Friday, March 18, 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်ကို လူမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှုအဖွဲ့(SPPRG)မှ လာရောက်တွေ့ဆုံ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၁၈) ရက်


၂၀၁၆ ခုနှစ်၊ မတ်လ(၁၇)ရက်၊ ကြာသပတေးနေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဒေသဦးစီးရုံးတွင် လူမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှုအဖွဲ့(SPPRG)မှ ပရောဂျက် ဒါရိုက်တာ Mr.Harmen Kool နှင့် ဇနီးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်ကို လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Mr.Harmenက အခုလို ဒေသဦးစီးဥက္ကဌနှင့် တွေ့ဆုံစကားပြောခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြှောက်မိပါကြောင်း၊ မိမိတို့အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဘော်ကုန်းကျေးရွာအုပ်စု၊ လီမောကျေးရွာအုပ်စုတွင် လူမှုရေးကူညီစောက်ရှောက်ရန်အတွက် ရံပုံငွေ ပံ့ပိုးခဲ့ပါကြောင်း၊ ထို့အပြင် ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသတွင် လူမှုရေးကူညီစောက်ရှောက်မှုအတွက် ရံပုံငွေ ပံ့ပိုးကူညီရန် (၅)ရွာ ရှိကြောင်း၊ မိမိတို့ လုပ်ငန်းအဆင်ပြေချောမွေ့အောင် တစ်ဖက်တစ်လှမ်းမှ ကူညီပေးပါသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားပါသည်။
ဒေသဦးစီး ဥက္ကဌဦးခွန်စံလွင်ကလည်း အခုလို မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးကူညီပေးသော SPPRGအဖွဲ့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ နောက်နှောင်တွင်လည်း ဆက်လက် ပံ့ပိုးကူညီပေးစေလိုကြောင်း၊ မိမိတို့ဒေသရှိ မိဘပြည်သူများသည် အများအားဖြင့် တောင်ယာများကိုသာ လုပ်ကိုင်စားသောက်နေရကြောင်း၊ ဤသည်မှာ မိမိတို့ဒေသ၌် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများ ထိခိုက်လာနိုင်သော အချက်ပင်ကြောင်း၊ ထို့ကြောင့် ထိုသူများအတွက် ဒေသနှင့်ကိုက်ညီသော စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးရန်လိုကြောင်း၊ မိမိအနေနှင့်လည်း ဒေသဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် အစိုးရနှင့် NGO၊ INGO အဖွဲ့များကိုသာ အားကိုးနေရပါကြောင်း ပြောကြားခဲ့ပြီး နှစ်ဦးနှစ်ဖက်က ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဆွေးနွေးသွားခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;



Powered by Blogger.