌကိုယ်စား တာဝန်ဝတ္တရားများကို ဆောင်ရွက်ရမည်။ ဥက္ကဋ္ဌ၏ တာဝန်ဝတ္တရားများကို ခွဲဝေဆောင်ရွက် ရမည်။
(၉.၄) အထွေထွေအတွင်းရေးမှူး - စီမံခန့်ခွဲမှု ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ရုံးအဖွဲ့ကို ဆက်စပ်မှုရှိအောင် ကူညီဆောင်ရွက်ရမည်။ အဖွဲ့အစည်း၏ လုပ်ငန်းများ လည်ပတ်စေရန် အထက်အောက် စေ့ဆော်ပေးရမည်။ ရုံးလုပ်ငန်း ကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ရမည်။
(၉.၅) တွဲဘက်အတွင်းရေးမှူး - အတွင်းရေးမှူး၏ တာဝန်ဝတ္တရား များကို ခွဲဝေကူညီ ဆောင်ရွက်ပေးရမည်။
(၉.၆) ဘဏ္ဍာရေးမှူး - အဖွဲ့အစည်း၏ ဘဏ္ဍာရေး ရံပုံငွေကို တည်တံ့စေရန်၊ တိုးပွားစေရန် ထိန်းသိမ်းကွပ်ကဲ ရမည်။ ဘဏ်စနစ် ကျင့်သုံးပြီး ဘဏ္ဍာရေး ရံပုံငွေ အခြေအနေကို လစဉ် အစည်းအဝေးတိုင်းတွင် တင်ပြရမည်။ ဘဏ္ဍာရေးမှူးသည် အရေးပေါ် လိုအပ်သော ငွေကြေးပမာဏကို ခေတ္တစိုက်ထုတ်နိုင်ရမည်။
(၉.၇) စာရင်းစစ် - အဖွဲ့အစည်း၏ စာရင်းဇယားများ အားလုံးကို လစဉ်စစ်ဆေးမှတ်တမ်း တင်ရမည်။
(၉.၈) စာရင်းကိုင် - လုပ်ငန်းကော်မတီများ၏ စာရင်းဇယားများ၊ ရုံးလုပ်ငန်း စာရင်းဇယားများ၊ ရငွေ သုံးငွေ စာရင်းများ အားလုံးကို အချိန်နှင့်တပြေးညီ စစ်ဆေးရေးသွင်း မှတ်တမ်းတင် ထားရမည်။
အခန်း(၇)
၁၀။ လုပ်ငန်းကော်မတီ၏ တာဝန်ဝတ္တရားများ
မည်သည့် အသင်းသားမဆို လုပ်ငန်းကော်မတီများ၏ လုပ်ငန်း အကောင်အထည် ဖော်ဆောင်မှုတွင် ပါဝင်ရမည်။ လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ တစ်ခုတွင် အဖွဲ့ခေါင်းဆောင် (၅)ဦးဖြင့် ဖွဲ့စည်းထားပြီး ၄င်း(၅)ဦးထဲမှ (၁)ဦးကို ကြီးကြပ်သူအဖြစ် သတ်မှတ်သည်။ အစည်းအဝေးတိုင်းတွင် ၄င်း(၅)ဦးစလုံး မတက် ရောက်နိုင်ပါက ကြီးကြပ်သူမှ စီမံ၍ အနည်းဆုံး (၁) ဦးကို အစည်းအဝေး တက်ရောက်စေရမည်။
(၁၀.၁) ပညာရေး အကြံပေး လုပ်ငန်းကော်မတီ
အသင်းသားတိုင်းသည် လူငယ်လူရွယ်များ၏ ပညာရေးနှင့် ပတ်သက်သော အကြံဥာဏ်များ ရှာဖွေ တင်ပြရန် တာဝန်ရှိသည်။ ပညာပေး အကြံပေး လုပ်ငန်းကော်မတီဝင်မှ အဖွဲ့ခေါင်းဆောင်များက အသင်းသားများမှ ရရှိသော သတင်းအချက်အလက်များ၊ အကြံဥာဏ်များကို စုစည်း၍ သင့်တော်သော ဆောင်ရွက်သင့်သော သတင်းအချက်အလက်များကို စီမံခန့်ခွဲမှု ကော်မတီထံသို့ လစဉ် အစည်းအဝေးတွင် တင်ပြရမည်။
