ပြန်မြင်ယောင်နေသေး၏။ ၂၀၀၀- ခုနှစ်မတိုင်ခင် ပတ်ဝန်းကျင်လောက် ဖြစ်မည်ထင်ပါသည်။ စာရေးသူတို့နေထိုင်သော တောရွာဒေသ၌ TV သိပ်မရှိသေး။ TV တစ်လုံးဝယ်နိုင်ပါက ကောင်းကောင်းလုပ်စားနိုင်သောခေတ် ဖြစ်သည်။ ကက်စက်ကြီးကြီး တစ်လုံးပိုင်သောလူပျိုသည် အပေါင်းအသင်းများ၏။ ခွေဆိုလည်း ယခုခေတ်ကဲ့သို့ CDခွေများသိပ်မရှိသေး။ CDပြားခွေများက တိပ်ခွေများကို တိုက်ထုတ်ခါစခေတ်ဖြစ်သည်။ TV ရှိသော အိမ်၏ ကလေးသည် ကျောင်းတွင် မုန့်များများစားရ၏။ သူငယ်ချင်းများ၏။ ပြန်တွေးကြည့်ပါက ပျော်စရာကောင်းသကဲ့သို့ ရယ်ချင်စရာလည်း ကောင်းလှပါသည်။
ထိုအချိန်တွင် စာရေးသူတို့ဒေသ၌ တောရွာပီပီ တော်လှန်ရေးကား၊ ဇာတ်ကြမ်းကားများသာ ပြသကြသည်။ သီဟတင်စိုး၊ ဒွေး၊ ဝေဠုကျော်၊ နေထက်လင်း၊ အောင်ပိုင်၊ ရဲမင်းပိုင်တို့ ကြီးစိုးသော ခေတ်ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်က စာရေးသူတို့အနေနှင့် သီဟတင်စိုး၏ ဖက်ဆစ်တော်လှန်ရေးကားများကို ကြည့်ဖန်များသောကြောင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်လိုတောင် ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်မှာ မဆန်းလှပေ။ ထိုအချိန်က တောကလေးများ၏ သဘာဝအရ နိုင်ငံခြားဇာတ်ကားဆို တရုတ်သိုင်းကား၊ ဘဂုစ္စလီ၊ ဂျက်လီ၊ ဂျက်ကီချန်း၊ ရမ်ဘို၊ အာနိုး၊ ဗန်ဒိန်း ဇာတ်ကြမ်းကားများကို ကြိုက်ကြသည်။ ဇာတ်ကားများကို ကြည့်ပြီး လူစုမိသောအခါ တစ်ယောက် တစ်ပေါက်ပြန်ပြောကြ၏။ ငြင်းခုန်ကြ၏။ မင်းသား၊ မင်းသမီးဆိုလျှင် ကြမ်းကြမ်းလေးသရုပ်ဆောင်မှ ကြိုက်ကြ၏။
ဇာတ်လမ်းတိုင်းကို အစစ်အမှန်များ ဖြစ်သည်ဟု လက်ခံယုံကြည်ခဲ့၏။ ဇာတ်ညွန်းနှင့် ဒါရိုက်တာ၏ အခန်းကဏ္ဍကို မေ့နေ၏။ စိတ်လည်း မဝင်စားခဲ့။ ဇာတ်လမ်းသည် အလိမ်အညာများသာ ဖြစ်သည်ဟု လူကြီးများ ဆိုဆုံးမသော်လည်း လူကြီးတော်တော် များများကလည်း ကြည့်နေကြသောအခါ စာရေးသူတို့ ကလေးအနေနှင့်လည်း အလိမ်အညာများကို လက်မခံချင်ကြ။ လိမ်လေညာလေ ပိုကြိုက်လေ ဖြစ်၏။ ဒါက အနုပညာပါ ဆိုတာလည်း မသိခဲ့။ တွေးလည်း မတွေးခဲ့ပေ။ ပြန်စဉ်းစားကြည့်လျှင် ထိုခေတ်၊ ထိုအချိန်၊ လောကအကြာင်း ဘာမှမသိသေးသော ထိုအရွယ်တွင် အလိမ်အညာကို လက်ခံခဲ့မိသည်မှာ နည်းပညာ၏ လှည့်စားမှုကြောင့်လား။ ခေတ်ကာလ အခြေအနေကြောင့်လား။ အသက်အရွယ်ကြောင့်လား။ အားလုံး ဖြစ်နိုင်သည်။ ထိုအထဲတွင် အသိတရားမရှိခြင်းလည်း ပါဝင်နေသည်။ သို့သော်လည်း အသိတရား နှင့်ဥာဏ်ပညာသည် ကလေးအရွယ်ထံတွင် ရှာတွေ့ရိုး ထုံးစံမရှိ။ ထို့ကြောင့် ကလေးတိုင်းသည် အလိမ် အညာနှင့်လွတ်မည် မထင်။ ဤသည်မှာ ကလေးဘဝ၏ ဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းထင် ကျန်ခဲ့လေပြီ ဖြစ်သည်။
