Friday, June 10, 2016

ရွေးချယ်ပေးမှုနှင့်ကြိုးစားပေးမှု

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်







ကမ္ဘာကြီးတည်ရှိလာမှု ကမ္ဘာဦးအစ အတိတ်ကာလမှသည် ယခုပစ္စုပ္ပန်ကာလနှင့် လာမည့်အနာဂတ် ကာလများအထိ သက်ရှိသတ္တ၀ါလောကသည် လူသားသတ္တ၀ါထက် အသိဥာဏ်ပညာ ပိုမိုပြီးပြည့်စုံသည့် အခြားသော သက်ရှိ သတ္တ၀ါများ မရှိနိုင် ဆိုသည်ကို စာရှုသူအပေါင်းတို့ လက်ခံနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လူသားတို့သည် အခြားသောသတ္တ၀ါများထက် ခံစားတတ်သော နှလုံးသားနှင့် တွေးခေါ်တတ်သော ဦးနှောက်တို့ ပိုင်ဆိုင်ထား ခြင်းကြောင့် အခြားသက်ရှိသတ္တ၀ါများကို အသုံးပြုခြင်း၊ ခိုင်းစေခြင်း ပြုနိုင်သည်။ လူသားအချင်းချင်းသည်ပင်လျှင် ခံစားတတ်သော နှလုံးသားနှင့် တွေးခေါ်တတ်သော ဦးနှောက်တို့ ဖွံ့ဖြိုးမှုချင်း မတူပြန်ချေ။ အချို့လူများသည် ခံစားတတ်သော ဖြူစင်ရိုးသားသည့် နှလုံးသားအလှကြောင့် လူသားအားလုံး၏ မေတ္တာတရားကို အခြားသူများထက် ပိုမိုရရှိ ကြသည်။ တွေးတောတတ်သော ဦးနှောက်ကြောင့် အခြားသူများ၏ အားကိုးအားထားမှုကို ပိုမိုရရှိကြပါသည်။ တွေးခေါ်မြော်မြင်နိုင်သည့်သူသာလျှင် အရာရာကို ရှေ့မှဦးဆောင်ပြီး အခြားသူများကို မောင်းနှင်အသုံးပြုနိုင်သည်။ ပြောင်းလဲစေနိုင်သည်။ ခံစားတတ်သည့်နှလုံးသားရှိသော်လည်း တွေးခေါ်မြော်မြင်တတ်သည့် ဦးနှောက် မရှိပါလျှင် အခြားသူများ၏ အားကိုးမှုကို မရနိုင်၊ တွေးတောတတ်သည့် ဦးနှောက်ရှိသော်လည်း ခံစားတတ်သည့် နှလုံးသားအလှ မရှိလျှင်လည်း အခြားသူများမှ ရေရှည်ခိုလှုံလိမ့်မည် မဟုတ်ပြန်ချေ။ ခံစားတတ်သည့် နှလုံးသားနှင့် တွေးခေါ်တတ်သည့် ဦးနှောက်တို့ ပိုင်ဆိုင်ထားမှသာ လူ့ဝန်းကျင်ကို ပိုမိုအကျိုးပြုစေနိုင်လိမ့်မည်။
လူ့လောကတွင် ပတ်ဝန်းကျင်နဲ့ ကျင်လည်ပေါင်းသင်းဆက်ဆံနေရသည့် လူ့ဝန်းကျင်ကြီး တစ်ခုရှိပါသည်။ ပတ်ဝန်းကျင်ဟု ဆိုရာတွင် အုပ်စုကိုယ်စီ၊ အသိုင်းအ၀န်းကိုယ်စီရှိကြပါသည်။ ဦးဆောင်သူလည်းရှိကြမည်။ ဦးဆောင်သူခေါင်းဆောင်၏ နောက်လိုက်အဖွဲ့သားများလည်း ရှိကြသည်။ လူ့ဝန်းကျင် လူ့အုပ်စုအလယ်တွင် မိမိသည် ဦးဆောင်သူအခန်းကဏ္ဍတွင် ပါဝင်မည်လော၊ နောက်လိုက်အဖွဲ့သား၏ အခန်းကဏ္ဍတွင် ပါဝင်မည်လော ဆိုသည်ကို မိမိခံယူချက်ပေါ်တွင် မူတည်နေသကဲ့သို့ အများ၏ဆန္ဒသဘောထား အပေါ်တွင်လည်း မူတည်နေသည်ကို တွေ့မြင်နိုင်သည်။ မိမိ၏ခံယူချက်က