Sunday, August 2, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မိဘပြည်သူများ မှန်မှန်ကန်ကန် အဆင်ပြေစွာ ဆန္ဒမဲထည့်နိုင်ရန်အတွက် အစည်းအဝေးပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၂)ရက်


 ၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁)ရက်၊ စနေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင်  ၂၀၁၅ ရွေးကောက်ပွဲ၌ မိဘပြည်သူများ မှန်မှန်ကန်ကန်နှင့် အဆင်ပြေစွာ ဆန္ဒမဲထည့်နိုင်ရန်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ကိုယ်စားလှယ်လောင်းများ၊  (PNO)ပါတီဝင်များနှင့် ပအိုဝ်းလူငယ်ကွန်ယက်(PYN)တို့က အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။


ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကာ ပအိုဝ်းအမျိုးသားသီချင်းအဖြစ် အတည်ပြုထားသော 'ဇာ;တိသွီ; နီအသက်သွီ;ဖြီ,'သီချင်းကို သီဆိုခဲ့ကြပါသည်။ ထို့နောက် PNO နာယကကြီး ဦးခွန်မောင်တုတ်က အဖွင့်အမှာစကား ပြောကြားပြီး ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး ဦးခွန်သိန်းဖေက အစည်းအဝေး ခေါ်ယူရခြင်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။


ဆက်လက်၍ တက်ရောက်လာကြသော (၆) မြို့နယ်ကိုယ်စားလှယ်များက မိမိတို့မြို့နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ဆဲ/ ထပ်မံ ဆောင်ရွက်သင့်သည့် လုပ်ငန်းများ များကို တင်ပြဆွေးနွေးခဲ့ကြကာ၊ ၄င်းတင်ပြချက်များအပေါ် ဆွေးနွေးသုံးသပ်၊ ဆုံးဖြတ်ချက်များချမှတ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မိမိတို့ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များတွင် ပြည်သူများ မှန်မှန်ကန်ကန် ဆန္ဒမဲထည့်တတ်ရန် အတွက် ကွင်းဆင်းသရုပ်ပြ၊ သင်တန်းပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

 ခွန်ထင်းလေအောင်း

Powered by Blogger.