Wednesday, July 15, 2015

နိုင်ငံခြားခရီးသည် တစ်သန်းကျော်ရှိသော်လည်း တိုးရစ်ဗီဇာဖြင့် လာရောက်သူ သုံးသိန်းခန့်သာရှိ

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်

ဓာတ်ပုံ သီရိလူ၊ မြန်မာတိုင်းမ်

နိုင်ငံခြားခရီးသည် တစ်သန်းကျော်ရှိသော်လည်း တိုးရစ်ဗီဇာဖြင့် လာရောက်သူ သုံးသိန်းခန့်သာရှိ
မြန်မာနိုင်ငံသို့ ယခုနှစ် ဇန်န၀ါရီမှ မေလကုန် အထိ နိုင်ငံခြားသားဧည့်သည် ၁ ဒသမ ၅ သန်းခန့်
ဝင်ရောက်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်း တိုးတက်
လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
"အရင်တုန်းက မိုးရာသီမှာ နိုင်ငံခြားခရီးသွားဧည့်သည်အလာနည်းပေမယ့် ဒီနှစ်တိုး လာပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းမြို့တော်များပေါ်ပေါက်လာခြင်းက နိုင်ငံခြားဧည့်သည်တွေ
ကို ဆွဲဆောင်နိုင်ပါတယ်။ ဒီနှစ်ထဲကျင်းပမယ့် ရွေးကောက်ပွဲကြောင့် စိတ်ဝင်စားသူများနေပြီး
ကံကောင်းရင် နိုင်ငံခြားသားခရီးသွားဧည့်သည် အလုံး အရင်းလိုက် ၀င်ရောက်လာနိုင်ပါတယ်"ဟု
၎င်းက ပြောသည်။
သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာန၏ စာရင်းများအရ
ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဗီဇာ (Tourist visa) ဖြင့် လာရောက်သည့် အရေအတွက်မှာ
သုံးသိန်းခန့်သာရှိသည်ကို တွေ့ရသည်။
"ဟိုတယ်ခရီးဝန်ကြီးဌာနက ဘယ်လိုရေတွက်လဲမသိပါဘူး။ ၁ ဒသမ ၅ သန်းဆိုတာ
မြန်မာနိုင်ငံကိုလာရောက်တဲ့ နိုင်ငံခြားသားဧည့်သည် ဗီဇာအမျိုးအစား အားလုံးကိုရေ
တွက်ထားတာ ဖြစ်နိုင်ပါတယ်။ ဒီအရေ အတွက်က ကမ္ဘာလှည့်ခရီးသွား တိုးရစ်ဗီဇာသီးသန့်နဲ့
ဝင်ရောက်ခဲ့တဲ့ အရေအတွက်ကိုပြောတာပါ"ဟု ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး
ဦးအောင်သီဟက မြန်မာတိုင်း(မ်) ကို ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်န၀ါရီလမှ
ဇွန်လကုန်အထိ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဗီဇာ (Tourist visa) ဖြင့် ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်မှ ၂၂၈,၄၆၈ ဦး၊ မန္တလေး လေဆိပ်မှ ၃၅,၄၉၃ ဦး၊ နေပြည်တော်လေဆိပ်မှ
၂၈,၉၂ ဦး၊ ကမ္ဘာလှည့်အပျော်စီး သင်္ဘောဖြင့် ၁၃,၂၄၉ ဦးနှင့် နယ်စပ်မှ ၁၉,၆၅၄ ဦး လာရောက်
ခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ သီအိုရီအရမူ မည်သည့်ဗီဇာအမျိုးအစား၊