လုပ်ငန်းတာဝန်များ
(၁) ဘွဲ့လွန် တက်ရောက် ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား/သူ များအား စုံစမ်းရန်။
(၂) အဝေးသင် တက္ကသိုလ် တက်ရောက်နေသော ကျောင်းသား/သူများအား အခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်ပါ သင်ကြားနိုင်ရန် လမ်းညွှန် အကြံပေးခြင်းများ ပြုလုပ်ရန်။
(၃) တက္တသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သော ကျောင်းသား/သူများ၏ စာရင်း ကောက်ယူထားရန်။
(၄) ကျောင်းပြင်ပရောက် လူငယ်များအတွက် သင်တန်းများ စုံစမ်းထားရန်။
(၁၀.၂) ကျေးလက်ကွင်းဆင်းပညာပေးလုပ်ငန်းကော်မတီ
အသင်းသားတိုင်းသည် ကျေးလက်ကွင်းဆင်း ပညာပေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရမည်။ ကျေးလက်ကွင်းဆင်း ပညာပေး လုပ်ငန်းကော်မတီဝင်မှ အဖွဲ့ခေါင်းဆောင်များက အသင်းသားများကို ကျေးလက်ကွင်းဆင်း ပညာပေးရေးအတွက် အလှည့်ကျ တာဝန်ခွဲဝေ ပေးရမည်။ တစ်ကြိမ်လျှင် အသင်းသား (၅) ဦးထက်မနည်း (၁၀) ဦးထက်မများသော အသင်းသား အမည်စာရင်းကို သတ်မှတ်ပေးရမည်။ လစဉ် အစည်းအဝေးတိုင်းတွင် သွားရောက်မည့် ခရီးစဉ်နှင့် သွားရောက်မည့် လူစာရင်းကို ကြိုတင်တင်ပြရမည်။
လုပ်ငန်းတာဝန်များ (၁) ကျေးလက်နေ ပြည်သူုများ၏ ပညာရေး ခံယူချက်ကို လေ့လာရန်။
(၂) လွဲမှားနေသော ခံယူချက်များကို ပြောဆိုပြုပြင်ပေးရန်။
(၃) ပညာသင်ကြားရန် အခက်အခဲရှိသော ကလေးများအတွက် ရပ်ရွာအတွင်း ပညာရေး ဖောင်ဒေးရှင်း ဖွဲ့စည်းနိုင်ရန် စည်းရုံးဟောပြောရန်။
(၄) ဖောင်ဒေးရှင်းမှ ပြန်လည် ဖြေရှင်းရမည့် အချက်အလက်များ ရယူရန်။
(၁၀.၃) အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ စုံစမ်းရေး လုပ်ငန်းကော်မတီ
အသင်းသားတိုင်းသည် အသက်မွေးဝမ်းကျောင်းပညာနှင့် ပတ်သက်သော သတင်းအချက်အလက် များကို စုံစမ်းရန် တာဝန်ရှိသည်။ မိမိရရှိသော သတင်း အချက်အလက် များကို ဤလုပ်ငန်းကော်မတီသို့ တင်ပြရမည်။ ရရှိသော သတင်းအချက်အလက် များကို စုစည်း၍ လူငယ်လူရွယ် များအတွက် လမ်းကြောင်း ပေးနိုင်သော သင်တန်းများကို လစဉ် အစည်းအဝေးတိုင်းတွင် ရွေးချယ်တင်ပြ သွားရမည်။