ထိုကဲ့သို့ စာရေးသူတို့ အသက်အရွယ်နှင့် ခေတ်ကာလ ပြောင်းလဲလာသောအခါ အတိတ်က ဖြစ်စဉ်ကို ပြန်တွေးကြည့်လျှင် စာရေးသူတို့ အရူးအမူး (crazy) ဖြစ်ခဲ့သော TV တို့၊ ဇာတ်ကားတို့သည် အလိမ်အညာသာ ဖြစ်ကြောင်းကို တဖြေးဖြေး နားလည်သဘောပေါက်လာ၏။ ပြန်စဉ်းစားကြည့်လျှင် ရယ်ချင်စရာ(အမှတ်တရ)ဖြစ်ခဲ့သည်က လွဲ၍ ဘာမှ ဟုတ်သိပတ်သိ မရှိခဲ့ပေ။ သို့သော်လည်း စာရေးသူတို့က အလိမ်အညာစက်ကွင်းထဲမှ အပြီးသတ် ရုန်းထွက်နိုင်ခဲ့ကြသည် မဟုတ်ခဲ့ပေ။ အလိမ်အညာသည် ပုံစံမျိုးစုံ၊ ထောင့်မျိုးစုံနှင့် စာရေးသူတို့ ပတ်ဝန်းကျင်တွင် ရှိနေမြဲ ဖြစ်သည်။ စာရေးသူတို့သည် ကလေးဘဝ၏အလိမ်အညာ စက်ကွင်းထဲတွင် ရုန်းထွက်နိုင်ခဲ့သော်လည်း နောက်ထပ် တစ်ဆင့် အလိမ်အညာစက်ကွင်းတစ်ခုက ကြိုပြီး စောင့်နေ၏။
မှတ်မိနေသေးသည်။ ၂၀၀၇ -ခုနှစ်တွင် စာရေးသူက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အဝေးသင်တက္ကသိုလ် မတက်ခင် ကြားတစ်နှစ်တွင် ရပ်ရွာအတွင်းရှိ သာရေး၊ နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးရင်း ရွာတွင်းရှိ လူပျိုစာရင်းတွင် အလိုအလျောက် ပါဝင်ခဲ့ရ၏။ စာရေးသူတို့ ပအိုဝ်းတောရွာ၏ ဓလေ့ထုံးစံအတိုင်း လူပျိုအပျို လှည့်ကြသည်။ မှတ်မိသလောက် ၂၀၀၇ -ခုနှစ်မတိုင် အချိန်ထိ ပအိုဝ်းတို့တောရွာများ၌ ယခုကဲ့သို့ မိုဘိုင်ဖုန်းများ ဖေ့စ်ဘုတ်များ မပေါ်သေး။ လူပျိုအပျို စာပေးသော ခေတ်၊ အိမ်တိုင်ရာရောက် ယဉ်ကျေးသိမ်မွေ့စွာ လည်သောခေတ် ဖြစ်နေသေးသည်။
ထိုအချိန်ထိုအခါတွင် စကားတတ်သော(ဒေါ့ငဝ်းယွဲး၊ငဝ်းတွဲဒါး)၊ ဝေ့လည်ကြောင်ပတ် ပြောတတ်သော အပျိုသည် လူချစ်၊ လူခင်၊ လူသိများပြီး ရည်းစားများသည်ဟု သိရ၏။ ထိုအပျို၏ အိမ်တွင် လူပျိုတို့ (လို,ဖြားပေ;)တို့ စုနေတတ်သည်။ ယခုခေတ်စကားနှင့် ပြောရလျှင် ထို (cele) ဖြစ်သော အပျို၏ အိမ်ကို လှည်ခွင့်ရလျှင် “ထိုအပျိုမနှင့် ဘယ်လိုပုံစကားပြောခဲ့တယ်၊ ၄င်းအပျိုမက ဘယ်လို Talking နဲ့ အသည်းကြွေအောင် ပြန်ချတယ်” စသဖြင့် သူငယ်ချင်းများကို ပြန်ကြွားကြ၏။ ထိုအချိန်အခါက အပျိုများသည်လည်း အလိမ်အညာမထင်ရလောက်အောင် ပိပိရိရိ ပြောတတ်ကြ၏။ ထို့နောက် အခြားတစ်ယောက်နှင့် အိမ်ထောင်ပြုသည့် အချိန်ရောက်မှ ၄င်းအပျိုမများ လိမ်သည်ကို ယုံကြသည်။ ဤသည်မှာ စာရေးသူတို့၏ ဓလေ့စရိုက်ကိုက နည်းနည်းလေးလိမ်ပေးမှ ချစ်ကြိုက်တတ်ကြသည်လား အောက်မေ့ရ၏။ တက္ကသိုလ်တက်တုန်းကလည်း ဆိုတေးရဲ့ “နင်လိမ်လည်း ငါချစ်တယ်” ဆိုတဲ့သီချင်းက လူကြိုက်များခဲ့၏။ ဤသည်ကို ကြည့်လျှင် လိမ်သည်က အပြစ်မဟုတ် အလိမ်ခံချင်သူသာ အပြစ်ဖြစ်သည်။