ပုံစံမျိုးနှင့်မဆို မြန်မာနိုင်ငံသို့ ၀င်ရောက်လာသော နိုင်ငံခြားသားများကို နိုင်ငံခြားခရီးသွားဧည့်သည်
များ (Foreign visitors) အဖြစ် သတ်မှတ်ကြောင်း ဦးမျိုးဝင်းညွန့်က ပြောသည်။
"ဘယ်လိုဗီဇာအမျိုးအစားနဲ့ပဲ လာလာ နိုင်ငံခြားသားဧည့်သည်အကုန်လုံးက ဟိုတယ်မှာပဲ
တည်းရတာပါ။ နယ်စပ်ဝင်ပေါက်ကနေ ခုနစ်ရက်ဗီဇာနဲ့ ၀င်ရောက်လာပြီး မြန်မာပြည်မှာ
တစ်ည နှစ်ညပဲ တည်းခိုသွားတယ်ဆိုရင် တောင် နိုင်ငံခြားသားခရီးသွား ဧည့်သည်လို့
ယူဆပါတယ်။ အဲဒါကြောင့် ကမ္ဘာလှည့်ခရီးသွားတိုးရစ်သာမက နိုင်ငံခြားသားခရီးသွားဧည့်
သည်အကုန်လုံးကို ရေတွက်ပါတယ်"ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ကိန်းဂဏန်းအချက်အလက် လွဲမှားမှုများက နိုင်ငံစီးပွားရေးတည်ဆောက်ရာတွင်
တစ်ချိန်ချိန်၌ ထိခိုက်မှုများဖြစ်လာ နိုင်ကြောင်း Nature Dream Travel and Tours
မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"လုပ်ငန်းဗီဇာနဲ့လာတဲ့ နိုင်ငံခြားသားဧည့်သည်တွေကို တိုးရစ်အဖြစ်ရေတွက်တာကို
လက်ခံပါတယ်။ သက်ဆိုင်ရာစီးပွားရေး ကိစ္စတွေပြီးရင် လည်ပတ်ပြီးမှ ပြန်တာမျိုး လည်းရှိပါတယ်။
ဒါပေမဲ့ တစ်ခုချင်းစီရဲ့ ၀င်ရောက်မှုနှုန်းကိုတော့ ခွဲခြားသိချင်ပါ တယ်။ ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအတွက် နိုင်ငံ ခြားသားခရီးသွားဧည့်သည်
ဝင်ရောက်မှုနှုန်း ကို ဗီဇာအလိုက် ခွဲခြားဆုံးဖြတ်စေချင်ပါ တယ်"ဟု ၎င်းက ပြောသည်။
ယခုမိုးရာသီတွင် ခရီးသွားလုပ်ငန်းအခြေအနေ အတော်အေးနေပြီး တစ်လလျှင် ခရီးစဉ်
ကြိုတင်ဝယ်ယူသည့် ဘွတ်ကင်တစ်ခု နှစ်ခုသာရှိကြောင်း ၎င်းက ပြောသည်။
"ဧည့်သည်အလာနည်းတာကြောင့် ဧည့် သည်ရှိရင် အလုပ်လုပ်လိုက်၊ ဧည့်သည်မလာရင်
ဝန်ထမ်းတွေကိုစာသင်ပေးလိုက်လုပ်နေရတော့ ရေရှည်မှာ ၀န်ထမ်းတွေကို ထိန်းသိမ်းဖို့
ခက်နေပါတယ်"ဟု ၎င်းက ပြောသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန စာရင်းဇယားများအရ မြန်မာ နိုင်ငံသို့
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် သုံးသိန်းကျော် ၃၁၁,၀၀၀ ၀င်ရောက်ခဲ့ရာမှ
၂၀၁၄ ခုနှစ်တွင် သုံးသန်းကျော်ထိ ရောက် ရှိခဲ့ရာ လေးနှစ်တာအတွင်း ၁,၀၀၀ ရာခိုင်နှုန်း
ခန့်တိုးတက်ခဲ့ခြင်း ဖြစ်သည်။
 
မြန်မာတိုင်းမ်
 http://myanmar.mmtimes.com/index.php/travel/15104-2015-07-15-07-39-49.html

Powered by Blogger.