လုပ်ငန်းတာဝန်များ (၁) အချိန်တိုအတွင်း သင်ကြားတတ်မြောက် နိုင်ပြီး လက်တွေ့ အသုံးချနိုင်သော အသက်မွေးဝမ်းကျောင်းပညာများ၊ သင်တန်းများ စုံစမ်းထားရန်။ (၂) အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်ထားသော လူငယ်များ အတွက် လုပ်ငန်း ဆောင်ရွက်နိုင်ရန် အကြံဥာဏ်ပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း၊ ဈေးကွက် ရှာဖွေပေးခြင်းများ ပြုလုပ်ပေးရန်။
(၃) ပအိုဝ်းရိုးရာ လက်မှုလုပ်ငန်းများ ဖော်ထုတ်ပြီး လူငယ်များအား လုပ်ငန်းပညာ သင်ကြားပေးနိုင်ရန် အတွက် စီစဉ်ပေးရန်။
ဥပမာ - ၀ါးနှင့် ပတ်သက်သော လက်မှုလုပ်ငန်းများ
- သစ်နှင့် ပတ်သက်သော လုပ်ငန်းများ
- ရွှေပန်းတိမ် လုပ်ငန်းများ
- ယိုစုံလုပ်ငန်း စသည့် အိမ်တွင်းမှု လုပ်ငန်းများ
(၁၀.၄) အလုပ်အကိုင်ရှာဖွေ စုံစမ်းရေးအဖွဲ့
အသင်းသားတိုင်း လူငယ်လူရွယ် များအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေစုံစမ်း ထားရမည်။ မိမိတို့ရရှိသော သတင်းအချက်အလက် များကို အလုပ်အကိုင် ရှာဖွေစုံစမ်းရေး အဖွဲ့သို့ တင်ပြရမည်။
လုပ်ငန်းတာဝန်များ (၁) သတင်းစာ၊ ဂျာနယ်များမှ ခေါ်ယူသော အလုပ်အကိုင်များ မိမိတို့နှင့် နီးစပ်ရာ လုပ်ငန်းရှင်များမှ သတင်းများကို ရယူထားရန်။
(၂) ကျောင်းသား/သူများ တဘက်တလမ်းမှ ၀င်ငွေရှာဖွေနိုင်ရန် အချိန်ပိုင်းအလုပ် ပေးနိုင်သော လုပ်ငန်းရှင်များ ဆက်သွယ်စုံစမ်းထားရန်။
(၃) အသက်မွေးဝမ်းကျောင်း လူငယ်များမှ ထုတ်လုပ်သော ပစ္စည်းများအတွက် ဈေးကွက်ရှာဖွေပေးရန်။
(၁၀.၅) ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ
အသင်းသားတိုင်းသည် ဘဏ္ဍာငွေ ရှာဖွေရန် တာဝန်ရှိသည်။ ဘဏ္ဍာငွေ ရရှိရန် မိမိတို့ ရရှိသော အကြံဥာဏ်များကို တင်ပြရမည်။ ၄င်းတင်ပြချက် အကြံဥာဏ်များကို စုစည်း၍ ဘဏ္ဍာငွေ ရှာဖွေရေး အဖွဲ့မှ ဦးဆောင်လှုပ်ရှား ဆောင်ရွက်ရမည်။
လုပ်ငန်းတာဝန်များ (၁) မတည်ငွေ ရရှိရေးနှင့် အခြားသော ရန်ပုံငွေရရှိရေး အတွက် တာဝန်ခွဲဝေ ဆောင်ရွက်ရန်။
(၂) စည်းရုံးရေးမှူးများ ထံမှ လစဉ် အသင်းဝင်ကြေးများ စုစည်းရန်။
(၃) ဘဏ္ဍာရေး ရံပုံငွေ ရရှိရေး အတွက် နည်းလမ်းများ ရှာဖွေရန်။
