Tuesday, October 20, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မဲရုံ(၇၀)အတွက် အထူးရဲတပ်ဖွဲ့ဝင်(၇၀)ဦး သင်တန်းဖွင့်လှစ်

 တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်


၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ(၈)ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင် နိုင်ငံရေးရှုထောင့်ဖြစ်စေ၊ လုံခြုံရေးရှုထောင့်ဖြစ်စေ တည်ငြိမ်အေးချမ်းမှုသည် လုံခြုံရေး အဓိကကျသောကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ (၂၀)ရက် နံနက်(၈)နာရီအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ကြောင်း သိရှိရပါသည်။




အထူးရဲတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာမြို့နယ်တွေမှာ ရပ်မိရပ်ဖများပါဝင်တဲ့ စိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ခဲ့ပြီး၊ ရဲအက်ဥပဒေ ပုဒ်မ၂၇၊ ရဲလက်စွဲ ဒုတိယတွဲအပိုဒ် ၁၀၅၈နှင့် အညီ ရွေးချယ်ပြီး၊ အလုပ်သမား ညွန်ကြားရေမှူးရုံး၏ အလုပ်သမားရှာဖွေရေးကတ်များဖြင့် လျှောက်ထားကာ (၁၅.၁၀.၂၀၁၅)ရက်နေ့တွင် တစ်ပြိုင်တည်း ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး၊ ယနေ့(၂၀.၁၀.၂၀၁၅)ရက်နေ့ တစ်နိုင်ငံလုံးမှာ တစ်ပြိုင်နက်တည်း သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး၊ တရားမျှတ၍ အေးအေးချမ်းချမ်းအောင်အောင်မြင်မြင်နဲ့ ပြီးမြှောက်အောင် ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေချပြပြီး ဆောင်ရွက်ကြမှာဖြစ်ကြောင်း၊ ဟိုပုံးမြို့နယ်တွင် မဲရုံပေါင်း(၇၀)ရုံအတွက် မဲရုံ(၁)ရုံလျင် အထူးရဲ တစ်ဦးစီခန့်အပ်တာဝန်ပေးရမှာဖြစ်ကြောင်း၊ အထူးရဲတပ်ဖွဲ့ဝင်တွေ ခန့်အပ်တဲ့ နေရာမှာလည်း ပညာအရည်အချင်း၊ ဒေသခံဖြစ်မှု၊ ဘာသာစကားကျွမ်းကျင်မှု၊ ဒေသ၏ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများကို နားလည်မှုစတဲ့ အခြေခံအားသာချက်တွေကိုအသုံးပြုပြီး၊ ရွေးချယ်ခန့်အပ်ခဲ့ကြောင်း၊ရွေးကောက်ပွဲကာလမှာ အထူးရဲတပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပေါင်းစပ်ပြီး၊ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ် အမြန်ဆုံးညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဝင်းက အမှာစကား ပြောကြားခဲ့ပါသည်။
ယင်းသင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခံရသည့် တပ်ဖွဲ့ဝင်များသည် ယူနီဖောင်းဝတ်များဖြစ်၍ အမိန့်နာခံတတ်ပြီး၊ ညွန်ကြားချက်နှင့်အညီ လိုက်နာလုပ်ဆောင်တတ်စေရန် အခြေခံလက်နက်မဲ့စစ်ပညာ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် သိမှတ်ဖွယ်ရာများ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးများ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်၊ ရဲလက်စွဲပြစ်မှုဆိုင်ရာဥပဒေများ၊ ပြည်သူလူထုပူးပေါင်း ပါဝင်သော ရဲလုပ်ငန်းစနစ်၊ သတင်းမီဒီယာကျင့်ဝတ်စသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် မဲရုံ(၇၀)အတွက် အထူးရဲ(၇၀)ဦး၏ သင်တန်းကာလမှာ (၂၀.၁၀.၂၀၁၅)ရက်မှ (၃၁.၁၀.၂၀၁၅)ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်ကြာမြှင့်မှာ ဖြစ်ကြောင်းသိရှိရသည်။
"ရွေးကောက်ပွဲအတွက် တာဝန်ပေးဆောင်ရွက်ရမည့် အထူးရဲတာဝန်သင်တန်းကို တက်ရတာ စာသောက်ရေး၊ နေထိုင်ရေးကိစ္စ၊ သင်ကြားပေးတဲ့စာတွေကို အခက်အခဲမရှိဘဲ အဆင်ပြေပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး စီစဉ်ပေးထားတဲ့အတိုင်းအဆင်ပြေပြေနဲ့ နေထိုင်ရပြီး၊ မိမိတို့စိတ်ဆန္ဒအလျောက်လာရောက်ပြီး၊ သင်တန်းတက်ရောက်ရခြင်းဖြစ်ကြောင်း၊ အများကြီးအကျိုးရှိပါကြောင်း၊ ရွေးကောက်ပွဲအတွက် အများကြီး အထောက်အကူပြုပါကြောင်း၊ ဆက်လက်၍ ကြိုးစားသင်ယူသွားမှာပါဟု" လုံဟေးကျေးရွာမှ အထူးရဲတပ်ဖွဲ့ဝင် ခွန်ချစ်နိုင်က ပြောကြားသွားသည်။
အဆိုပါ အထူးရဲတပ်ဖွဲ့ဝင်သင်တန်းသားများကို သင်တန်းမှူးအဖြစ် ဒုစခန်းမှူးရဲအုပ်ကိုကိုလေးမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
နန်းဦးခမ်း(ဟိုပုံး)
Powered by Blogger.