Monday, March 4, 2019

ပအိုဝ်းရိုးရာဓလေ့နှင့် ခေတ်သစ်ဒီမိုကရေစီ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၄)ရက်


ကျွန်ုပ်တို့ပအိုဝ်းလူမျိုးသည် ရှေးယခင်ကတည်းကပင် မိမိတို့ဓလေ့ထုံးစံနှင့်နေထိုင်ကျင့်ကြံနေကြ သည်။ ထိုသို့ နေထိုင်ကျင့်ကြံသည်မှာ မိမိတို့ကျေးရွာ ၊ မိမိတို့ဒေသ၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ နေရာများကို မိမိတို့ကိုယ်ပိုင်စနစ်၊ ကိုယ်ပိုင်စည်းကမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကာ တိုးတက်ခိုင်မာအောင် တည်ဆောက်နေကြသည်မှာ ယနေ့ အချိန်ထိပင်ဖြစ်သည်။ ထိုထက်မက မိမိတို့ ကျေးရွာအတွင်း ဖြစ်ပွားသောပြဿနာအရပ်ရပ်ကိုလည်း မိမိတို့ပအိုဝ်း ကိုယ်ပိုင်စနစ်ဖြင့် ဖြေရှင်းဆောင်ရွက်တတ်ကြသည်။ ပအိုဝ်းလူမျိုးတို့၏ပြဿ     နာတစ်ရပ်ဖြေရှင်းရာတွင် “ကြီးသည့်အမှုကို ငယ်အောင် ငယ်သည့်အမှုကို ပပျောက်အောင်” ဆိုသည့် ဆိုရိုးအတိုင်း ကျင့်သုံးသည်။

ပအိုဝ်းလူမျိုးသည် ကိစ္စအဝဝကို ကိုယ်ပိုင်နည်းစနစ်ဖြင့်ကျင့်သုံးနေထိုင်သည်ဟုဆိုသောကြောင့် လူမှုရေးကိစ္စများကို အောက်ပါအတိုင်းလုပ်ဆောင်နေကြသည်။ ပအိုဝ်းကျေးရွာတိုင်းတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ရာတွင် ကျေးရွာလူထုဝိုင်းဝန်းလုပ်ဆောင်သော စနစ်ဖြစ်သည်။ ပအိုဝ်းကျေးရွာသို့ သွားသောလမ်းတိုင်းသာယာဖြောင့်ဖြူးရခြင်းမှာ  ပအိုဝ်းလူမျိုးသည် အခြားသူတစ်ပါးပါးကို သော်လည်းကောင်း၊ အခြား အဖွဲ့အစည်းကိုသော်လည်းကောင်း၊ အစိုးရကိုသော်လည်းကောင်း “ လာလုပ်ပေးလိမ့်မယ်” ဟူသော စောင့်ဆိုင်းခြင်းများမရှိဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ဆောင်နေကြသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါ်ပေါက်လာလျှင် တစ်အိမ်တစ်ယောက်နှုန်းဖြင့် သွားရောက်လုပ်ကိုင် ကြရသည်။ ခွဲခြားဆက်ဆံမှုမျိုးမဟုတ်ဘဲ ယောက်ျားလေးနှင့်သက်ဆိုင်သော လုပ်ငန်းဖြစ်လျှင် ယောက်ျားလေးများက သွားရောက်လုပ်ကိုင်ရပြီး ယောက်ျားလေးမရှိသော နေအိမ်များတွင်မူ မိန်းကလေးများနှင့် ကိုက်ညီပြီး လုပ်ဆောင်နိုင်သော အလုပ်များကို လုပ်ဆောင်စေလေ့ရှိသည်။ မည်သည့်လုပ်ငန်းမဆို ကျေးရွာဖွံ့ဖြိုးရေး သော်လည်းကောင်း၊ ဘာသာ၊ သာသနာလုပ်ငန်း အတွက်ဆောင်ရွက်ရာတွင် လည်းကောင်း၊ လုပ်ငန်းကိစ္စအဝဝကို တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်လေ့ရှိသည်။

ထိုသို့တာဝန်သိစိတ်ဖြင့်ကျေးရွာတာဝန်တစ်ရပ်အနေဖြင့်လုပ်ဆောင်နေတတ်သော ပအိုဝ်းထုံးစံကို ရေရှည်တည်တံ့ စေရန်ရည်ရွယ်၍သော်လည်းကောင်း၊ ကျေးရွာစည်းလုံးညီညွတ်မှုကို လေးစားလိုက်နာပြီး ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သော်လည်းကောင်း၊ ကျေးရွာအတွင်းရှိ ကျေးရွာသူ/သားများ အရင်းခံစိတ် ဓါတ်သည် ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား စသော လူကျင့်ဝတ်ကို ကျင့်သုံးတတ်စေရန် ရည်ရွယ်၍သော်လည်းကောင်း၊ ကျေးရွာအတွင်းရှိ လူငယ်လူရွယ်များသည် လူကြီးသူမများ၏ ဆိုဆုံးမစကားကို လေးစားလိုက်နာတတ်စေရန် ရည်ရွယ်၍သော်လည်းကောင်း  စသည့်ပအိုဝ်းရိုးရာ အမွေကောင်းများကို ထိန်းသိမ်းနိုင်စေရန် ပအိုဝ်းကျေးရွာတိုင်းတွင် ကျေးရွာဦးဆောင် ရွာသူကြီး (ဖြားဒုံ)ကို ထားရှိလေ့ရှိသည်။