(၁၀.၆) စည်းရုံးရေး လုပ်ငန်းကော်မတီ
အသင်းသားတိုင်း စည်းရုံးရေးမှူးများ ဖြစ်သည်။
လုပ်ငန်းတာဝန်များ (၁) အသင်းဝင်များမှ တာဝန်ခံ စည်းရုံးရေးမှူးခန့်ထားရန်။
(၂) တာဝန်ခံ စည်းရုံးရေးမှူးသည် အနည်းဆုံး အသင်းဝင် ၂၀ဦး တာဝန်ယူရန်။ မိမိအသင်းဝင်၏ လစဉ်ကြေးများကို တာဝန်ယူ ကောက်ခံရမည်။
(၃) တာဝန်ခံစည်းရုံးရေးမှူး (၁) ဦးလျှင် အသင်းဝင် စည်းရုံးရေးစာအုပ် တစ်အုပ်စီ ထားရှိပြီး အသင်းသား၏ ကိုယ်ရေးမှတ်တမ်း များကို ပြုစုထားရမည်။ ၄င်းအသင်းဝင် စာရင်းများကို ရုံးအဖွဲ့တွင် စာရင်းပေးသွင်း ထားရမည်။
(၄) အသင်းဝင်များ၏ လစဉ်အသင်းကြေး ရရှိမှုကို အသင်းဝင်ကဒ်၊ စည်းရုံးရေးမှူး စာအုပ်နှင့် ရုံးတွင်းမှတ်တမ်း စာအုပ်တွင် စာရင်းထည့်သွင်း၍ လက်မှတ်ထိုး ပေးအပ် ရမည်။
(၅) လစဉ်အသင်းဝင် လူဦးရေအတိုးအလျော့ တင်ပြရမည်။
(၁၀.၇) ပြန်ကြားရေး လုပ်ငန်းကော်မတီ
ပြန်ကြားရေးလုပ်ငန်းကို အသင်းသားတိုင်း ဆောင်ရွက်ရမည်။ ပြန်ကြားရေးအဖွဲ့မှ အစည်းအဝေး ဖိတ်ကြားခြင်း၊ လစဉ် အစည်းအဝေးမှတ်တမ်းများ ဖြန့်ဝေခြင်းနှင့် အခြား ပြန်ကြားရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်။
လုပ်ငန်းတာဝန်များ (၁) မည်သည့်သတင်းမဆို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရမည်။
(၂) ကော်မတီလုပ်ငန်းဆိုင်ရာ သတင်းများရရှိပါက သက်ဆိုင်ရာလုပ်ငန်း ကော်မတီ အဖွဲ့သို့ သတင်းပေးရမည်။

အခန်း(၈)
၁၁။ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်း ကော်မတီဝင်များ၏ သက်တမ်း
စတင်ဖွဲ့စည်းသည့် နှစ်တွင် စီမံခန့်ခွဲမှုကော်မတီ နှင့် လုပ်ငန်းကော်မတီဝင်များ၏ သက်တမ်းကို တစ်နှစ် သတ်မှတ် ပါသည်။ ယခုနှစ်ပြီးဆုံးပါက အစည်းအဝေးကျင်းပပြီး ကော်မတီဝင်အသစ် ထပ်မံရွေးချယ် သွားရပါမည်။ နောင်နှစ်မှစ၍ ကော်မတီ သက်တမ်းကို (၂)နှစ်သတ်မှတ်ပါသည်။ ကော်မတီဝင်များ အနက် လုပ်ငန်းတာဝန်အရ အခြားဒေသသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ရပါက လစ်လပ်သော နေရာများကို ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အသစ်အစားထိုး ပြန်လည်ရွေးချယ် တာဝန် ပေးအပ်ရပါမည်။ အသင်းသားတိုင်းသည် စီမံခန့်ခွဲမှုကော်မတီဝင်နှင့် လုပ်ငန်းကော်မတီဝင်များ အဖြစ် ရွေးချယ်ခံခွင့် ရှိသည်။ ရွေးချယ်ခံသောသူကို အများ၏ သဘောတူညီချက်ဖြင့် ရွေးချယ်တင်မြောက်သွားရမည်။
