Thursday, March 17, 2016

လူမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှုအဖွဲ့က မေတ္တာစိမ့်စမ်းရေ လူမှုကူညီရေးအဖွဲ့သို့ လည်ပတ်ရံပုံငွေ သိန်း(၄၀) ပေးအပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၁၈) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဘော်ကုန်းကျေးရွာအုပ်စု၊ လီမောကျေးရွာတွင် ဖွဲ့စည်းထားသော မေတ္တာစိမ့်စမ်းရေ လူမှုကူညီရေးအဖွဲ့ကို ၂၀၁၆ခုနှစ်၊ မတ်လ(၁၇)ရက်၊ ကြာသပတေးနေ့တွင် လူမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှုအဖွဲ့က လည်ပတ်ရံပုံငွေ သိန်း(၄၀) ပေးအပ်ခဲ့ပါသည်။
၎င်းကျေးရွာ လည်ပတ်ရံပုံငွေပေးအပ်ပွဲ အခမ်းအနားသို့ လူမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှု အဖွဲ့မှ Project ဒါရိုက်တာ Mr. Harmen Koolနှင့် ဇနီး၊ ယင်းအဖွဲ့မှ သုတေသနမှူး ကျော်ဇောဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်း၊ ပါရမီလူမှုကွန်ယက်မှ ခွန်ချစ်ဦး၊ ကျေးလက်ဒေသဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဒေသခံများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် Project ဒါရိုက်တာ Mr.Harmen Kool နှင့် သုတေသနမှူး ကျော်ဇောဦးတို့က ကျေးရွာလူမှုရေးဆိုင်ရာ လည်ပတ်ရေးရံပုံငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး PNO ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက ဒေသခံများ ရရှိထားသော ရံပုံငွေများကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန် တိုက်တွန်း အမှာစကားပြောကြားခဲ့ပါသည်။
ကျေးရွာလူမှုရေးဆိုင်ရာ လည်ပတ်ရေးရံပုံငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ “ ကျွန်တော်တို့ ဒီလိုလည်ပတ်ရေးရံပုံငွေ ပံ့ပိုးပေးတာကတော့ လူမှုကာကွယ်စောင့်ရှောက်ရေးလို့ ပြောလို့ရပါတယ်၊ ရွာမှာရှိတဲ့ လူမှုကူညီရေးအသင်း အားကောင်းလာအောင်၊ နည်းစနစ်ကျကျနဲ့ လုပ်ကိုင်တတ်လာအောင် သင်တန်းတွေပေးပါတယ်။ နောက် ဒီရံပုံငွေကို သူတို့ကိုယ်တိုင် တိုးပွားအောင် လုပ်ကိုင်စေပြီး ရရှိလာတဲ့ အတိုးငွေများကို သူတို့လိုအပ်တဲ့ လူမှုရေးဘက်မှာ အသုံးချစေတဲ့ သဘောပါ။ ရှင်းရှင်းပြောရရင် Mr.Harmen Kool ပြောသွားသလိုဘဲ ကျွန်တော်တို့က ကြက်မကြီးကို လာပေးတာပါ၊ ဒီကြက်မကြီး ဥများများဥအောင်၊ သားပေါက်များများပေါက်အောင် လုပ်ရမှာက ဒီရွာမှာ ဖွဲ့စည်းထားတဲ့ လူမှုကူညီရေးအဖွဲ့နဲ့ဘဲ ဆိုင်ပါတယ်” ဟု SPPRG သုတေသနမှူး ကျော်ဇောဦးက ပြောသွားခဲ့ပါသည်။
လူမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှုအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ ဤကဲ့သို့ လူမှုရေးရံပုံငွေ ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းရှိ ရွာ(၅)ရွာကို ပံ့ပိုးရန်ရှိသေးကြောင်း၊ ထို့သို့ လူမှုရေးရံပုံငွေ ထောက်ပံ့ပေးမည့်ရွာ ရွေးချယ်ရာတွင် ရပ်ရွာ၏အခြေအနေ၊ စည်းလုံးညီညွတ်မှုကို လေ့လာပြီး ပံ့ပိုးကူညီပေးပါကြောင်း  သိရှိရပါသည်။

ခွန်ထင်;လေအောင်;





Powered by Blogger.