Thursday, July 30, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလှိုင်လ (၃၀) ရက်

ဝဲယာမှ - ဦးခွန်သိန်းဖေ၊ ဦးခွန်သန်းထူး
၂၀၁၅ ခုနှစ် နိုဘာလ (၈) ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာ ပေးထားသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်အတွက် အမျိုးသားလွှတ်တော် အနေဖြင့်လည်းကောင်း၊ ပြည့်သူ့လွှတ်တော် အနေဖြင့်လည်းကောင်း၊ ပြည်နယ် လွှတ်တော်အနေဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ရန် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက် မွန်းလွဲ (၁း၃၀) ၀န်းကျင်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊  မြို့နယ်အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ မြို့နယ် ကော်မရှင်ရုံးသို့ သွားရောက်၍ ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို တင်သွင်းခဲ့ကြပါသည်။


ဝဲယာမှ - ဦခွန်လှဆန်း၊ ဦးခွန်မောင်ပယ်၊ ဦးခွန်လှသိန်း
ရှေးဦးစွာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ကိုယ်စားလှယ်လောင်းများသည်  ကိုယ်စား လှယ်လောင်းများ လျှောက်လွှာတင်သွင်းရန်နှင့် ပတ်သက်၍ ဟိုပုံးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုယ်စားလှယ်လောင်းများအတွက် အမခံကြေး (၃) သိန်းစီ တင်သွင်းပြီး ဘဏ်မှ တင်သွင်းသည့် ချာလန်ကို ရယူကာ မြို့နယ် တရားရုံးသို့ သွားရောက်၍ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီး ထိုမှတဆင့် မြို့နယ်ကော်မရှင်ရုံးသို့ သွားရောက် လျှောက်လွှာတင်သွင်းခဲ့ကြပါသည်။

ဝဲယာမှ - ဦးခွန်မောင်သောင်း၊ ဦးခွန်အောင်ကျော်၊ ဦးခွန်စောအောင်
ထိုသို့ သွားရောက်လျှောက်လွှာတင်သွင်းရာတွင် ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃) မြို့နယ်အတွက် အမျိုးသားလွှတ်တော်အနေဖြင့် ဦးခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်အနေဖြင့် ဦးခွန်မောင်သောင်း၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် အဖြင့် ဦးခွန်အောင်ကျော်၊  ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် အနေဖြင့် ဦးခွန်သန်းထူး၊ ဆီဆိုင်မြို့နယ်  မဲဆန္ဒနယ်(၁)တွင် ပြည်နယ်လွှတ်တော်အနေဖြင့် ဦးခွန်လှသိန်း၊ မဲဆန္ဒ(၂)တွင် ဦးခွန်မောင်ပယ်၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်(၁)တွင် ပြည်နယ်လွှတ်တော် အနေဖြင့် ဦးခွန်မောင်ဖြူ၊ မဲဆန္ဒနယ်(၂)တွင် ဦးခွန်စံလွင်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)တွင် ပြည်နယ်လွှတ်တော်အနေဖြင့် ဦးခွန်လှဆန်း၊ မဲဆန္ဒနယ်(၂)တွင် ဦးခွန်စောအောင် တို့ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ဦးခွန်ဝင်းကိုက ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ပအိုဝ်းအမျိုးသားများ အများစုနေထိုင်ရာ အချို့ပြည်နယ်နှင့် တိုင်းများရှိ မြို့နယ်တချို့တွင်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ရန်ရှိကြောင်းလည်း ထပ်မံသိရှိရပါသည်။

ဝဲယာမှ- ဦခွန်သန်းထူး၊ ဦးခွန်မောင်သောင်း၊ ဦးဖြူ၊ ဦးခွန်သိန်းဖေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇူလိုင်လ (၂၀) မှ သြဂုတ်လ (၈) အထိ ရက်သတ်မှတ်ပေးထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်နေ့ကို သြဂုတ်လ(၁၂)ရက်မှ (၂၁)ရက်နေ့အထိ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။


ခွန်ထင်းလေအောင်း


Powered by Blogger.