Wednesday, March 6, 2019

ဟိုပုံးမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ (၁၃၀၂)ဦးရှိကာ ယခင်နှစ်ထက်ပိုတိုးလာကြောင်း သိရှိရ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၆)ရက်




ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုသူ (၁၃၀၂)ဦးရှိလာကြောင်း သိရပါသည်။ ဟိုပုံးမြို့နယ်အတွင်း စာစစ်ဌာန(၅)ခုဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က ကျောက္ကချား၊ အ.ထ.က ကျောက်တန်းနှင့် အ.ထ.က နမ့်ခုတ်တို့တွင် မတ်လ(၆)ရက်နေ့ နံနက်(၉း၀၀)နာရီမှစတင်၍ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်းသိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရာတွင် အ.ထ.က(၁)စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား/သူပေါင်း (၅၉၂)ဦးအနက် ဖြေဆိုသူ(၅၆၉)ဦးရှိပြီး ပျက်ကွက်သူ(၂၃)ဦး၊ အ.ထ.က(၂)စာစစ်ဌာနတွင် (၅၂၅)ဦးစာရင်းရှိသည့် အနက် ဖြေဆိုသူ(၄၉၇)ဦးရှိပြီး၊ ပျက်ကွက်သူ(၂၈)ဦးရှိကာ အ.ထ.က ကျောက်တန်းတွင် (၈၅)ဦးရှိသည့်အနက် ဖြေဆိုသူ (၈၀)ဦးရှိပြီး ပျက်ကွက်သူ(၅)ဦး၊ အ.ထ.က(ကျောက္ကချား)တွင် စာရင်းရှိ (၁၃၁)ဦးအနက် ဖြေဆိုသူ(၁၃၀)ဦး၊ ပျက်ကွက်သူ(၁)ဦး၊ နှင့် အ.ထ.က နမ့်ခုတ်တွင် စာရင်းရှိ (၃၂)ဦးအနက် ဖြေဆိုသူ(၂၆)ဦးရှိပြီး ပျက်ကွက်(၆)ဦးဖြစ်ရာ ဟိုပုံးတစ်မြို့နယ်လုံးအနေဖြင့် စာရင်းရှိ(၁၃၆၅)ဦး အနက် ဖြေဆိုသူ(၁၃၀၂)ဦးရှိပြီး (၆၃)ဦး လာရောက်မဖြေဆိုခဲ့ရာမှ ရာခိုင်နှုန်းအားဖြင့် (၉၅.၃၈%) ဖြေဆိုနေကြောင်း သိရှိရသည်။

အဆိုပါ စာစစ်ဌာန(၅)ခုအနက် အ.ထ.က(ကျောက်တန်း)နှင့် အ.ထ.က(နမ့်ခုတ်) စာစစ်ဌာနတို့သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် ခွင့်ပြုထားသည့် စာစစ်ဌာနများ ဖြစ်ကြောင်းသိရသည်။ စာစစ်ဌာနအသစ်တိုးလာခြင်းကြောင့် ကျောင်းသား/သူအနေနှင့်သော်လည်းကောင်း၊ မိဘအနေဖြင့်သော်လည်းကောင်း ကုန်ကျစရိတ်ပို၍ သက်သာလာကြောင်း၊ ယခင်နှစ်များတွင် အခြားကျောင်းသို့ သွားရောက်ဖြေဆိုရသည့်အတွက် ကျောင်းသား/သူများအတွက် လုံခြုံရေး၊ ကျန်းမာရေးနှင့် ကုန်ကျစရိတ်များအတွက် အခက်အခဲရှိကြောင်း၊ ယခင်နှစ်ထက် တက္ကသိုလ်ဝင်တန်းဖြေဆိုသူများပြားလာကြောင်း၊ ထို့အပြင်ရပ်ရွာတိုင်း ရွာတိုင်းတွင် မူလတန်းကျောင်းမှ အဆင့်ဆင့်စာသင်ကျောင်းများထားပေးသည်မှာ ကောင်းသောလုပ်ရပ်တစ်ခုဖြစ်ကြောင်း ဟိုပုံးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်းက ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး တို့မှ (၆.၃.၂၀၁၉) ရက်နေ့မှ (၁၅.၃.၂၀၁၉) ရက်နေ့အထိ အနီးကပ်ကြီးကြပ်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူး၊ အရန်မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတက်ဖွဲ့တို့မှ သတ်မှတ်သည့်နေ့ရက်အလိုက်(အပြင်စည်း)လုံခြုံရေးတာဝန် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။

နင်;ကောဝ်;အေင်,ခေး
Powered by Blogger.