တက္ကသိုလ်ကျောင်းလည်းပြီး အလုပ်ခွင်ထဲသို့ ရောက်လာသောအခါ နိုင်ငံရး၊ လူမှုရေးစသည့် အရေးအရာများနှင့် ပါဝင်ဆက်နွယ်လာ၏။ ထိုအခါ အဆင့်မြင့်အလိမ်အညာစက်ကွင်းထဲကို တခါရောက်လာပြန်သည်။ မနီးမဝေး ဒီမိုကရေစီစနစ် စတင်ကျင့်သုံးသော၂၀၁၀-ခုနှစ် နောက်ပိုင်းတွင် ဒီမိုကရေစီဟူသော စကားလုံးသည် ခေတ်စားလာ၏။ ဒီမိုကရေစီကို လက်ကိုင်ထားသော လူတစ်စုသည် စာရေးသူတို့ပအိုဝ်းလူမျိုး စည်းလုံးမှုပျက်ပြားအောင် နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လိမ်ညာကြသည်။ ဒီမိုကရေစီ၏ စံတန်ဖိုး၊ အဓိပ္ပါယ်ကို ကောင်းကောင်း နားမလည်သေးသော စာရေးသူတို့ တစ်ချို့ပအိုဝ်းမိဘပြည်သူများသည် ဒီမိုကရေစီ၏ လွတ်လပ်ခွင့်ကိုသာ ပြေးမြင်ကြ၏။ အရာရာကို အစိုးရကသာ လုပ်ပေးရမည်ဟု ထင်ကြသည်။ ထိုဒီမိုကရေစီကြောင့် တစ်ချို့နေရာတွင် စည်းလုံးမှု ပျက်ပြားရသည်ဟူသော သတင်းများ ကြားရ၏။ အဆိုးဆုံးမှာ အပြောကောင်း၊ အဟောကောင်းသူကို နိုင်ငံရေးသမား ပီသသည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ထိုဒီမိုကရေစီ အရှုပ်တော်ကြောင့် ၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေအထွရွေးကောက်ပွဲတွင် ၂၀၁၀ ကလောက် မလွယ်ကူခဲ့။ အထူးသဖြင့် မိမိတို့ပအိုဝ်းလူမျိုးအများစုနေထိုင်သော တောင်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ရနိုင်ခြေများခဲ့သော်လည်း လက်လွတ်ခဲ့ရခြင်း ဖြစ်သည်။ ၄င်းဖြစ်စဉ်ကို ပြန်ကြည့်လျှင် ဒီမိုကရေစီသာသိပြီး ဒီမိုကရေစီကြိုးကိုင်နေသူကို စိတ်မဝင်စားခဲ့သည်မှာ စာရေးသူတို့ ငယ်စဉ်ဘဝက အစစ်အမှန်ဟု လက်ခံခဲ့ဖူးသော ဇာတ်လမ်း၏ ဒါရိုက်တာအပိုင်းကို မသိခဲ့သည်နှင့် အတူတူပင် ဖြစ်လိမ့်မည် ထင်ပါသည်။
ယခုနောက်ပိုင်း စာရေးသူတို့ carzy ဖြစ်သောသော ဆယ်သွယ်ရေးနည်းပညာ အထူးသဖြင့် facebook သည် လိမ်ရ၊ ညာရ အလွယ်ကူဆုံး နေရာတစ်ခု ဖြစ်နေသည်။ facebook တွင် ကဏ္ဍပေါင်းစုံ လိမ်ရ၊ ညာရ အဆင်ပြေလှ၏။ ထိုစက်ကွင်းတွင် ပါဝင်ဆက်နွယ်နေသော မိမိတို့ပအိုဝ်းလူမျိုးများသည် အလိမ်အညာမခံရအောင် အသိပညာနှင့် ယှဉ်၍ သတိထားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ချို့သော အလိမ်ခံရမှုသည် မိမိတစ်ဦးတစ်ယောက်အတွက်သာ နစ်နာသော်လည်း