Monday, September 7, 2015

DVB သတင်းထောက်အဖွဲ့က ဟိုပုံးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေအား ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လာရောက်တွေ့ဆုံမေးမြန်း

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်


ယခုအခါသမယသည် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်မှ နိုဝင်ဘာ(၈)ရက်၌ ကျင်းပပြုလုပ်ပေးမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်အတွက် ပါတီပေါင်းစုံက အင်တိုက်အားတိုက် ပြင်ဆင်နေကြပြီဖြစ်၍ ၄င်းပါတီများ၏ ရပ်တည်ချက်နှင့် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ချက်များကို ပြည်သူလူထု များ စိတ်ဝင်စားနေကြသည့် အချိန်အခါဖြစ်သည်။
သို့ဖြစ်ပါ၍ ယနေ့ ၂၀၁၅ခုနှစ်၊ စက်တင်ဘာ(၇)ရက်၊ တနလာင်္နေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနရုံးတွင် DVB သတင်းထောက်အဖွဲ့က ဟိုပုံးမြို့နယ်ပြည်သူ့လွှတ်တော် ဦးခွန်သိန်းဖေအား ၂၀၁၅ရွေးကောက်ပွဲနှင့်ပတ်သက်၍ PNO၏ ရပ်တည်ချက်၊ မူဝါဒ၊ ဒေါ်အောင်ဆန်းစုကြည်၏ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခရီးစဉ် ၊ ၂၀၁၅ရွေးကောက်ပွဲနှင့် ပတ်သက်၍ သုံးသပ်ချက်များကို လာရောက် မေးမြန်း သွားခဲ့ပါသည်။


ပြည်သူ့လွှတ်တော် ဦးခွန်သိန်းဖေသည် ယင်းမေးမြန်းခြင်းနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီသည် ၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရန်အတွက် လက်တွေ့ကွင်းဆင်း သုတေသနများ ပြုလုပ်ကာ ယင်းသုတေသနရလဒ်ကို အခြေခံပြီး မဟာဗျူဟာစီမံချက်ရေးဆွဲ၍ လုပ်ဆောင်နေကြောင်း၊ မိမိတို့ရည်မှန်းထားသော ရာခိုင်နှုန်းရရှိစေရန် တစ်အိမ်တက် တစ်အိမ်ဆင်းပြုလုပ်ကာ လိုက်လံနိုးဆော်စည်းရုံးသွားဖြစ်ကြောင်း-
NLDခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ ခရီးစဉ်နှင့်ပတ်သက်၍ အခုလို ပအိုဝ်းဒေသတွင်း မိဘပြည်သူများကို ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသိပညာများကို လာရောက်ဟောပြောသွားသည်မှာ အလွန်ပင်ကျေးဇူးတင်မိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားတွင် ချမ်းချမ်းသာသာနေနိုင်သောသူဖြစ်သော်လည်း အခြားနိုင်ငံများ ကဲ့သို့ မြန်မာနိုင်ငံကို တိုးတက်စေချင်သောစိတ်ဖြင့် အနစ်နာခံ နိုင်ငံရေးလုပ်နေသည်ကို လေးစားဂုဏ်ယူမိပါကြောင်း၊ သို့သော်လည်း သူမ၏နိုင်ငံကိုကောင်းစေချင်သော ဆန္ဒသည် တိုင်းရင်းသား များ၏ အခွင့်အရေးကို လုယူသကဲ့သို့ဖြစ်နေကြောင်း၊ နိုင်ငံရေးလုပ်ဆောင်ရာတွင်လည်း တိုင်းရင်းသားခေါင်းဆောင်များနှင့် ညှိနှိုးဆွေးနွေးမှုမရှိကြောင်း၊ ထိုကဲ့သို့ပင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးစဉ်တွင်လည်း မိမိတို့၏ တိုင်းရင်းသားခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးမှုမရှိဘဲ  မိမိတို့ ပအိုဝ်းလူထုများအား လာရောက်စည်းရုံး သွားသည်ကို မြင်တွေ့ရသည်မှာ အလွန်ပင် စိတ်မကောင်းဖြစ်မိပါကြောင်း-
၂၀၁၅ရွေးကောက်ပွဲကာလတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့ဒေသတွင် တိုင်းရင်းသားကိုယ်စီပါတီများဖြင့် ဖွဲ့စည်းထားပြီး လွတ်လွတ်လပ်လပ် သွားလာ စည်းရုံး နေကြသည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးမည့်ပါတီများအပေါ် ဘေးအန္တရာယ်ပြုမည့် အဖွဲ့အစည်းမရှိသလို ဘေးအန္တရာယ်ပြုဖူးသည်လည်း မရှိသေးကြောင်း၊ မိမိဒေသနှင့်ပတ်ပတ်လည်ရှိ တိုင်းရင်းသားများကလည်း ငြိမ်းချမ်းရေးကို လိုလားသည့် အဖွဲ့များဖြစ်သည့်အတွက် ဘေးအန္တရာယ်ပြုမည် မဟုတ်ကြောင်းကို ပြောကြာခဲ့ပါကြောင်း သိရှိရပါသည်။
လက်ရှိမြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ ယခုလက်ရှိမြန်မာနိုင်ငံသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အသက်ဝင်နေသည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို အမှန်တကယ်ပြောင်းလဲလိုလျှင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုရယူကာ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်း၊ သို့မှသာလျှင် ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်မည်ဖြစ်ကြောင်းကို  ဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

ခွန်ထင်းလေအောင်း

Powered by Blogger.