Saturday, April 23, 2016

မွေတော်ကက္ကူဘုရားနှင့် ကျေးရွာအချို့ လေပြင်းတိုက်ခတ်၍ ပျက်စီးဆုံးရှုံးမှု များပြား

တောင်ကြီး ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၄) ရက်




မွေတော်ကက္ကူဘုရား လေပြင်းတိုက်ခတ်၍ စေတီတော်ပုထိုးများ အဆူပေါင်း ၁၇၀၀ခန့် ပျက်စီးသွားကြောင်း သိရှိရပါသည်။
၎င်းလေသည် အနောက်မြောက်အရပ်မှ တိုက်ခတ်လာပြီး ဧပြီလ (၂၂) ရက်ည (၈)နာရီခန့်တွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း မွေတော်ကက္ကူဘုရား ဂေါပက တာဝန်ရှိ သူတစ်ဦးက ပြောကြားသွားပါသည်။




စေတီပုထိုးအဆူပေါင်း ၁၇၀၀ ခန့် ပျက်စီးသည့်အပြင် ဘုရားဝင်းတွင်ရှိသည့် ဆောင်တန်းလေးသွယ်-ရဟန္တာသိမ်တော် အမိုး၊ မီးလှိုင်းထရန်စဖာ အပါအ၀င်၊ ဆုတောင်းပြည့် အသောကစေတီ၊ ကြာမောက်ကြာလှံပျက်ကျ၊ ဖောင်တော်ဆိုက်စေတီ၊ ပန်းလည်တိုင် မျက်နှာ စိန်ဖူးတော်ပျက်ကျ၊ ထီးတော်အချို့မြေခပျက်စီး၊ အရံစေတီများ ၁၇၀၀ ဆူခန့် ခေါင်းလောင်းတော် အောက်ခေါင်းယစ်မှအထက်ပျက်ကျ၊ ဘုရားဝင်း အတွင်း ဗောဓိ ညောင်ပင်များ၊ နားနေပင်များပျက်ကျပျက်စီး၊ လိုင်ကွန်း စားသောက် ဆိုင်ပြိုကျ၊ ဟင်္သာငှက်နားနေဆောင်စသည့် အဆောက်အဦးများလည်း ပျက်စီး သွားကြောင်း၊ ရှေးဟောင်းစေတီတော်ပုထိုးတွင် သုံးချိုး-နှစ်ချိုးနီးနီး ပျက်စီးပြိုကျသွားကြောင်း သိရှိရသည်။ ယခင်နှစ်များတွင်လည်း လေပြင်းမုန်တိုင်းတိုက်ခတ်၍ ရှေးဟောင်းမွေတော်ကက္ကူဘုရား
စေတီတော်ပုထိုးများ ပြိုကျပျက်စီးမှု ရှိခဲ့လေသည်။




ထို့ကြောင့် ဧပြီလ (၂၃)ရက် နံနက်ပိုင်းအချိန်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းနှင့် တပ်မတော်သားများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌဦးခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN)ဥက္ကဌခွန်အောင်ကျော်နှင့် အဖွဲ့သားများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိဂေါပကများနှင့် ဒေသခံမိဘပြည်သူများအား လိုအပ်တာများကို တိုင်ပင်ဆွေးနွေး မှာကြားခဲ့ပါသည်။
ထို့အပြင် ကက္ကူမောက်စံရွာတွင် အိမ်ခြေပေါင်း (၅၅)အိမ်မှ (၄၂)အိမ် ပြိုကျပျက်စီးပြီး ရွာသားသည် လေတိုက်၍ ထွက်ပြေးရာမှ နှစ်ဦးဒဏ်ရာရခဲ့သည်။ ကက္ကူအနောက်ရွာတွင် အိမ်ခြေပေါင်း(၅၅)အိမ်မှ (၃၅)အိမ်ခန့် ပြိုကျပျက်စီး၊ ၎င်းပတ်ဝန်းကျင်တွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၊ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် တချို့ကျေးရွာများ အိမ်များပြိုကျ ပျက်စီးဆုံးရှုံးမှုရှိပြီး၊ ကက္ကူကျေးရွာအုပ်စု ထီထတ်တောင်ရွာတွင် အိမ်ခြေ(၄၅)အိမ်ရှိရာ (၁၆)အိမ် ခေါင်မိုးပြိုကျပျက်စီးရာမှ  လူထိခိုက်ဒဏ်ရာရရှိမှုမရှိ  ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းချေ(၁၈)သိန်း ခန့်ရှိပြီး၊ မြောက်ရွာတွင် အိမ်ခြေပေါင်း(၅၂)အိမ်ရှိရာ (၁၂)အိမ် ခေါင်မိုးလန်၊ ပျက်စီးဆုံးရှုံးမှုခန့်မှန်းခြေ (၃)သိန်းခန့်ရှိပြီး ကျွဲမတစ်ကောင် သေဆုံးသွားကြောင်း သိရှိရသည်။







ထိုနည်းတူစွာ ကျောက်တလုံးကြီးမြို့နယ်၊ နောင်ပစ်ကျေးရွာအုပ်စု၊ ဖြူငယ်ကျေးရွာတွင်လည်း အိမ်ခြေပေါင်း(၁၁) အိမ်ရှိရာမှ (၉)အိမ် ခေါင်မိုးပွင့်ပြီး၊ ဖြူငယ်ရှေးဟောင်းဘုန်းကြီးကျောင်း ခေါင်မိုးလန်ပျက်စီး၊ ထီဖောင်းရန်အောင်ကျေးရွာ အိမ်ခြေပေါင်း(၁၁၇)အိမ်ရှိရာမှ လေပြင်း တိုက်ခတ်၍ (၁၅)ခန့် ပြိုကျခေါင်မိုးပွင့်၊ တရွာလုံးတွင် လူထိခိုက် ဒဏ်ရာရရှိမှုမရှိ ပျက်စီးဆုံးရှုံးမှုတွင် ခန့်မှန်းချေတန်ဖိုး သိန်း(၈၀)ခန့် ရှိကြောင်း၊ သိရှိရပါသည်။
လေပြင်း တိုက်ခတ်မှုကြောင့် ကက္ကူကျေးရွာအုပ်စုတွင် ကက္ကူကျေးရွာ၊ ပင်စုံ၊ ကျောင်းထို၊ ထီထပ်၊ လေသောဝ်၊ လိုင်ကွန်း၊ တနွိုင်ထော့ ကျေးရွာခုနှစ်ရွာပျက်စီးဆုံးရှုံးခဲ့ပြီး၊ နားဟီးကျေးရွာအုပ်စုတွင် နားရီ၊ ၀ါးလ၊ ထီနွို့၊ ဟံးဆီး၊ နောင်သိမ်၊ နောင်ပစ်ကျေးရွာအုပ်စုတွင် ထီဖောင်း၊ ထီတခေါ့၊ ဖြူငယ် စသည့်ကျေးရွာများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်ခမ်းမိုးဦ


Powered by Blogger.