Tuesday, November 17, 2015

အားနည်းချက်များကို ပြန်လည်ရှာဖွေခြင်းသည် အနာဂတ်အတွက် မမှားရန် သတိပေးခြင်းဖြစ် သောကြောင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ၂၀၁၅ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီသည် ၂၀၁၅ရွေးကောက်ပွဲ၌ မိမိတို့၏ အားသာချက်၊ အားနည်းချက်နှင့် ပတ်သက်၍ ယမန်နေ့ နိုဝင်ဘာလ(၁၇)ရက်၊ အင်္ဂါနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံးချုပ်တွင် ရွေးကောက်ပွဲ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး ပြုလုပ်ကျင်းပခဲ့ပါသည်။


အဆိုပါ အစည်းအဝေးသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ နာယကကြီးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်တာဝန်ခံများ၊ လူငယ်ကွန်ယက်(PYN)အဖွဲ့ဝင်များနှင့် ဗဟိုဌာနချုပ်ရုံးမှ ၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။


ရှေးဦးစွာ အခန်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဦးခွန်မောင်တုတ်မှ အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် အခုလို အစည်းအဝေးခေါ်ယူရသည်မှာ ၂၀၁၅ရွေးကောက်ပွဲကာလတွင် မိမိတို့ ကြုံတွေ့ရသော အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း ပြန်လည်သုံးသပ်ရန်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းမဆို စီမံချက်များရှိပါက (၅၀)ရာခိုင်နှုန်း အောင်မြင်မှု ရရှိနေပြီဖြစ်ကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည်လည်း ရွေးကောက်ပွဲမစတင်မီတွင် စီမံချက် မဟာဗျူဟာများ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ မစွမ်းဆောင်နိုင်သည့်အပိုင်းနှင့် မိမိတို့ မမြင်ရသော အားနည်းချက်များ တွေ့ရှိနေရကြောင်း၊ မည်သို့ပင် ဖြစ်စေကာမူ အားနည်းချက်များကို ပြန်လည်ရှာဖွေပြီး နောင်လာမည့် ရွေးကောက်ပွဲတွင် ကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံရွေးကောက်ပွဲ ဆင်းသက်လာပုံအကြောင်းကို ရှင်းလင်းပြောကြားသွားပါသည်။


ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဦးခွန်စံလွင်ကလည်း အခုလို ၂၀၁၅ရွေးကောက်ပွဲ၌ မိမိတို့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်တွင် အောင်မြင်မှုရရှိပြီး မိမိတို့၏ အထင်ကရနေရာ တောင်ကြီးမြို့တွင် အဘယ်ကြောင့် ရှုံးနိမ့်ခဲ့ရသည်ကို သိရှိရန်အတွက် အစည်းအဝေးခေါ်ယူ ကျင်းပရခြင်းဖြစ်ကြောင်း၊  မိမိတို့ ပအိုဝ်းလူမျိုးများအစု နေထိုင်သော တောင်ကြီးမြို့၌ နောင်တချိန်တွင် မိမိလူမျိုးတို့နှင့် ထိုက်တန်သော အခွင့်အရေးများကို ပြန်လည်ရရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးဖြစ်သော်လည်း မိမိတို့လူမျိုးများနှင့် ထိုက်တန်သော အခွင့်အရေးများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ရှိနေသေးကြောင်း၊ ထို့ကြောင့် မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် မိဘပြည်သူများ တစ်သားတည်းကျအောင် ဆက်လက်စည်းရုံးသွားရမည်ဖြစ်ကြောင်း။
ထို့ပြင် အနာဂတ်တွင် မိမိတို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသာမက နိုင်ငံရေးအသိအမြင်နှင့် လူမူဘ၀ဖူလုံရေးကိုပါ မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  တစ်ဖက်တွင်လည်း ပြုပြင်ပြောင်းလဲလာမည့် နိုင်ငံရေးအခြေအနေများကိုလည်း စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ရန် လိုအပ်ကြောင်း၊ မိမိတို့ ပအိုဝ်းလူမျိုးများ၏ ထွက်ကုန်များသည် နိုင်ငံသုံး၊ ကမ္ဘာသုံးဖြစ်သော်လည်း ကုန်ကြမ်းအဖြစ်သာ ရောင်းချနေရပြီး ထိုထွက်ကုန်များကို ကုန်ချောအဖြစ် ပြောင်းလဲပေးနိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့ဒေသတွင် အစုအဖွဲ့များနှင့် လုပ်ဆောင်နိုင်သော အလေ့အထများကို ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့ဒေသ လူနေမှုအဆင့်အတန်း မြှင့်မားလာမည် ဖြစ်ကြောင်း။
ထို့ပြင် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကာလနှောင်းပိုင်းဖြစ်သော (၄၅) ရက်အတွင်း ကန့်ကွက်ပိုင်ခွင့်ရှိနေသေးသဖြင့် အနိုင်ရကိုယ်စားလှယ်များအနေဖြင့် အပြောအဆို အနေအထိုင် ဆင်ခြင် နေထိုင်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် အချို့ကျေးရွာ/ရပ်ကွက်များ စည်းလုံးမှု မပြိုကွဲစေရန် ကူညီကြည့်ရှုရမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲကာလ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲနှောင်းကာလနှင့် အစိုးရသစ်ဖွဲ့စည်းမည့် ကာလကို စိုးရိမ်နေရသေးကြောင်း၊ လာမည့် အစိုးရသစ် ၂၀၁၆-၂၀တွင် မိမိတို့အနေနှင့် လွှတ်တော်တွင် သော်လည်းကောင်း၊ လွှတ်တော်ပြင်ပတွင် သော်လည်းကောင်း၊ အစိုးရတွင် သော်လည်းကောင်း စီမံချက်များဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်းကို တိုက်တွန်းအမှာစကား ပြောကြားသွားပါသည်။


ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အတွင်းရေးမှူး(၂) ဦးခွန်ထွန်းရွှေ၊ တွဲဖက်အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်၊ တွဲဖက်အတွင်းရေးမှူး(၄) ဦးခွန်ဆရာကိုးတို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း ရွေးကောက်ပွဲအောင်မြင်မှု နှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ တောင်ကြီးမြို့နယ်အတွင်း ရွေးကောက်ပွဲ ရှုံးနှိမ့်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း အားသာချက်နှင့် အားနည်ချက်များကို သုံးသပ်ရှင်းလင်း တင်ပြသွားပါသည်။


ဆက်လက်၍ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းကလည်း ယခုကဲ့သို့ မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်တွင် အနိုင်ရခြင်းမှာ မိဘပြည်သူများ မျိုးချစ်စိတ်ပြင်းထန်ခြင်း၊ လူငယ်များ ပါဝင်မှုအားကောင်းခြင်း၊ သင်တန်းပို့ချမှု ပျံ့နှံ့ခြင်းနှင့် ရဟန်းသံဃာများ ပံ့ပိုးကူညီခြင်းများကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၅ရွေးကောက်ပွဲကို ပအိုဝ်းလူမျိုးများ မျိုးချစ်စိတ်ပြသသောပွဲဟုပင် တင်စားစေလိုကြောင်း၊ ထို့သို့ အောင်မြင်ခြင်းမှာ အွန်လိုင်း(Online) မီဒီယာကွန်ယက်များလည်း တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်နေကြောင်း၊ ထို့ကြောင့် လူငယ်ကွန်ယက် အရည်အချင်းများ ဆက်လက်မြင့်တင်ပေးရန် လိုအပ်ကြောင်း၊ အနာဂတ်တွင် မျိုးချစ်စိတ်နှင့် မူဝါဒ ပေါင်းစပ်ပြီး အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးကို ပူးတွဲရှုမြင်တတ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ပါတီတွင်း စိတ်ဝမ်းမကွဲရန်နှင့် လာမည့်နိုင်ငံရေးအခင်းအကျင်းကို လေ့လာမြော်မြင်တတ်ရန် လိုအပ်ကြောင်း အကြုံပြု သုံးသပ်သွားပါသည်။


ထို့ပြင် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခွန်သန်းထူးမှလည်းကောင်း၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ဦးခွန်အောင်ကျော်မှလည်းကောင်း မိမိတို့၏ တွေ့ရှိချက်များဖြစ်သော အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြပြီး မြို့နယ်ပါတီ ဥက္ကဌများဖြစ်သော ဦးခွန်ဆန်းဖေ(ဆီဆိုင်)၊ ဦးခွန်ထွန်းတင်(နောင်တရား)၊ ဦးခွန်ယွန်း (ကျောက်တလုံးကြီး)၊ ဦးခွန်မောင်ဖြူ (ဟိုပုံး)၊ ဦးခွန်ထွန်းဖြူ(တောင်ကြီးမြို့နယ်)၊ ဦးခွန်ထွန်းစံ(တောင်ကြီး အတွင်းရေးမှူး) တို့ကလည်း ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ သုံးသပ်တင်ပြသွားပါသည်။ ဆက်လက်၍ မြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN) မြို့နယ်ဥက္ကဌများမှ မိမိတို့၏ ပါဝင်မှုအခြေအနေနှင့် ကြုံတွေ့ရသောအခက်အခဲများကို ရှင်းလင်းတင်ပြသွားပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာချုပ် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးမှ ဖွဲ့စည်းထားသော ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့(၆)ဖွဲ့များ ဖြစ်သော ပြိုင်ဘက်စောင့်ကြည့်ရေးအဖွဲ့၊ ဆက်သွယ်ဆက်ဆံရေးနှင့် နေရာချထားရေးအဖွဲ့၊ တိုက်တွန်းနှိုးဆော်ရေးအဖွဲ့၊ အိမ်တိုင်ရာရောက် လည်ပတ်ရေးအဖွဲ့၊ လူထုစောင့်ကြည့်ရေးအဖွဲ့နှင့် မဲရုံစောင့်ကြည့်ရေးအဖွဲ့တို့၏ တွေ့ရှိရသော အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး အတိုင်ပင်ခံ ဦးခွန်ဆန်းကျော်ကလည်း ၂၀၁၅ရွေးကောက်ပွဲ ဖြစ်စဉ် တစ်ခုလုံး၏ အားသာချက် အားနည်းချက်များကို ရှင်းလင်းတင်ပြသွားပါသည်။
အဆိုပါ အခန်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဦးခွန်စံလွင်က ဆိုင်ရာအသီးအသီးမှ တင်ပြလာသော အားသာချက်၊ အားနည်းချက်များကို နိဂုံးချုပ် သုံးသပ်အမှာ စကားပြောကြားခဲ့ပြီး၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အဖွဲ့ (၆) ဖွဲ့ဖြင့် ပါဝင်ခဲ့သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးရှိ ရုံးဝန်ထမ်းများကလည်း (၁၆-၁၁-၂၀၁၅) တနလာင်္နေ့တွင် အဆိုပါ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း


Powered by Blogger.