မိမိသည် ဦးဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်ရမည်ဟု မှန်ကန်ခိုင်မာစွာဆုံးဖြတ်ပြီး ခေါင်းဆောင်မှုအရည်အချင်းများလည်း ပြည့်စုံနေလျှင် ဦးဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်လာပါလိမ့်မည်။ မိမိခံယူချက်ကြောင့် မဟုတ်သော်ငြားလည်း အများသူငါ အများ၏ဆန္ဒတွန်းအားကြောင့် ဦးဆောင်သူအခန်းကဏ္ဍတွင် လျှောက်လမ်းရသည်ကို တွေ့မြင်နေရပါသည်။ ဤသည်များဖြစ်ပွားရသည်မှာ အမျိုးသားရေး၊ အများ၏ အကျိုးစီးပွားအတွက် မငြင်းသာ မရှောင်လွှဲနိုင်သောကြောင့် ခေါင်းဆောင် ဖြစ်သွားရလေသည်။ ဥပမာအားဖြင့် ပြဆိုရမည်ဆိုလျှင် လောကီရေးရာကိစ္စရပ်များကိုသာ လုပ်ဆောင်သည့် ပုဂ္ဂိုလ်ဖြစ်သော ဖြားတန်အောင်ခမ်းထီလိုပုဂ္ဂိုလ်မျိုး ဖြစ်သည်။ သူသည် ပအိုဝ်းလူထုများနှင့် ပအိုဝ်းကံကြမ္မာ၏ တောင်းဆိုမှုအရ မငြင်းသာနိုင်တော့ပဲ သင်္ကန်းဝတ်ဘ၀မှ အရပ်ဝတ်ဘ၀၊ စစ်ဝတ်ဘ၀သို့ ရောက်ရှိပြီး အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရင်း ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးဖြစ်လာပါသည်။
“ ခေါင်းဆောင်သည် မိမိကိုယ်ကိုမိမိ တင်မြှောက်၍မရ အများပြည်သူမှ တင်မြှောက်မှသာလျှင် အများ၏ခေါင်းဆောင်ဟု သတ်မှတ်ဆိုထားကြသည်။ ” ယခုကမ္ဘာတစ်လွှားတွင် ကျင့်သုံးနေသည့် ဒီမိုကရေစီစနစ်နှင့် နီးစပ်နေပါသည်။ ယခင်စစ်အစိုးရလက်ထက်တွင် တိုင်းပြည်ကို အများဆန္ဒအရ မဟုတ်ပဲ ကိုယ်တစ်ဖန် သူတစ်လှည့် အဆင့်ဆင့်လက်ဆင့်ကမ်းပြီး ဦးဆောင်မင်းလုပ် အုပ်ချုပ်လာခဲ့ကြသည်။ မည်သို့ပင် သမိုင်းတွင် ရှိခဲ့စေကာမူ ယနေ့တွင် ဒီမိုကရေစီစနစ်နှင့်အညီ တိုင်းပြည်ရေးရာ ပြည့်သူ့ရေးရာများကို ဆောင်ရွက်နိုင်ရန် ခေါင်းဆောင်များကို ပြည်သူလူထုမှ ရွေးချယ်တင်မြောက်သည့် ယဉ်ကျေးမှုတစ်ခုကို ကျင့်သုံးလာပြီဖြစ်သည်။ ဒီမိုကရေစီတွင် အခွင့်အရေးတန်းတူရှိပြီး ကိုယ်က ရှေ့ဆောင်မည့်နေရာတွင် ၀င်ရောက်မည်လော သို့မဟုတ် ကိုယ်က အကြောင်းအမျိုးမျိုးကြောင့် ရှေ့ဆောင်မည့်နေရာကို မ၀င်ရောက်နိုင်လျှင် မိမိ၏ကိုယ်စား အခြားသူများကို တင်မြောက်ပေးပိုင်ခွင့်နှင့် ကိုယ်လည်းမ၀င် အခြားသူများကိုလည်း အားပေးအားမြောက်မပြု၊ မတင်မြှောက်သည့် အခွင့်အရေးလည်း ကိုယ်စီရှိကြပြီဖြစ်သည်။ မိမိ၏ ဆင်ခြင်တုံတရားအပေါ်မူတည်ပြီး ကိုယ်အခြေချခဲ့သည့် တိုင်းပြည်အပေါ်တွင် ၀တ္တရားကျေဖို့ရန် လိုအပ်သည်ဟု