Tuesday, June 28, 2016

တာဝန်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၈) ရက်


၂၀၁၅-အထွေထွေရွေးကောက်ပွဲကြီးပြီးဆုံးပြီး လအနည်းငယ်မျှကူးပြောင်းသည့် ကာလတစ်ခုကို ရောက်လာသည်နှင့် သက်ဆိုင်ရာဒေသ၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ ပြည်ထောင်စုအဆင့်ထိ ရွေးကောက်ပွဲတွင် အောင်မြင်ခြင်းသရဖူကိုရယူရင်း သက်ဆိုင်ရာတာဝန်ထမ်းဆောင်သူများမှ တာဝန်ကိုယ်ဆီဖြင့် ခရီးနှင်နေကြသည်။ သက်ဆိုင်ရာမိမိဒေသ၊ မိမိလူမျိုးများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး၊ သက်ဆိုင်ရာ မိမိကိုထောက်ခံအားပေးခဲ့ကြသော ပြည်သူများစားဝတ်နေရေး အဆင်ပြေမှုရှိစေရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းစေရေးတို့အတွက် တာဝန်ထမ်းဆောင်ပေးနိုင်ရန် အဆင်သင့်အနေအထားရှိနေမည်ဟု ကျွန်ုပ်ယုံကြည်မိသည်။
ထို့အတူ မိမိတို့ပအိုဝ်းတစ်မျိုးသားလုံးကိုယ်စား လွှတ်တော်အမတ်မင်းများမှလည်း မိမိတို့လူမျိုး၊ မိမိတို့နှင့်အတူတကွနေထိုင်ကြသော အခြားသောညီနောင်တိုင်းရင်းသားလူမျိုးများ အတွက် ပြည်သူများမှရွေးကောင်တင်မြှောက်သူပီပီ တတ်အားသမျှ စွမ်းဆောင်ပေးလိမ့်မည်ဟု ယုံကြည်ပါရစေ။ ထို့သို့သော မိမိတို့ပအိုဝ်းလူမျိုးများအတွက် ဖွံ့ဖြိုးတိုးတက်သောရပ်ရွာ၊ ဒေသ၊ မြို့နယ်များအဖြစ် စွမ်းဆောင်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ရွာ၊ ဒေသ၊ မြို့နယ်များမှ ပြည်သူ များအားလုံးပါဝင်မှသာ အဆင်ပြေမည်ဟုထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သူတစ်ဦး တစ်ယောက်မှ ပြီးပြည့်စုံသည်ဟု ရှိမည်မထင်သောကြောင့်ပင်ဖြစ်သည်။ ထို့အတူ လက်ရှိမိမိတို့ ပအိုဝ်းပြည်သူများမှ ရွေးချယ်တင်မြှောက်လိုက်သော လွှတ်တော်အမတ်များသည်လည်း ရပ်ရွာ တိုင်း၊ ဒေသတိုင်း၊ မြို့နယ်တိုင်းလိုအပ်ချက်များကို ပြီးပြည့်စုံလင်စွာသိရှိနိုင်ရန် ခက်ခဲလှပေသည်။ ထို့ကြောင့် ပြည်သူများမှလည်း သက်ဆိုင်ရာလွှတ်တော်အမတ်များကို မိမိတို့ရွေးချယ်တင်မြှောက် လိုက်ရုံဖြင့် မိမိတို့တာဝန်ပြီးဆုံးပြီဟု မထင်စေချင်ပါ။ လက်ရှိမိမိတို့ပအိုဝ်းလူမျိုးများ နေထိုင်ရာ ဒေသများအတွက် လိုအပ်ချက်ပေါင်းမြောက်များစွာရှိမည်မှာ အမှန်ပင်ဖြစ်သည်။ လိုအပ်ချက်များ ရှိသော်လည်း သက်ဆိုင်ရာသို့ တင်ပြဆွေးနွေးမှုများမှာ အားနည်းနေသေးသည်ဟု ယူဆမိပါသည်။ ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူသည်သာ တိုင်းပြည်၏ ဖန်းတီးရှင်ပင်ဖြစ်သည်။ ပြည်သူများမှ ရွေးချယ်တင်မြှောက်လိုက်သော အမတ်မင်းများသည် ပြည်သူများ၏ ကိုယ်စားပင်ဖြစ်သည်။ ပြည်သူများလိုအပ်ချက်၊ တောင်းဆိုချက်များကို သက်ဆိုင်ရာအဆင့်ဆင့်သို့တင်ပြဆွေးနွေးပြီး ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးရမည် ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ရွေးချယ်တင်မြှောက်လိုက်သည့် ပုဂ္ဂိုလ်များသည် မိမိတို့အတွက်သာဖြစ်သည်နှင့်အညီ မိမိတို့လိုအပ်ချက်များကိုသိရှိနိုင်ရန် သတင်းပေးပို့ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်ရန်မှာ မိမိတို့တာဝန်ပင်ဖြစ်သည်။ သို့မှသာ မိမိတို့ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း မိမိတို့ရွေးချယ်တင်မြှောက်လိုက်သည့် ပုဂ္ဂိုလ်သည် မိမိတို့အရပ်ဒေသ၊ မိမိတို့အကျိုးစီးပွားများအပေါ် စွမ်းဆောင်နိုင်ခြင်းရှိ/မရှိ သိရှိမည်ဖြစ်သည်သာမက လာမည့်နှစ်များအတွက် မှားယွင်းသောရွေးချယ်တင်မြှောက်မှုများ မဖြစ်ရလေအောင် စဉ်းစားချင့်ချိန်နိုင်မည်ဖြစ်ပေသည်။
ထို့ကြောင့် မိမိတို့ပအိုဝ်းလူမျိုးအရပ်ဒေသများမှ ရွေးချယ်တင်မြှောက်လိုက်သည့် ပုဂ္ဂိုလ်များကို မိမိတို့ အရပ်ဒေသဖွံ့ဖြိုးတိုးတက်စေရန်အကျိုး မျှော်ကိုးရင်း အားလုံးသောမဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာအကြီးအကဲများမှ ကူညီဖြည့်ဆည်းပေးနိုင်ရန် ၀ိုင်းဝန်း ညှိနှိုင်းဆွေးနွေးပြီး တင်ပြတောင်းခံကြပါရန် တိုက်တွန်းရင်း ထင်မြင်ယူဆမိသည်များကို တင်ပြလိုက်ရပါသည်။

ခွန်အောင်နိုင်(ခဲုင်း)


Powered by Blogger.