ထိုသို့ကျေးရွာတိုင်း ရွာသူကြီး (ဖြားဒုံ) ထားရှိပြီး မည်သည့်လုပ်ငန်းမဆို ရွာသူကြီး (ဖြားဒုံ)၏ ဦးစီးဆောင်ရွက်မှု လုပ်ငန်းများကို ဆောင်ရွက်ကြရသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် ညီမျှမှုရှိစေရန် တစ်အိမ်တစ်ယောက်နှုန်း သတ်မှတ်ကာ လုပ်ငန်းများ ဆောင်ရွက်ကြရန် စည်းကမ်းတစ်ရပ်အနေဖြင့် သတ်မှတ်လေ့ရှိသည်။ တစ်အိမ်တစ်ယောက်နှုန်း သတ်မှတ်ထားသော်လည်း မိမိအခက်အခဲဖြင့် ကျေးရွာတွင်လုပ်ကိုင်ရမည့်လုပ်ငန်းများ လုပ်ဆောင်နိုင်မှုမရှိလျှင် ထိုရက်တွင် ပအိုဝ်းအသုံးအနှုန်း (လက်ကျန်) ဆိုသည့်အတိုင်း သတ်မှတ်ပေးထားပါသည်။ ထို “လက်ကျန်” သမားသည် နောက်တစ်ကြိမ် အများပြည်သူအတွက် လုပ်ငန်းပေါ်ပေါက်လျှင် နှစ်ရက်စာလုပ်ဆောင်ရပါသည်။ ထို “လက်ကျန်” ဖြစ်ခွင့်ကို (၃)ကြိမ်အထိ ခွင့်ပြုထားပါသည်။ ထိုသို့ပျက်ကွက်ခွင့်ရှိသကဲ့သို့ ပျက်ကွက်မှုမထားချင်လျှင် လူငှားခေါ်ထည့်နိုင်သည်။ ပျက်ကွက်မှု (၃)ကြိမ် အထက်ပြုလုပ်ပြီး ဆက်လက်ပျက်ကွက်မှုရှိလျှင် ပအိုဝ်းကျေးရွာက သတ်မှတ်သောစည်းကမ်းအတိုင်း အရေယူခြင်း ခံရမည်ဖြစ်သည်။

ကျေးရွာစည်းကမ်းအတိုင်းကိုင်တွယ်ဖြေရှင်းတတ်သောပအိုဝ်းကျေးရွာတိုင်းသည် ရွာသူ/သားတိုင်း ကို စီမံအုပ်ချုပ်နေရသော ကျေးရွာသူကြီးများက ကိုင်တွယ်ရလွယ်ကူစေရန် စည်းကမ်းကို တစ်သမတ် တည်း အုပ်ချုပ်ကြရသည်။ တစ်သမတ်တည်းစီမံအုပ်ချုပ်မှုကြောင့် ဘက်လိုက်မှု ကျောသား ရင်သားမခွဲ ခြားဘဲ အုပ်ချုပ်ခြင်းပင်ဖြစ်သည်။ ထိုသို့ အုပ်ချုပ်နေရခြင်းကြောင့် အထက်ပါ လူမှုရေး လုပ်ငန်းများကို လည်း တစ်အိမ် တစ်ယောက်နှုန်းလုပ်ရသော ကိစ္စများကို တစ်အိမ်တစ်ယောက်နှုန်း လုပ်ကိုင်ပေးရသည်။ ပျက်ကွက်ခွင့် ပေးထားသည့်အတိုင်း ပျက်ကွက်ဖန်များလာလျှင် ဆုပေးဒဏ်ပေး စနစ်ဖြင့် ကျင့်သုံးနေ ရသည်။ ထိုသို့ကျင့် သုံးမှုမပြုလျှင် ကျေးရွာ၏စီမံအုပ်ချုပ်မှုနှင့် ကျေးရွာလူထုများလည်း စည်းကမ်း ပျက်ပြယ်ကြပြီး စည်းလုံးညီညွတ် ပျက်ပြားစေပါသည်။