၁၂။ သက်တမ်းအလိုက် လက်ဆင့်ကမ်း တာဝန်ယူခြင်း
စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ သက်တမ်းပြည့်၍ အသစ်တစ်ဖန် ပြန်လည် ရွေးချယ်တင်မြှောက် သောအခါ အသင်းပိုင်ပစ္စည်း၊ ငွေစာရင်း၊ အသင်းသားစာရင်း၊ ရုံးသုံး ပရိဘောဂ နှင့် အခြားသော စာရင်းဇယားများ အားလုံးကို နာယကများနှင့် ရုံးအဖွဲ့များအား သက်သေထား၍ လက်ခံသူနှင့် ပေးအပ်သူမှ လက်မှတ်ရေးထိုး၍ လက်ဆင့်ကမ်း လွှဲပြောင်းပေးအပ်ရမည်။
အခန်း(၉)
၁၃။ အသင်းသားအဖြစ် ပါဝင်ခွင့်
ကျား၊ မ၊ ကြီး ငယ် မရွေး အသင်းသားအဖြစ် ပါဝင်ခွင့်ရှိသည်။ အသင်းသားတိုင်းသည် လစဉ် အသင်းဝင်ကြေး အဖြစ် ငွေ ၁၀၀၀ ကျပ် လှူဒါန်းပြီး အသင်းဝင်များ၏ စေတနာဖြင့် လှူဒါန်းထားသော လစဉ် အသင်းဝင်ကြေးများကို စုပေါင်း၍ ကျောင်းသား ကျောင်းသူ လူငယ် လူရွယ်များကို ပြုစုပျိုးထောင်ခြင်းဖြင့် ပအိုဝ်းဒေသ ဖွံ့ဖြိုးရေးအတွက် မိမိတို့ တတ်အားသရွေ့ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ခံယူစေရမည်။ အသင်းဝင် အမျိုးသမီးများသာ စီမံခန့်ခွဲမှု ကော်မတီနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခံပိုင်ခွင့် ရှိသည်။
၁၄။ အသင်းဝင်အဖြစ်မှ နှုတ်ပယ်ခြင်း
အောက်ပါပုဂ္ဂိုလ်များကို အသင်းဝင်အဖြစ်မှ နှုတ်ပယ်၏။
(၁) အသင်းဝင်တစ်ဦးကွယ်လွန်လျှင် အသင်းဝင်အဖြစ်မှ အလိုအလျောက် ရပ်စဲသည်။
(၂) မိမိကိုယ်တိုင် အသင်းဝင်အဖြစ်မှ နှုတ်ထွက်ခြင်း။
(၃) အဖွဲ့အစည်း၏ အကျိုး ဆုတ်ယုတ်စေသော လုပ်ငန်း လုပ်ကိုင်ခြင်း။
(၄) အဖွဲ့အစည်း၏ အခွင့်အရေး တစ်ရပ်ရပ်ကို အလွဲသုံးစား ပြုလုပ်ခြင်း။
(၅) အသင်းဝင်ကြေး ထည့်ဝင်ရန် ပျက်ကွက်ခြင်း။
အခန်း(၁၀)
၁၅။ အစည်းအဝေး ကျင်းပခြင်း
(၁၅.၁) လစဉ်ပုံမှန် အစည်းအဝေး
လစဉ်ပထမပတ်နှင့် နောက်ဆုံးပတ်တွင် တစ်လ(၂)ကြိမ်ကျင်းပမည်။
(၁၅.၂) လေးလပတ် အစည်းအဝေး
လုပ်ငန်း အကောင်အထည် ဖော်ဆောင်မှုကို သုံးသပ်နိုင်ရန် လေးလ (၁)ကြိမ် လေးလပတ် အစည်းအဝေး ကျင်းပမည်။
