Monday, June 13, 2016

စိတ်ကောင်းထားရှိရေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၃) ရက်


လူများသည် စတင်မွေးဖွားလာသည်နှင့် ပခုံးနှစ်ဖက်ကြားက ဦးခေါင်းပါလာခြင်း တူညီကြသော်လည်း စိတ်နေစိတ်သဘောထားများ မတူညီကြပေ။ စိတ်ထားကောင်းရှိသူ၊ စိတ်ထားကောင်းမရှိသူ ဟူ၍ ကွဲပြားနေကြသည်။ စိတ်ထားကောင်းရှိရေးသည် သီလဆောက်တည်ခြင်းဖြစ်ပါ၏ သီလခံယူထားသောနေ့တွင် မကောင်းမှုများမပြုခြင်း၊ မဟုတ်မမှန်မှုများ မပြောခြင်း၊ စိတ်တွင်း၌ပင် မကောင်းမှုများ မကြံစည်ခြင်း များကို ဆောက်တည်ထားရမည်ဖြစ်သည်။
တချို့သောပုဂ္ဂိုလ်သည် ပါးစပ်ကသာ မကောင်းမှုမလုပ်၊ ကောင်းမှုသာလုပ်ရန်ပြောသော်လည်း နေ့စဉ် ဘုရားရှိခိုး၍ မေတ္တာပို့သော်လည်း လက်တွေ့ဘ၀တွင် မိမိပတ်ဝန်းကျင်အပေါ်၊ မိမိနှင့်လုပ်ဖော် ကိုင်ဖက်များအပေါ်၊ မိမိ၏ လက်အောက်ငယ်သားများအပေါ် လက်တွေ့မကျင့်ကြံမှုသည် ပို၍ဆိုးပါသည်။ ထိုသို့ပြုလုပ်ရာတွင် ဟန်ဆောင်မှုနှင့် လိမ်ညာကောက်ကျစ်မှုဖြစ်ပြီး လူ့ဘ၀တစ်ခုတွင်  ``စိတ်ထားကောင်းလိုပါက ထားလိုက်ပါ။ ထား၍ုမရလျှင်လည်း ပြောင်မိုက်ပါ´´။ အရှေ့ အနောက် တောင်၊ မြောက်အရပ်၊ အထက်အရပ်၊ အောက်အရပ် အရပ်ဆယ်မျက်နှာမှ ရှိရှိသမျှသတ္တ၀ါတို့အား နေ့စဉ် မေတ္တာပို့ပြီး လက်တွေ့ မကျင့်ကြံသူသည် ပို၍ကြောက်စရာကောင်းလှပါသည်။ ပြောင်မိုက်သော လူလိမ်၊ လူညာ အရက်သမားမိုက်ခြင်းသည် ထင်သာမြင်သာရှိပါသည်။ မေတ္တာစကားဆို၍ ထိုစကားကို လက်တွေ့မကျင့်သုံးသောသူကား လူ့ဘ၀နှင့် လုံးလုံး မထိုက်တန်သူဖြစ်၍ ထိုသူကိုယ်တိုင်လည်း ဘ၀တွင် ဥစ္စာစည်းစိမ်ချမ်းသာရပါသော်လည်း စိတ်အမြဲဆင်းရဲရသည်။ ထိုဘ၀ကို ရှင်သန်မှုမရှိသော ဘ၀ဟု ခေါ်ပါသည်။
စိတ်ကောင်းရှိဖို့ရန် အဓိကအချက်သည် အများအကျိုးနှင့် မိမိအကျိုးကို မျှတအောင် ဆောင်ရွက် ရေးဖြစ်သည်။ အများအကျိုးကို ဆောင်ရွက်ပေးလိုမှု မရှိသူသည် မည်သည့်အခါမှ စိတ်ကောင်းရှိသော သူတစ်ဦး မဖြစ်နိုင်ပါ။ လူများနှင့် စုပေါင်းနေထိုင်သော ဤကမ္ဘာတွင် အခြားသူတစ်ပါး၏အကျိုးကို ဆောင်ရွက်မှုပေးသည့် လူ့လောက တစ်ခုလုံးကို ဆောင်ရွက်ပေးခြင်း၊ ကမ္ဘာ့အကျိုး၊ လူသားအားလုံး၏ အကျိုး၊ မိမိနိုင်ငံ၏အကျိုးကို ဆောင်ရွက်ပေးမှု များကို ပြုလုပ်သင့်ပါသည်။
