Tuesday, April 26, 2016

လေဘေးသင့် ရှေးဟောင်းမွေတော်ကက္ကူဘုရားနှင့် ပတ်ဝန်းကျင်ကျေးရွာများ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက် ရေးကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၇) ရက်




၂၂-၄-၂၀၁၆-ရက်နေ့ ည(၇း၀၀)မှ(၈း၀၀)နာရီ အချိန်တွင် လေဆင်နှာမောင်း လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရှေးဟောင်း မွေတော် ကက္ကူဘုရား အပါအ၀င် ပတ်ဝန်ကျင်ကျေးရွာ တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထီးတော်မြေခ ပျက်စီးသွားသော ဘုရားစေတီပုထိုးများနှင့် ပျက်ဆီးဆုံးရှုံးသွားသော ပတ်ဝန်းကျင်ကျေးရွာများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် အမြန်ဆုံးအကောင်အထည် ဖော်ဆောင်နိုင်ရန် ပြန်လည်တည်ဆောက်ရေး ကော်မတီကို ၂၅-၄-၂၀၁၆ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကက္ကူကျေးရွာအုပ်စု အောင်ဆုဟော်ဘုံ ဓမ္မာရုံတွင်  ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ အစည်းအဝေးပွဲကို ကြွရောက်လာကြသော ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဘဦး အောင်ခမ်းထီနှင့်တကွ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်အဖွဲ့ဝင်များ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်(PNO)ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ မွေတော်ကက္ကူဘုရား ဂေါပကလူကြီးမင်းများတို့သည် မင်းကွန်းကျောင်း ဆရာတော်ဘဒ္ဒန္တပညာသီရိ (ပြည်နယ်ဥက္ကဋ္ဌ)ထံ ငါးပါးသီလခံယူဆောက်တည်ပြီး ရှေးဟောင်းစေတီ ပုထိုးများ ရည်ရှည်တည်တန့်ခိုင်ခန့်စေရန် အလို့ငှါ မြို့ဦးကျောင်းဆရာတော် ဟမ်းဆီးကျောင်းဆရာတော် ပထမတောင်ကျောင်းကြီးဆရာတော် အေးစေတီဆရာတော်နှင့် မူလမင်းကွန်းကျောင်း ဆရာတော်ဘုရားကြီး တို့ထံတွင် သြ၀ါဒတရားတော်များခံယူကာ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထ ထံတွင်လည်း သြ၀ါဒစကားခံယူခဲ့ကြကြောင်း သိရှိရသည်။
၎င်းအစည်းအဝေးပွဲ အခမ်းအနားဆုံးဖြတ်ချက်အရ ဦးစွာပထမ ဆုတောင်းပြည့်အသောကစေတီတော်ကြီးကို ပြုပြင်သွားမည်ဖြစ်ပြီး၊ ထိုနောက် ဖောင်တော်ဆိုက် စေတီတော်မြတ်ကြီးနှင့် မြေခ ပျက်စီးသွားသော အရံစေတီတော်များအား ပြန်လည်ပြုပြင်တည်ဆောက်သွားမည် ဖြစ်သည်။ မြေခ ပျက်စီးသွားသော
 စေတီတော်များအား ပြန်လည်မွမ်းမံ ပြုပြင်တည်ဆောက်ဖို့ရန်အတွက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထီနှင့် ဆရာတော်ဦးမဟေသဓ နောင်လုံကျောင်းတို့က တာဝန်ယူ တည်ဆောက်ပေးသွားမည်ဖြစ်ပြီး အဘဦးအောင်ခမ်းထီ အနေဖြင့်လည်း အလှူတော်ငွေကျပ်သိန်းပေါင်း (၁၀၀) ထည့်ဝင်လှူဒါန်းပေးသွားခဲ့ကြောင်း သိရှိရပါသည်။
လေးပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် လေဘေးသင့် ရှေးဟောင်းမွေတော်ကက္ကူဘုရားနှင့် ပတ်ဝန်ကျင်ကျေးရွာများအတွင်းရှိ အပျက်အစီးများကို တပ်မတော်စစ်သည်အင်အား (၂၀၀)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အား(၈၀) ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပအိုဝ်းလူငယ်ကွန်ယက် (PYN)အပါအ၀င် လာရောက်ရှင်းလင်း ဝေယျာဝစ္စကာယကုသိုလ် လုပ်အားပေး လာရောက်ကူညီပေးခဲ့ပြီး၊ မြေခပျက်စီးသော စေတီတော်ပုထိုးတော်များ ပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ကြည်း၊ ရေ၊ လေ-မိသားစုတို့က အလှူငွေကျပ်သိန်း(၅၀၀) ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အလှူငွေကျပ်သိန်း(၁၀၀) ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးအဘဦးအောင်ခမ်းထီက အလှူငွေကျပ်သိန်း(၁၀၀)၊  မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့တောင်ကြီးမှ လေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း(၄၀)တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
ယင်းကော်မတီဖွဲ့စည်းခြင်း အခမ်းအနားတွင် ဘဒ္ဒန္တပညာသီရိ(ပြည်နယ်ဥက္ကဋ္ဌ)မင်းကွန်းကျောင်း ဆရာတော် ဦးဆောင်သော သြ၀ါဒါစရိယဆရာတော်(၁၈)ပါး၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး
အဘဦးအောင်ခမ်းထီ ဦးဆောင်သော နာယကပုဂ္ဂိုလ်(၆)ဦး၊ ဦးခွန်မြင့်အောင် ဦးဆောင်သော လုပ်ငန်းဦးစီးကော်မတီ (၄၆)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြပြီး၊ ပထမဦးစားပေး ဒုတိယဦးစားပေး လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များကို အကျယ်တ၀င့်ဆွေးနွေး ညှိနိုင်းခဲ့ကြပါသည်။
လေဘေးသင့် ရှေးဟောင်းမွေတော်ကက္ကူဘုရားနှင့် ပတ်ဝန်းကျင်ကျေးရွာများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကုန်ကျစရိပ်များနှင့် ပျက်စီးဆုံးရှုံးသွားသော ကာလတန်ဖိုးများကို ဆပ်ကော်မတီဖွဲ့စည်းတဲ့ အချိန်မှသာ ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ပြီး မြေခပျက်စီးသွားသော စေတီတော်များအား မည်သူမဆိုလာရောက်ပါဝင် လှူဒါန်းနိုင်ပါရန်အတွက် ရှေးဟောင်း မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့ထံတွင်လည်းကောင်း ဘုရားဝင်းတောင်ဘက်ရှိ ကျောင်းတော်ကြီးအတွင်းသို့လည်းကောင်း သြ၀ါဒါစရိယ ဆရာတော်ဘုရားအထံသို့လည်း လာရောက်လှူဒါန်းနိုင်ပါကြောင်း သိရှိရပါသည်။
 
ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.