(၁၅.၃) နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး
နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးတွင် တစ်နှစ်ပတ်လုံး လုပ်ငန်း အကောင်အထည် ဖော်ဆောင်မှု၊ ရသုံးငွေ စာရင်းဇယားများ ကို ထုတ်ပြန်ရမည်။ နောင်နှစ်အတွက် ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲခြင်း ပြုလုပ်ရမည်။ စီမံခန့်ခွဲမှု ကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၏ သက်တမ်း ပြည့်ပါက သင်းလုံးကျွတ် အစည်းအဝေးတွင် ရွေးချယ်တင်မြောက်ရမည်။
အခန်း(၁၁)
၁၆။ ဘဏ္ဍာရေး အခန်းကဏ္ဍ
(၁၆.၁) ဘဏ္ဍာရေး ရံပုံငွေ ရရှိနိုင်သော နည်းလမ်းများ
၁။ မတည်ငွေ
၂။ အထိမ်းအမှတ် အမှတ်တရ လှူဒါန်းငွေ
၃။ အသင်းဝင်ကြေး
၎။ အခြားနည်းလမ်းများမှ ရရှိသော ရံပုံငွေ
၎င်းတို့ကို စာရင်းဇယား အတိအကျဖြင့် လက်ခံထားရှိရမည်။ မတည်ငွေ နှင့် လှူဒါန်းငွေများကို ဖြတ်ပိုင်းဖြင့် လက်ခံထားရှိပြီး မတည်ငွေ စာရင်းစာအုပ်၊ လှူဒါန်းငွေ စာရင်းစာအုပ်တွင် နေ့စွဲ၊ အမည်၊ နေရပ်လိပ်စာ၊ ငွေကြေး ပမာဏ နှင့် ငွေလက်ခံသူ လက်မှတ်ဖြင့် မှတ်တမ်းတင် ထည့်သွင်းထားရမည်။ အလှူရှင်မှ မိမိ၏ အလှူစာရင်းကို အချိန်မရွေးကြည့်ရှုခွင့် ပြုနိုင်ရမည်။
(၁၆.၂) စာရင်းစာအုပ်ထားရှိပုံ
၁။ မတည်ငွေစာရင်းစာအုပ်
၂။ လှူဒါန်းငွေစာအုပ်
၃။ အသင်းဝင်ကြေးစာအုပ်
စည်းရုံးရေးတာဝန်ခံ - အမှတ်စဉ် -
အမည် -
နေရပ်လိပ်စာ -
၎။ အခြားနည်းလမ်းမှ ရရှိသော ရံပုံငွေစာအုပ်
(၁၆.၃) ဘဏ္ဍာရေးရံပုံငွေခွဲဝေသုံးစွဲခြင်း
မတည်ငွေ နှင့် လှူဒါန်းငွေများကို အရင်းမပျောက်စေရ။ ဘဏ်စနစ်ကျင့်သုံးရမည်။ ဘဏ်ငွေထုတ်သွင်းရာတွင် ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးလက်မှတ်ဖြင့် ထုတ်သွင်းရမည်။ ငွေထုတ်သွင်းရာတွင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်သွင်းရမည်။
အသင်းဝင်ကြေးကို အခြေခံ၍ မတည်ငွေ လှူဒါန်းငွေမှ တိုးပွားသောငွေနှင့် အခြားနည်းလမ်းမှရသော ရံပုံငွေများဖြင့် ကျောင်းသား/သူများအား ထောက်ပံ့သွားမည်။ ၄င်းရံပုံငွေ ရရှိမူပေါ် မူတည်၍ လစဉ် ထောက်ပံ့မည့် ကျောင်းသားဦးရေ အတိုးအလျော့ ရှိမည်။ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးမည်ဖြစ်၍ တက်ရောက်မည့် ကျောင်းနှင့် သင်တန်း အမျိုးအစား အပေါ် မူတည်၍ ထောက်ပံ့မည့် ငွေကြေးပမာဏ ခွဲခြားသတ်မှတ် သွားမည်။