အများအကျိုး ဆောင်ရွက်ပေးမှုသည် ဤမျှကြီးကျယ်သော အလုပ်ဖြစ်ပေရာ အများအကျိုးဆောင်ရွက်သူတိုင်း မိမိဘက်မှ ဆုံးရှုံးစွန့်လွတ်ရမှုများကို ရှိတတ်စမြဲဖြစ်သည်။ ထို့ကြောင့်လည်း အများအကျိုးဆောင်မှုဆိုသည့် ကိစ္စသည် လက်တွေ့ဘ၀တွင် သိပ်လွယ်ကူလှသော အလုပ် မဟုတ်ပါ။ သို့သော် မည်သည့် မြင့်မြတ်သောကိစ္စတွင်မဆို ကိုယ်ကျိုးစွန့်အနစ်နာခံရမှုသည် ရှိစမြဲ၊ တွဲကပ်ပူးတွဲ၍ ပါလာရစမြဲ ဖြစ်ပါသည်။
မြတ်စွာဘုရားသည် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း စွန့်လွတ်မှု အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှု၊ စွန့်ကြဲ ပေးကမ်းမှုများကို ပြုလုပ်ခဲ့ပါသည်။ ယေရှုခရစ်တော်သည်လည်း စွန့်လွတ်မှုကို ဆောင်ရွက်တော်မှုခဲ့သည့် မြင့်မြတ်သူ အရှင်သခင်တစ်ပါးဖြစ်ပါသည်။
အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ အမေရိကန်သမ္မတကြီး လင်ကွန်း၊ အန္ဒိယအမျိုး သားခေါင်းဆောင်ကြီး နေရူး၊ ကမ္ဘာ့ပစ္စည်းမဲ့ပြည်သူတို့၏ ခေါင်းဆောင်ကြီး လီနင်၊ ဟိုချီမင်း၊ ချီကွေဗားရား၊ ဒေါက်တာနော်ဗက်သွန်၊ မာသာထရီဇာ စသည်ဖြင့် ဒီလောကမှာ အများကောင်းကျိုးအတွက် စွန့်လွှတ် စွန့်စားခဲ့သူတွေများ များစွာရှိပါသည်။ ထိုသူများသည် စွန့်စားအနစ်နာခံ ကိုယ်ကျိုးစွန့်မှုကြောင့် အခြားသူ များက ကျေးဇူးတရားများကို ခံးစားကြရသည်။
အမှန်စင်စစ် အများအကျိုးဆောင်မှုသည် လူသားဆန်ခြင်းဖြစ်သည်။ အတ္တချည်းသမား၊ ငါဖို့ ချည်းသမားတို့သည် လူမဆန်သူများ၊ လူဖျင်းလူညံ့များ ဖြစ်ကြသည်။ အများအကျိုးဆောင်ခြင်းသည် ကြွေးဟောင်း ပြန်ဆပ်ခြင်းမဟုတ်ဘဲ အများအကျိုးဆောင်ခြင်းဟာ လူသားဆန်ခြင်းဖြစ်သည်။
လူဘ၀တွင် လူဖြစ်လာသောပုဂ္ဂိုလ်များသည် ဘုရားသခင် စေလွှတ်လိုက်၍ ရောက်လာသူများ ပင်ဖြစ်စေ၊ အတိတ်ကအကြောင်းတရားကြောင့် ရောက်လာသူများပင်ဖြစ်စေ၊ ဗြဟ္မာကြီး လေးပါးကဆင်းလာသူများပင်ဖြစ်စေ၊ လူဖြစ်လာသူများသည် အများအကျိုးဆောင်ရွက်ရန်အတွက် ရောက်ရှိလာခြင်းသာ ဖြစ်သင့်သည်ဟု ကိုးရီးယားစာရေးဆရာကြီး ပတ်ဂျန်ကီကဆိုပါသည်။