တစ်ချို့သော (နိုင်ငံရေး)လိမ်လည်မှုသည် မိမိတစ်ဦးတစ်ယောက်သာမက မိမိတို့လူမျိုး၏ အမျိုးသားအကျိုးစီးပွားကိုပါ နစ်နာဆုံးရှုံးရတတ်၏။ ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည် မှန်သော်လည်း တစ်ဖက်တွင် မိမိတို့တစ်မျိုးသားလုံးကိစ္စနှင့် ပတ်သက်လာလျှင် တစ်စုတစ်စည်း ရှိရန် လိုအပ်ပါသည်။ “လွတ်လပ်ခွင့်၊ ကွဲလွဲခွင့်”သည် လက်ရှိ မိမိတို့လူမျိုးအနေအထားအရ အကန့်အသတ်တစ်ခုသာ ထားသင့်ပါသည်။
စာရေးသူအပါအဝင် စာရေးသူတို့ ပအိုဝ်းလူမျိုးများသည် အလိမ်အညာကို သဘောကျသည့် ဗီဇရှိနေသလား၊ အသိပညာအားနည်းခဲ့သလား သေချာမသိ။ နည်းပညာတစ်ခုခု(သို့) အသစ်အဆန်း တစ်ခုခု ပေါ်လာလျှင် ကောင်းကျိုးမရခင် အရင်ဦးဆုံး စာရေးသူတို့ ရလိုက်သည်မှာ အလိမ်အညာခံရမှုပင် ဖြစ်နေသည်။ လိမ်နေမှန်းသိပေမဲ့ တစ်ချို့ပညာတတ်ပုဂ္ဂိုလ်များက မသိသူကို ထပ်ဆင့်ပြန်လိမ်နေသူလည်း တွေ့နေရ၏။
မည်သို့ပင်ဆိုစေကာမူ စာရေးသူတို့သည် အလိမ်အညာကို မသိလို့ ကြိုက်ခဲ့သည်ဖြစ်စေ၊ အလိမ်အညာကို သိသိကြီးနှင့် ကြိုက်နေသည် ဖြစ်စေ အလိမ်အညာသည် ကောင်းကျိုးပေးသော အရာမဟုတ်သည်ကို လူတိုင်းအသိပင် ဖြစ်သည်။ မိမိတို့ လူမျိုးအများဆုံး ကိုးကွယ်ယုံကြည်သည့် မြတ်ဗုဒ္ဓသည်လည်း အလိမ်အညာကို မကြိုက်။ ထို့ပင် သူတစ်ပါးသူကို အလွယ်တကူ မယုံရန်လည်း မှာကြားထားပါသည်။ ထိုထက်မက မြတ်ဗုဒ္ဓဟောကြားသော တရားတော်များကို ချစ်ရဟန်းတော်များအား အကြွင်းမဲ့ မယုံကြည်ခိုင်းခဲ့ပေ။ ကိုယ်တိုင်ကျင့်ကြံအားထုတ်စေ၏။
“သင်ခန်းစာ မယူတတ်သူသည် ဘဝအတွေ့အကြုံက အလကားဘဲ” ဆိုသည့် စကားအတိုင်း စာရေးသူတို့ အသိနောက်ကျမှုကို မပြင်နိုင်သေးသရွေ့ အလိမ်ခံနေရဦးမည်သာ ဖြစ်သည်။ ထို့ပြင် အလိမ်အညာသည်လည်း မသိသူအတွက် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။ အတိတ်က သင်ခန်းစာသည် အနာဂတ်အတွက် ပြင်ဆင်ချက်သာ ဖြစ်၏။ စာရေးသူတို့သည် အသိပညာ အားနည်းခဲ့မှုကြောင့် နည်းပညာ၏ အသုံးချမှု၊ ဒီမိုကရေစီ ချကျွေးခံရမှုတို့ကို ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ အနာဂတ်တွင် အလိမ်အညာစက်ကွင်းမှ ရုန်းထွက်နိုင်ရန်အတွက် စာရေးသူတို့ ပြလုပ်ရမည့် အလေ့အကျင့်ကောင်းတစ်ခုမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည့် အသိပညာ ဗဟုသုတလေ့လာလိုက်စားခြင်းနှင့် စာဖတ်ခြင်းမှတစ်ပါး အခြားမည်သည့်အရာမျှ မရှိတော့ပြီ ဖြစ်ကြောင်း ထင်မြင်မိပါသည်။
ခွန်ထင်;လေအောင်;
Like On Facebook
Follow On Twitter
Subscribe On RSS