အသင်းဝင်ကြေးနှင့် အခြားနည်းလမ်းမှ ရရှိသော ရံပုံငွေမှ ရုံးဝန်ထမ်းလစာနှင့် ရုံးအသုံးစရိတ် တို့ကိုလည်း သုံးစွဲသွားမည်။
အခန်း(၁၂)
၁၇။ ပညာသင်ထောက်ပံ့ကြေး ရွေးချယ်ရေး စည်းမျဉ်း/စည်းကမ်းများ
(၁၇.၁) ပအိုဝ်;နင်;မူ; ပညာရေးဖောင်ဒေးရှင်းသို့ လျှောက်လွှာတင်သွင်းသော ရည်မှန်းချက်ရှိ ထူးချွန်ကြိုးစားသော ကျောင်းသား^ကျောင်းသူ နှင့် လူငယ်လူရွယ်များကို စီစစ်ရွေးချယ် သွားမည်။
(၁၇.၂) ပညာသင်ထောက်ပံ့ကြေးပေးမည့် ကျောင်းသူ/ကျောင်းသားများကို ရွေးချယ်ရာတွင် အောက်ဖော်ပြပါ အချက်များကို ထည့်သွင်းစဉ်းစားပါမည်။
(က) မိဘနှစ်ပါးစလုံးကွယ်လွန်ခြင်း
(ခ) မိဘနှစ်ပါးအနက် တစ်ဦးသာရှိခြင်း
(ဂ) မိဘများဝင်ငွေနည်းပါးပြီး ငွေကြေးအင်အားချို့တဲ့ခြင်း
(ဃ) ကျောင်းနေမောင်နှမ များပြားခြင်း
(င) ပညာရည်ထက်မြက်ထူးချွန်ခြင်း
(စ) ရိုးသား၍ အကျင့်စာရိတ္တကောင်းမွန်ခြင်း
(ဆ) ကျောင်းတွင်းဖွံ့ဖြိုးရေးလုပ်ငန်း နှင့် ရပ်ရွာလူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် တတ်သူဖြစ်ခြင်း။
(၁၇.၃) ပညာသင်ထောက်ပံ့ကြေး ရရှိသော သူများသည် ပညာသင်ပြီးဆုံးပြီးနောက် လုပ်ငန်းခွင်သို့ ၀င်ရောက်သည့် အချိန်တွင် ပအိုဝ်;နင်;မူ; ပညာရေးဖောင်ဒေးရှင်းသို့ အသင်းဝင်အဖြစ် ပါဝင်ပါမည်ဟု ကတိပြု တာဝန်ယူနိုင်သူ ဖြစ်ရမည်။
အခန်း (၁၃)
၁၈။ နိဂုံး
ဝါသနာတူ ပအိုဝ်းအမျိုးသမီး အင်အားစုသည် စေတနာအလျောက် မိမိတို့ စွမ်းအားရှိသ၍ ထူးချွန်ချို့တဲ့ ကျောင်းသား/သူများကို အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ် ဖြစ်အောင် ပြုစုပျိုးထောင်ပေးရင်း ၄င်းကျောင်းသား/သူ လူငယ် လူရွယ်များ၏ စွမ်းအားဖြင့် ပအိုဝ်းဒေသဖွံ့ဖြိုးရေး မှ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ရည်မှန်း၍ ပအိုဝ်းအမျိုးသမီးများသည် နိုင်ငံတော် တည်ဆောက်ရာတွင် အင်အားစု တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

Like On Facebook
Follow On Twitter
Subscribe On RSS