လူ့သမိုင်းတွင် အခြားသူများအကျိုးကို ဆောင်ရွက်ရင်း အသက်ပေးသွားသူ၊ ဘ၀ပေးသွားသူ၊ ကိုယ်ကျိုးစွန့်သွားသူအများအပြားရှိပါသည်။ ထိုသူတို့၏ကျေးဇူးကို မိမိတို့ မည်ကဲသို့ဆပ်မည်နည်း။ သိဒ္ဓတ္ထမင်းသားသည် ထီးနန်းစည်းစိမ်၊ စကြာဝတေးမင်းစည်းစိမ်၊ ဆွေမျိုးဥာတိ၊ ဇနီးသားမယား အားလုံးကို စွန့်၍ ကိုယ်ကျိုးစွန့်ကာ လူသားအများစုအတွက် အများသူငါ လက်ခံလာအောင် လှည့်လည် တရားဟောကြားရင်း မိမိဘ၀ကို ကုန်ဆုံးစေခဲ့ပါသည်။ ဗုဒ္ဓ၏တရားမြတ်ကို နာယူကာ နိဗ္ဗာန်ရောက်ကြောင်း တရားကျင့်ကြံသည်။ ထိုသို့ဆိုလျှင် ဗုဒ္ဓမြတ်စွာအား အဘယ်သို့ ကျေးဇူးဆပ် မည်နည်း။ ဗုဒ္ဓ၏ကြီးမြတ်သော ကျေးဇူးတရားကို ဆပ်လိုပါက ဗုဒ္ဓနည်းတူ အများအကျိုးကို ဆောင်ရွက်ခြင်းနည်းလမ်းမှတစ်ပါး အခြားမည်သည့် နည်းလမ်းနှင့်မျှ ဗုဒ္ဓ၏ ကျေးဇူးတရားကို ကျေအောင်ဆပ်ခြင်းဌါ မစွမ်းသာဟူ၍ပင် ဆိုရမည်ဖြစ်သည်။
လောကတွင် သေချာပေါက် ပြောဆို၍ရသော ကိစ္စတစ်ခုရှိပါသည်။ ထိုကိစ္စမှာ မည်သည့်ပုဂ္ဂိုလ်မဆို အခြားသူ များအတွက် ကောင်းမှုတစ်ခုခုကို ဆောင်ရွက်ပေးပါက မယုံကြည်နိုငလောက်အောင် လှိုက်လှဲကြည်နူးမှုကို ခံစားရသည်ဟူသော အချက်သည် သေချာပေါက်ပြောဆိုနိုင်သော အချက်တစ်ချက်ဖြစ်ပါသည်။
လူတစ်ယောက်သည် မြောင်းထဲက ကြွက်စုတ်တစ်ကောင် ဖြစ်မလား၊ မြင့်မားသည့် ဝေဟင်မှာ သိန်းဌက်ကြီးတစ်ကောင်ဖြစ်မလား ဆိုသည့် အချက်သည် `` အများအတွက် သူဘယ်လောက်လုပ်သလဲ၊ ကိုယ်ကျိုးအတွက် ဘယ်လောက်လုပ်သလဲ´´ ဆိုသည့် လုပ်ရပ်အပေါ်တွင်သာ ကြည့်၍ ဆုံးဖြတ်ရမည် ဖြစ်သည်။ အများအတွက် လုပ်ဆောင်သူများသည် လောကကြီးကို အထက်က ကြီးစိုးထားနိုင်သည့် သိန်းဌက်ကြီး များဖြစ်ပြီး အတ္တသမားများ၊ ကိုယ်ကျိုးသမားများသည် မြောင်းထဲမှ ကြွက်စုတ်များသာ ဖြစ်ကုန်ကြသည်။ ဤသည်မှာ ဤလောကတွင် ဖြစ်ပျက်လျက်ရှိသည့် နိယာမတရား အမှန်တရားပင်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်ပ်တို့သည် ဘ၀သံသရာခရီးကို သွားသည့် ခရီးသွားဧည့်သည်များဖြစ်ပါသည်။ လူ့လောကတွင် လာရောက်တွေ့ဆုံပြီး ကွဲကွာသွားရခြင်းသည် ဖြစ်မြဲအစဉ်အလာတစ်ခုဖြစ်သည်။  ပန်းကလေးကဲ့သို့ မကြွေသေးခင်၊ နေကလေးကဲ့သို့ တောင်စွယ်မှာမရောက်ခင် ဗြမ္မာစိုရ်တရားကို လက်ကိုင်ထားပြီး လောကကြီးကို သာယာလှပအောင်  လောကအကျိုး ၊ အများအကျိုးကို ဆောင်ရွက်နိုင်ပြီး စိတ်ကောင်းစေတနာဖြင့် လောကကြီး၏အလှတရားကို  အတူတကွဖန်းဆင်းကြပါစို့´´ ဟု တိုက်တွန်းရင်း……………

ချစ်အေး(၆မဲင်)

ချစ်စံဝင်း ဘ၀၏အလှတရားကို ရှာဖွေခြင်းစာအုပ်မှ ကောက်နုတ်ထားပါသည်။
Powered by Blogger.