Wednesday, November 12, 2014

ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ နောင်လတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်


ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ နောင်လတ်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို (၁၂.၁၁.၂၀၁၄) ရက်နေ့တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒေသကြီးကြပ်ရေးမှူး ဦးညီညီလွင်၊ ဂျပန်နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ Division Director ဒေါ်အေးအေးသန်းတို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းဖြင့် အခမ်းအနားစတင်ခဲ့ ကြောင်း သတင်းရရှိပါသည်။




ဆက်လက်ပြီး တက်ရောက်လာသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒေသကြီးကြပ်ရေးမှူး၊ ဂျပန်နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ Division Director တို့မှ အမှတ်တရ သစ်ပင်များ စိုက်ပျိုးခဲ့ပါသည်။
 



ဆက်လက်၍ တက်ရောက်လာကြသော ဧည့်သည်များနှင့် ဒေသခံရပ်မိရပ်ဖတို့ ကျောင်းဆောင်သစ်ရှေ့တွင် အမှတ်တရဓါတ်ပုံ ရိုက်ခဲ့ကြောင်းနှင့် ကျောင်းဆောင်သစ်အား ကြည့်ရူစစ်ဆေးခဲ့ပြီး နံနက်ပိုင်း အခမ်းအနားအစီအစဉ် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
 


ဆက်လက်၍ နေ့လည်ပိုင်းအစီအစဉ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ဂျပန်နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ Division Director ဒေါ်အေးအေးသန်း တို့မှ အသီးသီး  အမှာစကားပြောကြားခဲ့ပါသည်။


 
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် မှ အမှာစကား ပြောကြားခဲ့ရာတွင် ကျောင်းဆောင်သစ် ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာ နေထိုင်တဲ့ လူငယ်လူရွယ်များအတွက် လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည့် အခြေခံအဆောက်အအုံများ တိုးတက်မူ ရရှိလာသဖြင့် နိုင်ငံတော်အတွက်သာမက ကျွန်တော်တို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက်ပါ မင်္ဂလာရှိတဲ့ နေ့တနေ့ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


ဆက်လက်၍ စေတနာအဖွဲ့နှင့် ကျောင်းဆောက်လုပ်ရေးကော်မတီအဖွဲ့တို့က ပညာရေးဌာနသို့ ကျောင်းဆောင်သစ် နှင့် ပတ်သက်သော စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ဂျပန်နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးကော်မတီသို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ခဲ့ခြင်း၊ ကျောင်းဆောင်လုပ်ရေးကော်မတီအဖွဲ့မှ စေတနာအဖွဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ထို့နောက် ကျောင်းကော်မတီအဖွဲ့မှ တက်ရောက်လာသော ဧည့်သည်တော်များအား အထိမ်းအမှတ်အလံနှင့် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး ဧည့်သည်တော်များအား ကျောင်းသား/ကျောင်းသူ များမှ အက ပဒေသာဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။



PNO သတင်းဌာန
  

Powered by Blogger.