ထိုသို့ပအိုဝ်းကျေးရွာတိုင်းသည် ပအိုဝ်းစည်းကမ်းအတိုင်းကျင့်သုံးနေသည်မှာ ရှေးနှစ်ပေါင်းများ စွာက တည်းကပင် ဖြစ်ဘိသကဲ့သို့ ခေတ်သစ်ဒီမိုကရေစီ၏အသွင်ကူးပြောင်းမှုကြောင့် ပအိုဝ်းကျေးရွာရှိ ဓလေ့ထုံးစံများလည်း ပျက်ပြယ်လုနီးဖြစ်နေပါသည်။ ဥပမာ- ပအိုဝ်းကျေးရွာ၏စည်းကမ်း သတ်မှတ်ချက် အတိုင်း တစ်အိမ်တစ် ယောက်နှုန်းဖြင့် သွားရောက် လုပ်ကိုင်ရမည့် လူမှုရေးကိစ္စကို သွားရောက်နိုင်ခြင်းမရှိ အကြောင်းမဲ့ပျက်ကွက်လျှင် အထက်ပါပအိုဝ်းစည်းကမ်းအတိုင်း ဒဏ်ကြေးပေးဆောင်ရမည်ဆိုသည့် ဆိုသည့်စည်းကမ်းချက်ပါရှိသည်။ ထို့ကြောင့် ပအိုဝ်းကျေးရွာတွင်းရှိ ကျေးရွာသူ/သားတိုင်း ကိုယ်တိုင် မသွားရောက်နိုင်လျှင်သော်လည်းကောင်း၊ လူအစားထိုးမထည့်ပေးနိုင်လျှင်သော်လည်းကောင်း ဒဏ်ကြေး ပေးဆောင်ရမည်မှာအမှန်ပင်ဖြစ်သည်။ ထိုစည်း ကမ်းချက်ကို ပအိုဝ်းကျေးရွာများက ကျေးရွာအစည်းဝေး ခေါ်ယူရာတွင် လည်းကောင်း၊ အုပ်စုအစည်းဝေးတွင် သော်လည်းကောင်း၊ ပအိုဝ်းလူမျိုးတိုင်းက စာရေးသားရာတွင် “တစ်အိမ်တစ် ယောက်နှုန်းလာရောက်ရမည်။” ပျက်ကွက်လျှင် ဒဏ်ငွေ (၅၀၀၀) စသဖြင့် ရေးလေ့ရှိသည်။

ထိုသို့ရေးသားသည်မှာ ပအိုဝ်းကျေးရွာအတွင်း ကျင့်သုံးသောစာရေးသားနည်းဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ ခြိမ်းခြောက်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ အမိန့်ပေးခြင်း စသည့်သဘောတရား တစ်စုံတစ်ရာမပါရှိဘဲ ကျေးရွာ စည်းကမ်းသာဖြစ်နေပါသည်။ ထိုသို့ပအိုဝ်းကျေးရွာကျင့်သုံးသော စည်းကမ်း၊ စည်းစနစ်ကို ပျက်ပြယ်စေလို၍ သော်လည်းကောင်း၊ မသိနားမလည်၍သော်လည်းကောင်း ပျက်ရယ်ပြုခြင်း၊ လှောင်ပြောင်ခြင်း၊ စည်းလုံးရေးထိခိုက်နိုင်စေမည့် အရေးအသား သွေးထိုးခြင်း၊ စကားအရာဖြစ် ပြောဆိုခြင်း စသည့် ခေတ်သစ်ဒီမိုကရေစီသည် ပအိုဝ်းကျေးရွာရှိ ပအိုဝ်းလူမျိုးများက ဟန်လုပ်၍ နားယောင်မည်မဟုတ်ပါ။

ထို့ကြောင့် ပအိုဝ်းလူမျိုးများသည် မည်သည့်ဒေသတွင်မဆို ကိုယ့်ဓလေ့ထုံးစံဖြင့် နေထိုင်ကျင့်ကြံကြသောကြောင့် ပအိုဝ်းလူမျိုးများ၏အကြောင်းကို စိတ်ပါဝင်စား၍သော်လည်းကောင်း၊ ပအိုဝ်းအကြောင်း သတင်း ဆောင်းပါးရေးသားလို၍ သော်လည်းကောင်း၊ ပအိုဝ်းလူမျိုးတို့၏ရိုးရာဓလေ့၊ စည်းမျဉ်းစည်းကမ်းများကို ပထမဦး ဆုံးလေ့လာသင့်ပါသည်။ သို့မှသာ တိကျမှန်ကန်သော သတင်းပေးမှုများ ရရှိနိုင်သည်သာမက လူမျိုးတစ်မျိုး၏ ရိုးရာကို ထိခိုက်စေနိုင်သော အရေးအသားများမပါဝင်စေခြင်းကို တစ်ဖက်တစ်လှမ်းမှ ကူညီပေးနိုင်မည်ဖြစ်သည်။

နန်းစိန်ကျင်း (ထီအုံးတဖြေ)
Powered by Blogger.