စာရေးသူအနေဖြင့် ယူဆပါသည်။ ဤသို့အားဖြင့် ကိုယ်မှ ရှေ့ဆောင်နေရာ ၀င်ရောက်မည်လော သို့မဟုတ် အခြားသူများကို တင်မြှောက်ပေးမည်လော ဟူသည့် မိမိတို့၏ ရွေးချယ်မှုနှင့်သာ သက်ဆိုင်ပါသည်။ ဤနေရာတွင် အများပြည်သူသည် ၎င်းတို့အခြေချခဲ့သည့် နိုင်ငံ့အပေါ်တွင် ရွေးချယ်ပေးမှုနှင့် တာဝန်တစ်ရပ် ကျေပွန်ခဲ့ကြသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံတိုင်းသည် ပြည်သူလူထုနှင့် နိုင်ငံတော်အကျိုးအတွက် ပြည်သူလူထုမှ ဆန္ဒပေးရွေးချယ်ပေးခဲ့သည့် ကိုယ်စားလှယ်များသည် ပြည်သူပေးသည့် တာဝန်ကို နိုင်ငံတော်၏ အင်စတီကျူးရှင်းများတွင် ကျရောက်သည့်အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်ခွင့် ရရှိကြသည်။ ပြည်သူမှ ရွေးချယ် ပေးခဲ့ခြင်းကြောင့် ပြည်သူ့ကိုယ်စားလှယ်အမတ်များ၊ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။ ကိုယ်စားလှယ်အမတ်များ၊ အစိုးရခေါင်းဆောင်များသည် ပြည်သူ၏ ရွေးချယ်ပေးမှုနှင့် မျှတသည့် အကျိုးရလဒ် သို့မဟုတ် ပိုမိုသောအကျိုးရလဒ်ရရှိအောင် ကြိုးစားပေးမှုဖြင့် ပြန်လည်အကျိုးပြုပေးရန်လိုအပ်ပါသည်။ ပြည်သူသည် နှစ်ပေါင်း(၆၀)ကျော်ကြာ အထက်မှပေးအပ်သည့် ခိုင်းစေမှုအမျိုးမျိုးဖြင့် နေထိုင်လာခဲ့ရပါသည်။ ခိုင်းစေမှု အမျိုးမျိုးအောက်တွင် ရောက်ရှိသော်လည်း ခိုင်းစေချက်များ အားလုံးနီးပါး တာဝန်ကျေစွာ လောကဓံကို အံတုရင်း ဘ၀နိဂုံးချုပ်ကြရသည်။ ယနေ့ခေတ်သည် ယခင်စနစ်၏ ဆန့်ကျင်ဘက် စနစ်သစ်ဒီမိုကရေစီစနစ်ကို ကျင့်သုံး လာပြီဖြစ်သည်။ ပြည်သူများမှ ယုံကြည်အားကိုးမှုနှင့်အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နှင့် ပြည်သူဘ၀ တိုးတက်မြင့်မားရန်အတွက် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ပြီး တာဝန်များ ပြန်လည်ပေးအပ်သည့် ခေတ်စနစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရွေးချယ်ပေးမှုကဏ္ဍတွင် ပြည်သူများတာဝန်ကျေသကဲ့သို့ ကြိုးစားပေးမှုကဏ္ဍတွင် ပြည်သူ့ကိုယ်စားလှယ်များဘက်မှ တိုင်းပြည်နှင့်ပြည်သူများအပေါ် တာဝန်ကျေရန်လိုအပ်သည်။
