Monday, June 8, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုမှ ညောင်ရွှေမြို့နယ်၊ပုန့်မူကျေးရွာအုပ်စု၊သပြေ ကုန်းရွာ၊ အ.လ.က(ခွဲ)မှ အ.လ.က အဆင့် အမြန် တိုးပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း မေးမြန်း

နေပြည်တော်၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၈) ရက်
ဦးခွန်ဝင်းကို
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၅၈) ရက်မြောက်နေ့ (၄.၆.၂၀၁၅) တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းကိုမှ ညောင်ရွှေမြို့နယ်၊ ပုန့်မူကျေးရွာအုပ်စုသည် ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်ပြီး အင်သား၊ ရှမ်းတိုင်းသားများနှင့် ရောနှောနေထိုင်ကြသော ကျေးရွာအုပ်စုတစ်ခုဖြစ်ပါကြောင်း၊ ပုန့်မူကျေးရွာအုပ်စု၊ သပြေကုန်းရွာ အ.လ.က(ခွဲ)သည် ဒေသခံပြည်သူများ ကျောင်းဖွံ့ဖြိုးရေးအတွက် တက်ကြွစွာပါဝင်ကြခြင်း ပတ်ဝန်းကျင်ကျေးရွာများတွင် အ.မ.က ကျောင်းများ များပြားခြင်း၊ ကျောင်းသားဦးရေများပြားခြင်း၊ ကျောင်းမြေနေရာ လုံလောက်ခြင်း၊ ကျောင်းဆောင်၊ ကျောင်းပရိဘောဂပြည့်စုံခြင်း၊ အ.လ.က၊ အ.ထ.က ပညာသင်ကြားရန် ခက်ခဲခြင်း၊ လျင်မြန်စွာ ဒေသဖွံ့ဖြိုးလာခြင်းများကြောင့် ပုန့်မူကျေးရွာအုပ်စု၊ သပြေကုန်းရွာ အ.လ.က(ခွဲ)မှ အ.လ.ကသို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ကန့်သတ်ကျောင်းသားဦးရေ အဆင့်ပြည့်မီပါက အ.လ.က(ခွဲ)မှ အ.လ.က အဆင့် တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိနှင့် တောနေဆင်းရဲသားပြည်သူများ၏ သားသမီးများသည် မြို့နယ်ပြည်သူများ၏ သားသမီးများကဲ့သို့ တန်းတူအရည်အချင်းပြည့်မီရန် တောကျောင်း၊ မြို့ကျောင်းတန်းတူသင်ကြားမှု ဆောင်ရွက်ထားခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဦးသန့်ရှင်း
အဆိုပါ မေးခွန်းကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန့်ရှင်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် ပုန့်မူကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ၃၁-၅-၂၀၁၅ ရက်နေ့တွင် အဆင့်တိုး မြှင့်ပေးပြီး ဖြစ်ပါကြောင်းနှင့် အထက်တန်းအဆင့်သင်ကျောင်းသားဦးရေ ၂၀၀ ပြည့်မီလာသည့်အချိန်တွင် ဆက်လက်ပြီးတော့ အထက်တန်းအဖြစ် တိုးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ကိုးကား - www.pyithuhluttaw.gov.mm
 
ခွန်ခမ်းမြတ်

Powered by Blogger.