ပြည်သူများမှ ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်များသည် အများအားဖြင့် ပြည်သူ့ကိုယ်စားလှယ် အမတ်များနှင့်သာ ပြည်သူပေးသည့်တာဝန်များကို လွှတ်တော်နှင့် လွှတ်တော်ပြင်ပတွင် ဆက်လက်တာဝန်ယူ ထမ်းဆောင်သွားသည့်သူများဖြစ်သည်။ အချို့သည် ပြည်သူ့ကိုယ်စားလှယ်အမတ်ကသာ နိုင်ငံတော်အစိုးရကို ထပ်ဆင့်ပြန်လည်ရွေးချယ်ပြီး တာဝန်များပေးအပ်လိုက်ခြင်းကြောင့် အစိုးရအနေဖြင့်သာ ဆက်လက်တာဝန် ထမ်းဆောင်သွားကြသည်။ ထို့ကြောင့်ပင် နိုင်ငံတော်အစိုးရကို ပြည်သူ့အစိုးရဟု ခေါ်ဝေါ်မှုများရှိလာခဲ့ရသည်။ စနစ်သစ်တစ်ခုကို ပြောင်းလဲကျင့်သုံးလာသည့်ယနေ့အချိန်တွင် ယခုလွှတ်တော်သည် ဒုတိယအကြိမ်လွှတ်တော် ဖြစ်ပါသည်။ ပထမအကြိမ်လွှတ်တော်သက်တမ်းကို ပြန်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံသည် ပြောင်းလဲတိုးတက်မှုများ ရှိခဲ့သော်လည်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ဆင်းရဲချမ်းသာကွာဟမှုနှုန်း မြင့်မားနေသေးသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ဒီမိုကရေစီ၏ အခြေခံမူများမှ တစ်ခုဖြစ်သည့် တရားဥပဒေစိုးမိုးရေးသည်လည်း ပြောဆိုသုံးနှုန်းမှု အဆင့်တွင်သာ ရှိနေခဲ့သည်။ မြန်မာနိုင်ငံတွင် ကျေးလက်နေလူတန်းစားသည် နိုင်ငံတစ်ခုလုံး၏ နေထိုင်မှု လူဦးရေ (၁၀၀)ရာခိုင်နှုန်းလျှင် (၇၀)ရာခိုင်နှုန်းရှိသည်ကို ၂၀၁၄ သန်းခေါင်စာရင်းအရ သိရှိရသည်။ ဤနေရာတွင် ဒီမိုကရေစီ၏ သဘောသဘာဝအရ များသည့်ဘက်ကို ပိုမိုဦးစားပေးရသည်ကို လူတိုင်းသိရှိပြီးဖြစ်သည်။ သို့သော် အခွင့်အလမ်းများ အားလုံးနီးပါးသည် ကျေးလက်နေလူတန်းစားများအတွက် အလှမ်းဝေးနေခဲ့ရသည်။ အခွင့်အရေးတွင် ကျေးလက်နေပြည်သူနှင့် မြို့ပြနေပြည်သူတို့ တန်းတူဆိုနိုင်သော်လည်း အခွင့်အလမ်းချင်း ကွာဟနေသည်ဟု ဆိုနိုင်သည်။ မြို့ပြနေပြည်သူများသည် ပညာတတ်များခြင်း၊ အစိုးရနှင့် အနီးကပ်ရှိနေခြင်း၊ ကိုယ်စားလှယ်အမတ်များနှင့် အချိန်မရွေး တွေ့ဆုံနိုင်ခြင်း၊ နိုင်ငံနှင့် ကမ္ဘာ၏ ပြောင်းလဲနေမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်းနှင့် အခြားအခြားသော အခွင့်အလမ်းများစွာ ရှိနေချိန်တွင် ကျေးလက်နေပြည်သူများသည် မည်သူသည် မိမိတို့၏ ကိုယ်စားလှယ်ဆိုသည်ကို သိရှိရန်ခက်ခဲနေသေးသည့် အဆင့်တွင်ရှိနေဆဲဖြစ်သည်။ ကျေးလက်နြေ ပည်သူများသည် မိမိတို့ဒေသလိုအပ်ချက်များ တင်ပြရန်အတွက် လိုအပ်သည့် အခြေခံအချက် အလက်များ ကောက်ယူနိုင်ရန် မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို မသိရှိခြင်း၊ အချက်အလက်များ ကောက်ယူထားမှုရှိသော်လည်း မည်သည့်နေရာ၊ မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်များထံသို့ တင်ပြရမည်ကို မသိခြင်းနှင့် လုပ်ထုံးလုပ်နည်း မသိရှိခြင်းကြောင့် အခွင့်အရေးများ ဆုံးရှုံးနေရသည်လည်းဖြစ်နိုင်သည်။ ဤသည်များကို ကျော်ဖြတ်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပညာပေးအဖွဲ့များမှ ကွင်းဆင်းအသိပညာပေးသွားရန်လိုအပ်ပါသည်။ ပြည်သူနှင့်တစ်သားတည်းရှိနေသည့် လွှတ်တော်အမတ်များမှ သာလျှင် ကျေးလက်နေပြည်သူများမှ သော်လည်းကောင်း၊ မြို့ပြနေပြည်သူများမှ သော်လည်းကောင်း ရင်းနှီးမှုရှိနေကြသည်။ ပြည်သူနှင့် ပြည်သူ့ကိုယ်စားလှယ်များ မကြာခဏတွေ့ဆုံနိုင်မှ မည်သည့်နေရာတွင် မည်သည့်အရာလိုအပ်နေသည်ကို သိရှိနိုင်မည်ဖြစ်သည်။ ပြည်သူများသည် ၎င်းတို့၏ ရပ်ရွာ၊ ဒေသ၊ မြို့နယ်၊ ပြည်နယ်များ အစရှိသည်တို့ တိုးတက်ဖွံ့ဖြိုးလိုခြင်း၊ ပြည်သူ့ လူနေမှုဘ၀နှင့် စားဝတ်နေရေး ပြေလည်စေလိုခြင်းနှင့် အခြားသော အခြေခံလိုအပ်ချက်များကို လိုလားတောင့်တ နေကြမည်မှာ အမှန်ပင်ဖြစ်သည်။ အစိုးရအနေနှင့် သက်ဆိုင်ရာ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပြည်သူအတွက် စိတ်ရင်းစေတနာနှင့် မှန်ကန်မျှတစွာ ဆောင်ရွက်ပေးနိုင်မှသာ ပြည်သူ့အစိုးရဟု ဆက်လက် ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ပြည်သူများသည် ဒီမိုကရေစီ၏ အခြေခံစံနှုန်းဖြစ်သည့် မဲပေးခြင်းတွင် အသဲကြားမှ မဲတစ်ပြားကို ပြည်သူ့ကိုယ်စားလှယ်များသို့ ပေးအပ်ထားပြီးဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်များသည်လည်း ပြည်သူ၏တာဝန်ပေးအပ်ချက်များအရ နိုင်ငံတော်ကို စီမံအုပ်ချုပ်ရန်အတွက် အစိုးရကို ရွေးချယ်ပေးပြီးဖြစ်သည်။ ဒီမိုကရေစီသည် အခြေခံတွင်ပြည်သူများဖြစ်သောကြောင့် ပြည်သူများပါဝင်ရန်လည်းလိုအပ်ပါသည်။ ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရန် အစိုးရအနေနှင့် သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် သော်လည်းကောင်း တိုင်းပြည်နှင့် ပြည်သူများအတွက် ကြိုးစားဆောင်ရွက် ပေးနိုင်မှသာ “ လွှတ်တော်အသံပြည်သူ့အသံ၊ နိုင်ငံတော်အစိုးရ ပြည်သူ့အစိုးရ ” ဟု ခေါ်တွင်နိုင်မည်ဖြစ်သည်။ ပြည်သူနှင့် ပြည်သူ့ကိုယ်စားလှယ်၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပြည်သူ့အစိုးရများတွင် ရွေးချယ်ပေးမှုနှင့် ကြိုးစားပေးမှု  ညီစေလိုပါကြောင်း တင်ပြလိုက်ပါသည်။

ခွန်ဗန်ထို၊ စမ်းဖက်ရွေ၊ ခွန်ဖြားဗွာခမ်း

Powered by Blogger.